Healthy Life Ad
Health Tips

စိတ်ဓာတ်ညှင်းပန်းနှိပ်စက်ခံရသော ကလေး

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

နယူးဇီလန်နိုင်ငံ ရောဒ်နီစိတ်ကျန်းမာရေးဌာနမှာ စာရေးသူ တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကလေးသူငယ်တွေကို ရိုက်နှက်ခြင်းဥပဒေ (corporeal Punishment Law) တစ်ခုပြဋ္ဌာန်းလိုက်တာ ရှိပါတယ်။ ဘယ်သူမဆို ကလေးသူငယ်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမရင် အဲဒီဥပဒေအရ ရာဇဝတ်မှုကျူးလွန်ရာ ရောက်တယ်။ ဒါကြောင့် ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အပြန်အလှန် ရေးသားဖော်ပြ အငြင်းပွားမှု ရှိနေတယ်။ ကိုယ့်သားသမီးကို လိမ္မာစေချင်လို့ ဆုံးမတာ ဘာကြောင့် အပြစ်ရှိသလဲဆိုတဲ့ စိန်ခေါ်သံတွေလည်း ရှိပါတယ်။ ဒီတော့ စိတ်ကျန်းမာရေးဝန်ဆောင်မှုအသင်း အပတ်စဉ် ပညာပေးနှီးနှောဖလှယ်ပွဲမှာ ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်းအကြောင်းကို ဆွေးနွေးကြပါတယ်။

စာရေးသူက ရှေးဦးစွာ ကြမ်းခင်းဆွေးနွေးပါတယ်။

“ကလေးသူငယ် ညှင်းပန်းနှိပ်စက်ခြင်းလို့ ခေါ်ဆိုနိုင်တဲ့ လုပ်ရပ် (၄) မျိုး ရှိပါတယ်။ (၁) အကြမ်းဖက် ရိုက်နှက်ညှင်းပန်းခြင်း (Physical Abuse)၊ (၂) လိင်မတော်မတရားပြုကျင့်ခြင်း (Sexual Abuse) (၃) နေ့စဉ်လိုအပ်ချက်တွေကို လျစ်လျူရှုထားခြင်း (Neglect)နဲ့ (၄) စိတ်ဓာတ်ညှင်းပန်းနှိပ်စက်ခြင်း (Emotional Abuse) တို့ ဖြစ်ပါတယ်”

စာရေးသူစကားဆုံးတော့ စိတ်ကျန်းမာရေးသူနာပြုနန်စီက ကြားဖြတ်မေးမြန်းတယ်။

“ကျွန်မသမီးက ကျွန်မပြောစကား နားမထောင်လို့ တစ်ခါတစ်ရံ တင်ပါးကို လက်ဝါးနဲ့ ရိုက်မိတာက အပြစ်ရှိလို့လား၊ အကြမ်းဖက်ရိုက်နှက်ပြီး ညှင်းပန်းနှိပ်စက်တယ်လို့ ခေါ်ဆိုနိုင်ပါ့မလား”

“မှန်ပါတယ်။ အဲဒီလို အပြုအမူမျိုးလောက်ကို ညှင်းပန်းနှိပ်စက်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ မကြာခင်က ဒီနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့တော့ ညိစွန်းနိုင်ပါတယ်။ ဒါကြောင့် ကလေးသူငယ် နှိပ်စက်ညှင်းပန်းခြင်း အမျိုးမျိုးရဲ့ အကြမ်းဖျင်းအဓိပ္ပာယ်ကို သိရှိထားသင့်ပါတယ်”

“ရှင်းပြပါ”

“ကလေးသူငယ် အနာတရဒဏ်ရာရရှိအောင် ရိုက်နှက်တာ၊ ရောဂါရရှိအောင် တမင်သက်သက် လုပ်ကိုင်ဖန်တီးပေးတာ၊ (ဥပမာ-ကလေးမတည့်တဲ့ အစာကို ကျွေးတာ၊ ဝမ်းနုတ်ဆေးပြင်းပြင်း တိုက်ကျွေးတာ) စတဲ့ အပြုအမူတွေ အမြဲလိုလို ရှိနေရင် အကြမ်းဖက် ရိုက်နှက်ညှင်းပန်းခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ လိင်မတော်မတရား ပြုကျင့်ညှင်းပန်းနှိပ်စက်ခြင်းမှာတော့ အနည်းငယ်ဆိုတာ မရှိပါဘူး။ ကလေးသူငယ်ကို မတော်မတရား ပြသနောက်ပြောင်ခြင်း၊ ထိတွေ့ကိုင်တွယ်စေခြင်း၊ အပြာဓာတ်ပုံ ဗီဒီယိုကို ကြည့်ရှုစေခြင်းကအစ ကိုယ်ထိလက်ရောက် အဓမ္မပြုကျင့်တဲ့အထိ ပါဝင်ပါတယ်။ ကလေးသူငယ်ရဲ့ စားဝတ်နေရေး သဘာဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခြင်း၊ လျစ်လျူရှုခြင်းကလည်း ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုး ဖြစ်ပါတယ်” လူမှုရေးအရာရှိစင်ဒီက စောဒကတက်ပါတယ်။

