Healthy Life Ad
Health Tips

ဆွဲဆောင်မှုရှိသော မီဂန်ဖောက်စ်၏ အလှအပလျှို့ဝှက်ချက်

၊ လရိပ်မေ ၊

မီဂန်ဖောက်စ်ရဲ့အလှတရားနဲ့ ဆွဲဆောင်မှုရှိတဲ့ ညှို့ငင်အားကို အားမကျတဲ့ အမျိုးသမီးရယ်လို့ ခပ်ရှားရှားပါ။ မီဂန်ဖောက်စ်က ထိပ်တန်းဟောလိဝုဒ် အနုပညာရှင်တစ်ဦးဖြစ်သလို သူ့မျက်နှာရဲ့ တောက်ပမှု၊ မျက်ဝန်းတွေရဲ့ ဆွဲငင်အားနဲ့ ကျော့ရှင်းတဲ့ ဆံနွယ်တွေကြောင့် တမူထူးခြားတဲ့ အလှပိုင်ရှင်ရယ်လို့ နာမည်ကြီးတာပါ။ လမ်းလျှောက်တဲ့အခါ ကြော့မော့ပြီး ချစ်စရာကောင်းတဲ့ နှုတ်ခမ်းစူစူပိုင်ဆိုင်တဲ့ မီဂန်ဖောက်စ်မှာ အလှအပ လျှို့ဝှက်ချက်တွေတော့ ရှိနေပါတယ်။

(၁) နည်းလေ ကောင်းလေ
မီဂန်ဖောက်စ် လှပရတဲ့ အကြောင်းရင်းတစ်ခုက မိတ်ကပ်လိမ်းတဲ့အခါ နည်းလေ၊ ကောင်းလေဆိုတဲ့ သဘောတရားကိုကျင့်ကြံလို့ပါပဲ။ မိတ်ကပ်လိမ်းတိုင်း အနည်းဆုံး ခပ်ပါးပါးလိမ်းလေ့ရှိပေမယ့် အသားအရေ ထိန်းသိမ်းရာမှာတော့ ထိရောက်မှုရှိစေဖို့ စနစ်တကျလုပ်ဆောင်သူလည်းဖြစ်ပါတယ်။ ဘယ်တော့မဆို မျက်နှာသန့်စင်တာနဲ့ အစိုဓာတ်ထိန်းတာကို ထိထိရောက်ရောက် လုပ်ဆောင်ပါတယ်။

(၂) ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းခြင်း
မီဂန်ဖောက်စ်က ရေထဲမှာ နာရီအကြာကြီး စိမ်ပြီးချိုးရတာကို သဘောမကျပါဘူး။ ရေချိုးပြီးတဲ့အခါ သဘာဝအဆီတစ်မျိုးကို အစိုဓာတ်ထိန်းတဲ့သဘောမျိုး လိမ်းလေ့ရှိပါတယ်။ သူက စပျစ်စေ့ဆီကိုသုံးပြီး အရေပြားစိုပြည်အောင် လုပ်ဆောင်လေ့ရှိသူပါ။ စပျစ်စေ့ဆီက သံလွင်ဆီထက် အသားအရေကို ပိုကြည်လင်တောက်ပစေပြီး ပိုချောမွေ့လှပစေတယ်လို့ သူက ယုံကြည်ထားပါတယ်။

(၃) နေကာခရင်မ် ရွေးချယ်သုံးခြင်း
နေကာခရင်မ်ဆိုတိုင်း မလိမ်းတဲ့သူထဲ မီဂန်ဖောက်စ်လည်း ပါဝင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရေပြားက တချို့နေကာခရင်မ်နဲ့ ဓာတ်မတည့်မှု ဖြစ်လို့ပါတဲ့။ ဒါကြောင့် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် La Roche ဆိုတဲ့ နေကာနိုင်စွမ်း အဆ ၃၀ပါတဲ့ နေကာခရင်မ်ကိုပဲ ရွေးချယ်လိမ်းလေ့ရှိပါတယ်။

(၄) မျက်ဝန်းအလှထိန်းသိမ်းမှု
ကြောင်မျက်ဝန်းနဲ့တူတဲ့ သူ့မျက်ဝန်းအလှကို ထိန်းသိမ်းဖို့ မီဂန်က သေချာဂရုစိုက်သူပါ။ ဗီတာမင်စီ မျက်ဝန်းခရင်မ်ကို တစ်နေ့ ၃-၄ကြိမ် လိမ်းပါတယ်။ အထူးသဖြင့် မျက်နှာသစ်ပြီးတာနဲ့ မျက်ဝန်းခရင်မ်ကို ပုံမှန်လိမ်းလေ့ရှိသူပါ။

(၅) တစ်ပတ်တစ်ကြိမ် ပေါင်းတင်ခြင်း
မျက်နှာအသားအရေ လေဝင်လေထွက်ကောင်းပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေဖို့ မီဂန်က မျက်နှာကို တစ်ပတ်တစ်ခါ ပေါင်းတင်လေ့ရှိပါတယ်။ မျက်နှာကို ပုံမှန်ပေါင်းတင်ဖို့ အချိန်မရှိတဲ့အတွက် တစ်ပတ်တစ်ကြိမ် ပေါင်းတင်တဲ့နည်းကို ရွေးချယ်ရတာဖြစ်တယ်လို့ မီဂန်က ဆိုပါတယ်။

(၆) ရေများများ သောက်ခြင်း
မီဂန်ရဲ့ အလှအပလျှို့ဝှက်ချက်တစ်ခုက ရေသောက်ရတာကို သဘောကျတာပဲဖြစ်ပါတယ်။ အသားအရေထဲ ရေဓာတ်အလုံအလောက် ရောက်ရှိစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကင်းစင်စေဖို့ ရေကအရေးကြီးပါတယ်။ တစ်နေ့မှာ ရေ ၁၀-၁၂ ဖန်ခွက်သောက်လေ့ရှိတဲ့အတွက် သူ့အသားအရေ အပြစ်အနာအဆာကင်းပြီး ချောမွေ့နေတာဖြစ်တယ်လို့ မီဂန်ကဆိုပါတယ်။

(၇) လုံလောက်စွာ အိပ်စက်အနားယူခြင်း
မီဂန်အတွက် လုံလောက်တဲ့ အနားယူမှုနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျမှုတွေလိုအပ်ပြီး အဲဒီလိုလုံလောက်တဲ့ အိပ်စက်အနားယူမှုရှိတာက သူ့အသားအရေကို ကြည်လင်လန်းဆန်းစေတယ်၊ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာကိုကင်းပြီး မျက်ဝန်းတစ်ဝိုက် လန်းဆန်းကြည်လင်နေတယ်လို့ ယုံကြည်ထားပါတယ်။

(၈) တစ်ခါတစ်ရံ ဖောင်ဒေးရှင်းခရင်မ် လိမ်းရန်မေ့သွားခြင်း
မီဂန်လိုပဲ မိန်းကလေးအများစုက တစ်ခါတလေဖောင်ဒေးရှင်းခရင်မ်လိမ်းဖို့ မေ့ကောင်းမေ့နိုင်ပါတယ်။ အဲဒီလို မေ့လျော့သွားတာက အသားအရေကို လေဝင်လေထွက်ကောင်းစေပြီး ချွေးပေါက်ပိတ်တာကို ပွင့်သွားစေပါတယ်။ ဒီနည်းက မျက်နှာကို သဘာဝကျကျ လှပစေတဲ့နည်းလည်းဖြစ်ပါတယ်။
(Ref;SL)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top