Healthy Life Ad
Life Style

ပိန်ခြင်းနှင့် အမျိုးသမီး ကျန်းမာရေး

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

မေး. ပိန်လွန်းရင် အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းနဲ့ ကျန်းမာရေးအပေါ် ဘယ်လိုထိခိုက်မှုတွေ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်အလေးချိန်က ရာသီစက်ဝန်းနဲ့ဆိုင်ပါတယ်။ သိပ်ပိန်ရင်၊ သိပ်ဝရင် ရာသီစက်ဝန်းက မမှန်တော့ဘူး၊ သိပ်ပိန်တဲ့ မိန်းကလေးတွေက ရာသီမလာတာ၊ ရာသီမမှန်တာ ဖြစ်တတ်ပါတယ်။ ရာသီလာတာ မမှန်တာအပြင် အရိုးပါးတာ၊ အရိုးပွတာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်တတ်ပါတယ်။ ရောဂါပိုးတွေ ဝင်လွယ်တာလည်း ဖြစ်တတ်ပါတယ်။

မေး. ပိန်လွန်းတဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုရင်ကော ဘယ်လိုထိခိုက်မှုတွေ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. သိပ်ပိန်တဲ့ မိန်းကလေးတွေ အိမ်ထောင်ပြုလိုက်ရင် ကလေးရဖို့ ခက်ခဲတတ်ပါတယ်။ ရာသီမှန်မှန် မလာဘဲကိုး။ သားဥလေးတွေကလည်း မကြွေတဲ့အတွက် ကလေးရဖို့ခက်ခဲသွားပါတယ်။

မေး. ပိန်သွယ်တဲ့ မော်ဒယ်တွေကိုကြည့်ပြီး တချို့မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ပိန်အောင်လည်း လုပ်ကြတယ် . . အဲဒီရဲ့ အကျိုးဆက်က ဘာဖြစ်လာနိုင်ပါသလဲ ဆရာ။

ဖြေ. တချို့မိန်းကလေးတွေကျတော့ အလွန်အမင်း ပိန်ချင်လို့ဆိုပြီး အစားအသောက်ကို ကိုယ့်ဘာသာ ဖြတ်ပစ်လိုက်တာတို့၊ စားပြီးတော့မှ အန်အန်ထုတ်တာတို့၊ ပိန်ဆေးသောက်တာတို့လုပ်ပြီး အစွန်းရောက်သွားလို့ရှိရင် တဖြည်းဖြည်း ပိန်ချုံးချည့်နဲ့လာပြီး နောက်ဆုံး အသက်အန္တရာယ် ထိခိုက်တဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ပိန်လွန်းအားကြီးတော့ အာဟာရတွေချို့တဲ့ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရာက ကိုယ့်အသက်အန္တရာယ်ကိုပါ မိမိဘာသာ ရန်ရှာလာတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ပိန်လွန်းတာလည်း မကောင်းပါဘူး၊ ဝလွန်းတာလည်း မကောင်းပါဘူး။ ကိုယ့်အရပ်အမောင်းနဲ့ လိုက်ဖက်ညီတဲ့ ကိုယ်အလေးချိန်ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။

မေး. မိန်းကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ပိန်သလား၊ ပုံမှန်ကိုယ်အလေးချိန်ပဲလားဆိုတာ သိနိုင်အောင် ဘယ်လိုတိုင်းတာတဲ့နည်းက အကောင်းဆုံးဖြစ်မလဲဆရာ။

ဖြေ. အရွယ်ရောက်သူတွေအတွက် အကောင်းဆုံး ကိုယ်အလေးချိန် တွက်ချက်တဲ့နည်းကို ဆရာကြီး ဦးခင်မောင်ဝင်းက ဘယ်လိုတွက်ထားသလဲဆိုတော့ အရပ် ငါးပေနဲ့ စတင်သတ်မှတ်ထားပါတယ်။ အရပ် ငါးပေဆိုရင် အကောင်းဆုံးရှိသင့်တာက ကိုယ်အလေးချိန် ပေါင် ၁၀ဝ ဖြစ်တယ်၊ အရပ် တစ်လက်မတိုးသွားတိုင်း ကိုယ်အလေးချိန် ငါးပေါင်မြင့်တက်သွားရပါမယ်။ ဆိုလိုတာက အရပ် ငါးပေ လေးလက်မရှိတဲ့ မိန်းကလေးမှာ ကိုယ်အလေးချိန် ပေါင် ၁၂၀ ဆိုရင် အကောင်းဆုံးပဲလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top