“မိဘက ငွေရေးကြေးရေးအဆင်မပြေလို့ ထမင်းဝအောင်မကျွေးနိုင်ရင်၊ အနွေးထည်ဝယ်မပေးနိုင်ရင် ညှင်းပန်းနှိပ်စက်တယ်လို့ ပြောလို့ရပါ့မလား ဒေါက်တာအုန်း”

“အဲဒီလိုသဘော မဟုတ်ပါဘူး။ မိဘက တတ်နိုင်ပေမယ့် ကလေးသူငယ်ကို ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုထားခြင်း၊ ငြင်းပယ်ထားခြင်းမျိုးကို ပြောတာပါ။ အဲဒီလို အပြုအမူကြောင့် ကလေးသူငယ်မှာ အာဟာရချို့တဲ့ခြင်း၊ ဖွံ့ဖြိုးကြီးထွားမှုနှေးကွေးခြင်း၊ ပညာမသင်ရခြင်း စတဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်”

“ဖိစီးမှုဒဏ်ခံရရင် ဖြစ်ပွားတတ်တဲ့ စိတ်ရောဂါမျိုး ဖြစ်ပါတယ်။ ဥပမာ-စိုးရိမ်စိတ်လွန်ကဲရောဂါ၊ စိတ်ကျရောဂါ၊ ဘေးဒုက္ခကြုံတွေ့ပြီးဖြစ် ဖိစီးမှုရောဂါ (PTSD)တို့ ဖြစ်တယ်။ အဲဒီလို ကလေးသူငယ်တွေထဲမှာ အန္တရာယ်မကင်းတဲ့ အပြုအမူတွေကို တဇွတ်ထိုးလုပ်တတ်ခြင်း၊ မိမိကိုယ်မိမိ ဒဏ်ရာရအောင်လုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ဆယ်ကျော်သက်အရွယ်မှာ မဆင်မခြင် လိင်ဆက်ဆံမှုရှိခြင်း စသဖြင့်ပေါ့။”

အလုပ်သင်ဆရာဝန် ဒေါက်တာအေဒမ်က ကြားဖြတ်မေးမြန်းတယ်။

“အခုဆွေးနွေးခဲ့တဲ့ ညှင်းပန်းနှိပ်စက်ခြင်းမျိုးတွေရဲ့ဒဏ်ကို ခံစားရရင် ကလေးသူငယ်မှာ စိတ်ဖိစီးမှုခံစားရတယ် မဟုတ်လား။ အဲဒါကို “စိတ်ဓာတ်ညှင်းပန်းနှိပ်စက်ခြင်း”( Emotional Abuse) လို့ ခေါ်တာလား”

“ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးရှိရင် တခြားနှိပ်စက်ခြင်းလည်း ပူးတွဲပါရှိနိုင်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်ရိုက်နှက်တာ မရှိဘဲနဲ့၊ လိင်ကျူးလွန်စော်ကားတာ မရှိဘဲနဲ့ သဘာဝလိုအပ်ချက်တွေကို ငြင်းပယ်လျစ်လျူရှုတာ မရှိပေမယ့် စိတ်ဓာတ်ညှင်းပန်းနှိပ်စက်တဲ့ အပြုအမူတွေ ရှိနိုင်ပါတယ်။ မိဘအုပ်ထိန်းသူက သားသမီးကို ဆက်ဆံတဲ့အခါ စိတ်ဓာတ်ညှင်းပန်းနှိပ်စက်ခြင်း သက်ရောက်တဲ့ အပြုအမူ ၅ မျိုး ရှိပါတယ်။

(က) လက်မခံငြင်းဆန်ခြင်း(Rejection) – သားသမီးပြောသမျှ ပြုလုပ်သမျှကို မိဘအုပ်ထိန်းသူက ပြစ်တင်ဝေဖန်ခြင်း၊ ပျက်ရယ်ပြုခြင်း၊ ရှုံ့ချခြင်း၊ ဆန့်ကျင်ပြောဆိုခြင်း၊ လူရှေ့သူရှေ့မှာ အရှက်ရစေခြင်း စတဲ့ ဆက်ဆံပြောဆိုမှုမျိုး။

