Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ကိုယ်ဝန်ဆောင်ချိန် ခါးမနာအောင် ဘယ်လို ဂရုစိုက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးအနေအထားက တစ်မျိုး ပြောင်းသွားတယ်၊ ပြီးတော့ ကိုယ်ဝန်နဲ့ဆိုတဲ့အတွက် အလေးချိန်တစ်ခုကို အမြဲမနေရသလို ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာတတ်ပါတယ်။ ဒီအချိန်မှာ ခါးနာရင် ကိုယ်ဝန်ဆောင်မှုအတွက်ပဲ ခါးနာတာပါ။ တခြားအကြောင်းကြောင့် ခါးနာတာ သိပ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ရှိရင်တော့ ခါးကို ဂရုစိုက်ဖို့ လိုပါတယ်။

အလေးအပင်တွေ တတ်နိုင်သမျှ မ,မရပါဘူး။ အကြာကြီးထိုင်တာ၊ အကြာကြီး လမ်းလျှောက်တာ၊ အကြာကြီးလှဲလျောင်းတာတွေကို ရှောင်ပေးရပါမယ်။ ဣရိယာပုတ် မျှမျှတတဖြစ်အောင် နေပေးရပါမယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ခါးမနာအောင် ဘယ်လို အိပ်စက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်တာက ဘေးစောင်းပဲ အိပ်စေချင်ပါတယ်။ ဘယ်ဘက်စောင်းအိပ်တာပဲ ဖြစ်ဖြစ်၊ ညာဘက်စောင်းအိပ်တာပဲဖြစ်ဖြစ် ဘေးတစောင်းပဲ အိပ်စေချင်ပါတယ်။ ဒီလို အိပ်စက်အနားယူတာက ကိုယ်ဝန်ဆောင်သည်အတွက် အဆင်အပြေဆုံး အနေအထားပါ။ ပက်လက်ကြီး အိပ်တယ်ဆိုရင်လည်း သိပ်အဆင်မပြေပါဘူး။ မှောက်ရက်ကတော့ အိပ်လို့ မရပါဘူး။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန် ခါးနာရင် ဆေးဝါးတွေ မှီဝဲလို့ ရပါသလား ဆရာ။
ဖြေ။ ။အကြမ်းအားဖြင့် ပြောရရင် ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာရှိရှိနေဖို့က အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ဆေးတွေပေးလေ့တော့ သိပ်မရှိပါဘူး။ ကလေးကို ထိခိုက်မလားစိုးရိမ်ပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်တွေမှာ ဆေးအတော်များများကို ရှောင်ခိုင်းပါတယ်။ သိပ်ဆိုးဆိုးရွားရွားနာတယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တချို့ဆေးတွေပေးလေ့ရှိပါတယ်။ အကြာကြီးပေးတာမျိုးတော့ မဟုတ်ပါဘူး။ ကလေးဆီကို သွားပေမယ့် သိပ်အများကြီး သွားတာမျိုး မဟုတ်တဲ့ ဆေးမျိုး၊ နို့တိုက်ချိန်မှာလည်း သောက်နိုင်တဲ့ဆေး မျိုးရှိပါတယ်။

‘အလေးအပင်တွေ တတ်နိုင်သမျှ မ,မရပါဘူး။ အကြာကြီးထိုင်တာအကြာကြီး လမ်းလျှောက်တာ၊ အကြာကြီး လှဲလျောင်းတာတွေကို
ရှောင်ပေးရပါမယ် …’

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top