Healthy Life Ad
Health Tips

သင့်အဆစ်ကို ကြင်နာပါ . . .

မီမိုး (ဆေးဝါးတက္ကသိုလ်)

လှေကားတက်တဲ့အခါ ဒူးဆစ်နာကျင်နေပါသလား။ အဆစ်တွေ ကျန်းမာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

– လှုပ်ရှားမှု လုပ်ပါ

တစ်ကိုယ်လုံးမှာ ရှိတဲ့ အဆစ်တွေ ကျန်းမာဖို့ဆိုရင် လှုပ်ရှားမှုက အရေးကြီးပါတယ်။ လှုပ်ရှားမှုကို မကြာခဏ လုပ်ဆောင်လေလေ၊ အဆစ်တောင့်တင်း နာကျင်မှုက လျော့ကျလေလေ ဖြစ်ပါတယ်။ အဆစ်တွေ နာကျင်မှု မဖြစ်စေဖို့ အနေအထား တစ်မျိုးတည်းမှာ မနေသင့်ပါဘူး။ ကွန်ပျူတာနဲ့ အလုပ်လုပ်ရသူဆိုရင် အနည်းဆုံး နာရီဝက်တစ်ခါ မတ်တတ်ရပ်ပြီး လမ်းထလျှောက်ပါ။

– သင့်တော်သည့် လေ့ကျင့်ခန်း လုပ်ဆောင်ပါ

စက်ဘီးစီးတာနဲ့ လမ်းလျှောက်တာတို့လို ခန္ဓာကိုယ်အပေါ် သက်ရောက်မှုအားနည်းတဲ့ လေ့ကျင့်ခန်းတွေက ပြေးတာနဲ့ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာတွေထက် အဆစ်တွေကို ပိုကျန်းမာစေပါတယ်။ ထိုက်ချိနဲ့ ယောဂကျင့်တာလို လေ့ကျင့်ခန်းတွေက အဆစ်တွေကို ကျန်းမာစေပါတယ်။

– ခန္ဓာကိုယ်ကို သွယ်လျအောင် ထိန်းပါ

ကိုယ်အလေးချိန်များတာက အဆစ်တွေပေါ် ဒဏ်သက်ရောက်မှုများတာကြောင့် အဆစ်တွေအတွက် မကောင်းပါဘူး။ ကိုယ်အလေးချိန် ရှိသင့်တာထက် တစ်ကီလိုပိုသွားတိုင်း ဒူးဆစ်တွေပေါ် ဒဏ်သက်ရောက်မှု နှစ်ဆ ပိုများစေနိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းနည်းလျော့ကျသွားရင်တောင် ဒူးဆစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

– အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါသည့် ငါး စားပါ

ငါးထဲမှာ ပါတဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်ဟာ ဒူးဆစ်နာကျင်တဲ့ ဝေဒနာလက္ခဏာတွေကို သက်သာစေရုံသာမက ရောင်ရမ်းမှုအဆင့်ကိုပါ လျော့ကျစေနိုင်ပါတယ်။ ငါးအဆီက ရောင်ရမ်းမှုအချက်ပြ ဆဲလ်ထွက်ရှိတာကို နှေးစေပါတယ်။ အဆီများတဲ့ ငါးတွေက ဆယ်လ်မွန်ငါးနဲ့ တူနာငါးတို့ ဖြစ်ပါတယ်။

– မှန်ကန်သော ကိုယ်နေဟန်ထိန်းပါ

ကိုယ်နေဟန်ကောင်းမွန်မှုက အဆစ်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။ ဥပမာပြောရရင် ပခုံးတစ်ဖက်တည်းပေါ်မှာ လေးလံလွန်းတဲ့ အိတ်သယ်ဆောင်တာကြောင့် ခန္ဓာကိုယ်ကို ပုံမမှန်လှုပ်ရှားမှု ဖြစ်စေပြီး ဒူးဆစ်နဲ့ တင်ပဆုံဆစ်တွေကို နာကျင်စေနိုင်ပါတယ်။

– ခြေထောက်တစ်ချောင်းပေါ် မတ်တတ်ရပ်ကြည့်ပါ

ခန္ဓာကိုယ်ဟန်ချက်ညီမျှစေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပါ။ ဥပမာ မျက်စိဖွင့်ပြီး ခြေထောက်တစ်ချောင်းပေါ် မတ်မတ်ရပ်ကာ ခန္ဓာကိုယ် ဟန်ချက်ညီမျှအောင် ထိန်းပါ။

– အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပါ

အဆစ်ရောင်နာ ဝေဒနာ ခံစားနေရချိန်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ သစ်သီးခြောက်နဲ့ ပဲသီး စတာတွေကို စားတာကြောင့် ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကို ရရှိစေပါတယ်။

(Ref; TOI)

Most Popular

Healthy Life Ad
To Top