(ခ) ကြောက်ရွံ့ထိတ်လန့်စိတ် ပေါ်ပေါက်စေခြင်း (Terrorising)-မိဘအုပ်ထိန်းသူက သားသမီးကြောက်ရွံ့ထိတ်လန့်အောင် အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်း။ (ဥပမာ-အမှောင်ခန်းထဲမှာ ပိတ်လှောင်ထားခြင်း)။ အပြစ်ဒဏ်နဲ့ ခြိမ်းခြောက်ပြောဆို ဆုံးမခြင်းမျိုး။

(ဂ) အပေါင်းအသင်းမရှိအောင် ချုပ်ချယ်တားမြစ်ခြင်း (Isolation)- တခြားရွယ်တူကလေးတွေနဲ့ အတူတကွ ကစားခွင့်မပေးခြင်း၊ တားမြစ်ချုပ်ချယ်ခြင်း၊ အပေါင်းအသင်းမရှိအောင် ဟန့်တားထားခြင်းမျိုး။

(ဃ)အသိအမှတ်မပြု လျစ်လျူရှုခြင်း (Ignoring) – မိဘက သားသမီးကို ဂရုတစိုက် ချစ်ခင်ယုယမှု မရှိခြင်း၊ မိဘမေတ္တာကို ထုတ်ဖော်ပြောဆို ပြသမှုမရှိခြင်း၊ ကလေးရဲ့ အပြုအမူက ကောင်းကောင်း၊ ဆိုးဆိုး အသိအမှတ်ပြုခြင်း၊ ချီးကျူးပြောဆိုခြင်း၊ ပြုပြင်ပေးခြင်း စတဲ့ တုံ့ပြန်မှုကို မပြခြင်း၊ အေးစက်စက် ဆက်ဆံခြင်း။

(င) စာရိတ္တဖျက်ဆီးခြင်း (Corruption)-စည်းကမ်းချိုးဖောက်အောင်၊ အကျင့်စာရိတ္တပျက်ပြားအောင်၊ ရက်စက်ကြမ်းကြုတတ်အောင်၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး သုံးစွဲတတ်အောင် မကောင်းမှုအမျိုးမျိုးကို အားပေးခြင်း၊ အကျင့်ဆိုးတွေကို ပြုပြင်ပေးရမယ့်အစား အားပေးအားမြှောက် ပြုခြင်းမျိုးတွေပါ။ မိဘအုပ်ထိန်းသူက အဲဒီလို ပြုစုပျိုးထောင်မှုပုံစံတွေနဲ့ အမြဲလိုလို ဆက်ဆံခြင်းရှိရင် ကလေးကို စိတ်ဓာတ်ညှင်းပန်း နှိပ်စက်ခြင်းလို့ ယူဆပါတယ်”

လူမှုရေးအရာရှိစင်ဒီက စူးစမ်းမေးမြန်းပါတယ်။

“လူထုထဲမှာ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှု ဖြစ်ပွားနှုန်းကို သိချင်ပါတယ်”

“ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုကို ကမ္ဘာတစ်ဝှမ်းမှာ တွေ့ရှိရပါတယ်။ တစ်နှစ်အတွင်း ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနှုန်းက နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူပါဘူး။ အားလုံးခြုံပြီးပြောရရင် စိတ်ဓာတ်ညှင်းပန်းနှိပ်စက်မှု ဖြစ်ပွားနှုန်းက ၉ မှ ၁၄ ရာခိုင်နှုန်း၊ အကြမ်းဖက် ရိုက်နှက်ညှင်းပန်းခြင်းက ၅ မှ ၁၈ ရာခိုင်နှုန်း၊ နေ့စဉ်လိုအပ်ချက်ကို လျစ်လျူရှုထားပြီး ညှင်းပန်းနှိပ်စက်ခြင်းက ၂ မှ ၄ ရာခိုင်နှုန်းနဲ့ လိင်မတော်မတရား ပြုကျင့်ခြင်းက ၅ မှ ၁၂ ရာခိုင်နှုန်း အသီးသီးရှိပါတယ်”

သူနာပြုနန်စီက လက်တွေ့ကျတဲ့ မေးခွန်းတစ်ခုကို မေးမြန်းပါတယ်။

“ကျွန်မတို့ ကြည့်ရှုကုသပေးနေရတဲ့ ကလေးတွေထဲမှာ စိတ်ဓာတ်ညှင်းပန်းနှိပ်စက်ခံရတာ ရှိ၊ မရှိ ဘယ်လိုခန့်မှန်း သိရှိနိုင်သလဲ”

