Healthy Life Ad
Health Tips

ဆေးလိပ်သောက်တဲ့ အကျင့်ပြေပျောက်စေဖို့ အစားထိုးလုပ်သင့်တဲ့ အရာ . . .

ကိုမိုး

ပျင်းရိတာ၊ အိပ်ငိုက်တာ၊ စိတ်ညစ်တာနဲ့ ပင်ပန်းတာ စတာတွေက ဆေးလိပ်ကို မီးညှိဖြစ်ရတဲ့  အကြောင်းပြချက်တွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါတိုင်း သင့်အသက်ရှူလမ်းကြောင်းထဲမှာ အဆိပ်အတောက် ထောင်ပေါင်းများစွာ မြင့်တက်လာပြီး အဲဒီဓာတုပစ္စည်းတွေက နှလုံးရောဂါ၊ ကင်ဆာ၊ အဆုတ်ရောဂါနဲ့ တခြားရောဂါဝေဒနာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် အစားထိုးလုပ်သင့်တဲ့ အပြုအမူတွေကို အကြံပြုလိုက်ပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်း
လေ့ကျင့်ခန်းလုပ်ဆောင်တဲ့အခါ တစ်ကိုယ်လုံးသွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထွက်ရှိသွားစေပါတယ်။ သင့်အနေနဲ့ အိပ်ငိုက်ပြေအောင်၊ စိတ်ဖိစီးမှုပြေအောင်၊ အပျင်းပြေအောင်စတဲ့ အကြောင်းပြချက်တွေနဲ့ ဆေးလိပ်သောက်တတ်ရင် လေ့ကျင့်ခန်းလုပ်တဲ့နည်းနဲ့ ဖြေရှင်းသင့်ပါတယ်။

ရေများများ သောက်ခြင်း
ရေများများ သောက်လိုက်တဲ့အခါ ဆေးလိပ်သောက်တာကြောင့် ရလာတဲ့ သင့်ခန္ဓာကိုယ်ထဲက အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားနိုင်စေပါတယ်။ နေ့စဉ် ရေ ၈-၁၂ ဖန်ခွက်သောက်တဲ့နည်းနဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားပါ။

ဗီတာမင်စီ မှီဝဲခြင်း
ဆေးလိပ်သောက်တဲ့အခါ ခန္ဓာကိုယ်ထဲက ဗီတာမင်စီ အာဟာရဓာတ်လျော့ပါးသွားတတ်ပါတယ်။ ဗီတာမင်စီက အသားအရေကျန်းမာပြီး ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေတဲ့အပြင် နာမကျန်းမှုနဲ့ ကူးစက်ပိုးတွေကို ကင်းဝေးစေပါတယ်။ ဗီတာမင်စီပါဝင်မှုများတဲ့ အစာတွေက အချဉ်အရသာရှိတဲ့ သစ်သီးဝလံတွေ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ ကီဝီသီး၊ သင်္ဘောသီးနဲ့ ခရမ်းချဉ်သီးစတာတွေ ဖြစ်ကြပါတယ်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားခြင်း
ဆေးလိပ်သောက်တာကြောင့် လျှာအရသာခံ အဖုတွေကို အားနည်းသွားစေပါတယ်။ အဲဒီအချိန်မှာ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်သီးဟင်းရွက်တွေကို ကြိတ်ဝါးစားပေးလိုက်ရင် လျှာအရသာခံ အဖုတွေက ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။  သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားလေလေ ခံတွင်းနံ့ သင်းပျံ့လာလေလေ ဖြစ်ပြီး ဆေးလိပ်သောက်ချင်စိတ် လျော့နည်းသွားပါလိမ့်မယ်။

တရားထိုင်ခြင်း
စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးမှုများတာတို့ ဖြစ်နေရင်တောင် တရားထိုင်ပေးသင့်ပါတယ်။ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာတွေ ပြုလုပ်တဲ့အတွက် စီးကရက်နဲ့ ဆေးလိပ်ဆီ အာရုံစိုက်မှု ကင်းဝေးကာ ဆေးလိပ်သောက်ချင်စိတ် လျော့ပါးသွားပါလိမ့်မယ်။

အားလပ်ချိန်တွင် ဝါသနာသစ်လိုက်နာခြင်း
အားလပ်ချိန်မှာ ဝါသနာအသစ်ကို လိုက်နာတာကြောင့် ဆေးလိပ်သောက်ချင်စိတ် လျော့ပါးနေပါလိမ့်မယ်။ သင်က ဓာတ်ပုံရိုက်တာ ဝါသနာပါသူလား၊ တံဆိပ်ခေါင်းစုရတာ သဘောကျသူလား ဒါမှမဟုတ် တောင်တက်တာ စိတ်ဝင်စားသလား . . သင်ကြိုက်နှစ်သက်တဲ့ ဝါသနာကို လိုက်စားလိုက်ရင် စိတ်တည်ငြိမ်ပြီး စိတ်ကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။

Ref; HD

Most Popular

Healthy Life Ad
To Top