ပါမောက္ခဦးကိုကိုမောင်
မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး
မေး . ဘာကြောင့်သွားကျဲရပါသလဲ ဆရာ။
ဖြေ . ဒီအတိုင်းပုံမှန်ဆိုရင် သွားတွေကပုလဲလုံးလေးတွေ စီထားသလိုဖြစ်နေပါတယ်။ လူတိုင်းကလည်း အဲဒီလိုသွားလေးတွေစီပြီး ညီနေတာကိုတပ်မက်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်နေသလဲဆိုတော့ မေးရိုးကကြီးတယ်၊ ပေါက်လာတဲ့သွားက သေးတယ်ဆိုရင် မေးရိုးနဲ့သွားအချိုးအစားမညီတဲ့အခါမှာ သွားလေးတွေသေးနေတဲ့အတွက် သွားကျဲတတ်ပါတယ်။
နောက်တစ်ခုက သွားတွေကအကြီးကြီးတွေဖြစ်ပြီး မေးရိုးကသေးမယ်ဆိုရင် သွားတွေကထပ်ပြီး ပေါက်တတ်ပါတယ်။ ဒါက သဘာဝတရားက ဖြစ်လာတာပါ။
မေး . သွားကျဲတာက မျိုးရိုးလိုက်တာကြောင့်ကော ဖြစ်တတ်ပါသလားဆရာ။
ဖြေ . အဖေနဲ့အမေက သွားကြီးတဲ့သူနဲ့သွားသေးတဲ့သူ စုံမက်မိတာဖြစ်မယ် ဒါမှမဟုတ် မေးရိုးကြီးတဲ့သူနဲ့ မေးရိုးသေးတဲ့သူ စုံမက်မိတာဖြစ်မယ် . . အဲဒီအခါ မွေးလာတဲ့ကလေးက မေးရိုးသေးပြီး သွားကြီးတာဖြစ်လာတတ်သလို မေးရိုးကြီးပြီးသွားသေးလေးတွေ ပေါက်တာလည်းဖြစ်လာတတ်ပါတယ်။ အဲဒီမှာ မေးရိုးကြီးပြီးသွားသေးနေရင် သွားတွေကကျဲသလို ဖြစ်နေတတ်ပါတယ်။ ဒါက မျိုးရိုးအရဖြစ်မယ့်ဟာကို ပြောတာပါ။
ပုံမှန်ဆိုရင်တော့ သွားတွေကအကုန်ထိပြီး ညီနေပါတယ်။ သွားကျဲပြီဆိုရင်တော့ သွားကျဲတဲ့နေရာမှာ သွားနေရာလိုက်ပြီး ကျဲရတဲ့အကြောင်း အမျိုးမျိုးရှိပါတယ်။ ယုန်လေးတွေလို ရှေ့သွားနှစ်ချောင်းကြားမှာ ကျဲနေတယ်ဆိုရင် သွားတစ်ချောင်းနဲ့တစ်ချောင်းကြား အပိုရှိနေတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါသွားတွေက ဘယ်လိုမှမစေ့နိုင်ပါဘူး။ ဒါမှမဟုတ် နှုတ်ခမ်းနဲ့သွားဖုံးကြားမှာ အမျှင်လေးရှိတယ်၊ အဲဒီအမျှင်လေးက အထူကြီးဖြစ်နေရင်လည်း အဲဒီသွားတွေက ကျဲတတ်ပါတယ်။
သွားကျဲရတဲ့အကြောင်းတွေက အမျိုးမျိုးရှိတော့ ကိုယ်ဘာကြောင့် သွားကျဲနေတာလဲသိချင်ရင် သွားဆရာဝန်ကိုပြသပြီး သဘာဝတရားကြောင့် ဖြစ်တာလား၊ ဖြစ်ရမယ့်အကြောင်းတွေရှိလို့ ဖြစ်တာလားဆိုတာ တိုင်ပင်ဆွေးနွေးကုသသင့်ပါတယ်။
သွားကျဲတာကို တချို့လူတွေကတော့ လက်ခံထားပါတယ်။ ဥပမာ မက်ဒေါနားဆိုရင် သွားကျဲပေမယ့် အဲဒီသွားကျဲတာကပဲ သူ့အတွက်ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးကချစ်နေကြတာပါပဲ။
မေး . သွားကျဲတာကိုစေ့သွားအောင် ဘယ်လိုလုပ်လို့ရပါသလဲဆရာ။