“အတိအကျပြောနိုင်တဲ့ လက္ခဏာ မရှိပါဘူး။ ဒါပေမဲ့ အရိပ်နမိတ်ပြလက္ခဏာတွေတော့ ရှိပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့တဲ့ အထောက်အထား၊ မိသားစုထဲမှာရှိတဲ့ တခြားကလေးတွေနဲ့ ခွဲခြားဆက်ဆံခြင်းခံရတဲ့ အမှတ်အသား ဥပမာ ဝတ်စားဆင်ယင်ပုံ ကွဲပြားခြင်း၊ စားသောက်နေထိုင်ရတဲ့ အဆင့်အတန်းက နိမ့်ကျခြင်း၊ မိဘအုပ်ထိန်းသူက တခြားသူတွေရှေ့မှာ ကလေးကို အလွယ်တကူ ပြစ်တင်ဝေဖန်ခြင်း၊ ပျက်ရယ်ပြုခြင်း စတာတွေ ဖြစ်ပါတယ်”

“စိတ်ဓာတ်ညှင်းပန်းနှိပ်စက်ခံရတဲ့ ကလေးတွေထဲမှာ ဘယ်လိုစိတ်ရောဂါမျိုး ဖြစ်ပွားတတ်သလဲ”

“ပထမအချက်က အပြုအမူ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းမှု ဖြစ်ပါတယ်။ တချို့ကလေးတွေမှာ သိမ်ငယ်စိတ်များခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်း၊ စိုးရိမ်လွယ် စိတ်ကျလွယ်ရှိခြင်းတို့ကို တွေ့ရှိနိုင်တယ်။ စာရိတ္တဖျက်ဆီးခြင်းနဲ့ အကြမ်းဖက်ရိုက်နှက်ခြင်း ခံရတဲ့ ကလေးသူငယ်တွေထဲမှာတော့ ဆိုးသွမ်းလူငယ်ဖြစ်လာတာ များမယ်။ဒုတိယအချက်က ဖိစီးမှုဒဏ်ခံရရင် ဖြစ်ပွားတတ်တဲ့ စိတ်ရောဂါမျိုး ဖြစ်ပါတယ်။ ဥပမာ-စိုးရိမ် စိတ်လွန်ကဲရောဂါ၊ စိတ်ကျရောဂါ၊ ဘေးဒုက္ခကြုံတွေ့ပြီးဖြစ် ဖိစီးမှုရောဂါ (PTSD)တို့ ဖြစ်တယ်။ အဲဒီလို ကလေးသူငယ်တွေထဲမှာ အန္တရာယ်မကင်းတဲ့ အပြုအ မူတွေကို တဇွတ်ထိုးလုပ်တတ်ခြင်း၊ မိမိကိုယ်မိမိ ဒဏ်ရာရအောင်လုပ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း၊ ဆယ်ကျော်သက်အရွယ်မှာ မဆင်မခြင် လိင်ဆက်ဆံမှုရှိခြင်း စသဖြင့်ပေါ့။ တတိယအချက်ကတော့ စိတ်ဓာတ်ညှင်းပန်းနှိပ်စက်တာ ခံရခြင်းက အဓိကအကြောင်းရင်းဖြစ်တဲ့ ရောဂါနှစ်မျိုး ဖြစ်ပါတယ်”

“ပြောပြပါ ဒေါက်တာအုန်း”

“ခင်မင်တွယ်တာမှု ချို့တဲ့ရောဂါ (Reactive Attachment Disorder)နဲ့ သူစိမ်းတရံဆံကို ဖော်ရွေလွန်းရောဂါ (Disinhibited Social Engagement Disorder)တို့ ဖြစ်ပါတယ်။ အဲဒီရောဂါတွေက လူထုအတွင်း ကလေးသူငယ်တစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပွားတတ်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ညှင်းပန်းနှိပ်စက်ခြင်းခံရတဲ့ ကလေးသူငယ်တွေထဲမှာတော့ ရောဂါဖြစ်ပွားမှုနှုန်းက ၂၀ ရာခိုင်နှုန်းအထိ ရှိပါတယ်”

ဘွဲ့လွန်သင်တန်းသား ဒေါက်တာဂျိုးဇက်က ကြားဖြတ်မှတ်ချက်ချပါတယ်။

“မေတ္တာငတ်လို့ ဖြစ်ပွားတဲ့ စိတ်ရောဂါပေါ့”

“ဒေါက်တာဂျိုးဇက်က အဲဒီလို လူနာမျိုးကို တွေ့ဖူးလို့လား”

“ကျွန်တော်ကလေးသူငယ် စိတ်ကျန်းမာရေးဋ္ဌာနမှာ သင်တန်းတာဝန်ကျတုန်းက တွေ့ကြုံဖူးတာပါ”

“အဲဒါဆိုရင် အတော်ပဲ၊ နောက်တစ်ပတ် ပညာပေးဆွေးနွေးပွဲမှာ အဲဒီလူနာအကြောင်းကို ဆွေးနွေးကြမယ်။ ဒေါက်တာဂျိုးဆက် ဘယ်လိုသဘောရလဲ”

“အိုကေပါ ခင်ဗျ”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top