ဖြေ. တချို့တွေကသွားကျဲရင် အိမ်မှာပိုက်ဆံမမြဲ ဘူး၊ လာဘ်လာဘပိတ်တယ် စတဲ့အယူတွေလည်း ရှိကြပါတယ်။ အဲဒီတော့သွားကို စေ့ချင်ကြပါတယ်။ သွားကိုစေ့သွားအောင် လုပ်လို့ရတဲ့နည်းတွေကလည်း မျိုးစုံရှိပါတယ်။
– ကျဲနေတဲ့သွားတွေကို ရွှေ့ပြီးစေ့သွားအောင် လုပ်လို့ရတာရှိပါတယ်။
– ရှေ့သွားလေးနှစ်ချောင်းပဲ ကျဲနေတယ်ဆိုရင် သွားကိုထပ်ပိုးပြီး နဂိုပုံစံအတိုင်းနဲ့ထိသွားအောင် လုပ်ပေးတာရှိပါတယ်။
– ကျဲနေတဲ့သွားတွေက ပိုးပါစားနေတယ်ဆိုရင် သွားနှစ်ဖက်စလုံးကိုစွပ်ပြီး စေ့သွားအောင်လုပ်ပေးတာရှိပါတယ်။
– Brace ဆိုတဲ့ သွားညှိကိရိယာစွပ်တာမျိုးလည်း ရှိပါတယ်။ ဒါကနှစ်နဲ့ချီပြီး သူ့နေရာနဲ့သူသွားတွေစေ့ပြီး ငြိမ်နေအောင်စွပ်ထားရပါတယ်။
သွားကျဲနေလို့စေ့ချင်တယ်ဆိုရင် လုပ်လို့ရတဲ့နည်းလမ်းတွေက မျိုးစုံရှိပါတယ်။
မေး . ငယ်သွားလဲတဲ့အချိန်မှာ သွားကျဲလေ့ရှိကြတယ်၊ အဲဒီအချိန်မှာပြုပြင်ဖို့ လိုပါသလားဆရာ။
ဖြေ . ငယ်သွားလဲတဲ့အချိန်မှာ သွားကျဲမှာပါပဲ။ ငယ်သွားတွေကသေးပြီး လူကြီးသွားတွေကကြီးပါတယ်။ သွားထွက်လာတဲ့အခါ ပြူးတူးပြဲတဲမလှမပဖြစ်တယ်လို့ ပြောကြတယ်။ “ ဘဲရုပ်ဆိုးလေး ” ဆိုပြီး တင်စားကြတယ်။ ကလေးမျက်နှာကသေးပြီး သွားကြီးကြီးတွေထွက်လာလို့ပါ။ နောက်ပိုင်းမျက်နှာဖွံ့ဖြိုးလာပြီး သွားတွေကသူ့ဟာနဲ့သူ ပုံမှန်ဖြစ်သွားတတ်ပါတယ်။ ကြီးသွားတွေကျဲနေမှသာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြစ်ရတဲ့အကြောင်းရင်းအလိုက် ကုသမှုခံယူရမှာဖြစ်ပါတယ်။
မေး . သွားကျဲတာကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးကို ဘယ်လိုထိခိုက်မှုဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ . သွားကျဲနေတာက သာမန်အခြေအနေဆိုရင် ဘာမှထိခိုက်စရာမရှိပါဘူး။ သွားကျဲတဲ့အတွက် အစာတွေမကပ်တော့တာကြောင့် အစာတွေမညပ်ဘူး၊ အဲဒီတော့ သွားပိုးစားတာပိုနည်းပါတယ်။ သွားတွေထပ်နေရင် အစာတွေကပ်ငြိပြီး သွားပိုးစားတာပိုများပါတယ်။
သွားကအကုန်လုံးညီနေရာကနေ သွားတွေကျဲသွားတယ်ဆိုရင် သွားဖုံးရောဂါတွေဖြစ်လို့လားဆိုတာ စဉ်းစားရတယ်။ သွားဖုံးရောဂါဖြစ်ရင်လည်း သွားတွေနဲ့ပြီး ကျဲလာတတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတာကတော့ ဆရာဝန်တွေနဲ့ပြပြီး သေချာကုသမှုလိုသလား၊ မလိုဘူးလားဆိုတာ ဆုံးဖြတ်ဖို့လိုပါတယ်။