Healthy Life Ad
Q & A

ကြမ်းပိုးဖျန်းဆေး၊ ခြင်ဖျန်းဆေးတွေသုံးတဲ့အခါ . .

မေး။ ။ ကြမ်းပိုးဖျန်းဆေး၊ ခြင်ဖျန်းဆေးတွေကို ရှူမိ၊ မျိုမိရင် ဘယ်လို အန္တရာယ်တွေ ဖြစ်စေနိုင်ပါသလဲ။

မြမြမူ၊ ချောက်မြို့။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော်မှ ဖြေကြားပေးပါသည်။ (အရေပြားအထူးကုဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး။)

ဖြေ။ ။ ကြမ်းပိုးဖျန်းဆေးကို ရှူမိ၊ မျိုမိရင် ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် Bug Repellents တွေမှာDEET(N,N,diethyl-m-tolunamide) ပါတယ်။ ခြင်ကိုကာကွယ်နိုင်တာကြောင့် ခြင်ကြောင့် ဖြစ်တဲ့ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ West Nile ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်ပါတယ်၊

ပိုင်ရီသရင် Pyrethrins ပိုးသတ်ဆေးလည်း ပါတယ်။ Chrysanthemum flower က အဆိပ်မရှိဘူးလို့ ဆိုနိုင်ပေမယ့် အသက်ရှူရခက်တတ်တယ်၊ ချောင်းဆိုးတတ်တယ်၊ နုံးတတ်တယ်၊ လက်တုန်၊ ခြေတုန် ဖြစ်တတ်တယ်၊ တက်တတ်တယ်၊ ဗိုက်နာတတ်တယ်၊ အန်တတ်တယ်။

DEETကြောင့်တော့ အရေပြားက ယားတတ်တယ်၊ နီတတ်တယ်၊ အင်ပျဉ်ဖြစ်တတ်တယ်၊ တုန့်ပြန်လွယ်တတ်တယ်၊ သိပ်ဆိုးရင်၊ ထိတွေ့မှုက ကြာလာရင် အရည်ကြည်ဖုတွေဖြစ်၊ မီးပူလောင်သလို ခံစားရပြီး အမာရွတ်တွေ ဖြစ်လာတတ်တယ်၊ အိပ်မပျော်တာ၊ စိတ်မကြည်တာတွေလည်း ဖြစ်တတ်တယ်၊ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေထဲဝင်ရင် အပူလောင်သလို ခံစားရပြီး နီရဲလာတတ်တယ်။

DEET နည်းနည်း ပါးစပ်ထဲ ရောက်ရင် ဗိုက်အောင့်၊ ဗိုက်နာဖြစ်တတ်တယ်။ အန်တာ၊ ပျို့တာဖြစ်တတ်တယ်၊ ဗိုက်ထဲ များများဝင်ရင် သွေးပေါင်ကျတာ၊ နှလုံးခုန်နှေးတာတွေလည်း ဖြစ်တတ်တယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်စေတယ်။ ခြေဖျား/လက်ဖျားအေးစက်တာ၊ သတိလစ်ချင်သလိုဖြစ်တာ၊ တက်တာ၊ Coma ရတာတွေ ဖြစ်တတ်တယ်။

ကလေးတွေမှာ ပိုဆိုးတတ်တယ်။ အရေပြားကို ဖြန်းဆေး ထိတာတောင် တက်တတ်တယ်။ တစ်နှစ်အောက် ကလေးတွေကို သတိထား ရှောင်ရမယ်။ မျက်လုံး၊ အရေပြားတွေ ထိမိရင် အနည်းဆုံး ၁၅ မိနစ်ကြာလောက် ရေဆေးရမယ်။

မျိုမိရင်လူနာမအန်ခင်၊ မတက်ခင်၊ သတိမလစ်သေးခင် ချက်ချင်း ရေ၊ နွားနို့ တိုက်ရမယ်။ လေအေးအေးရတဲ့ နေရာမှာ ထားပေးရမယ်။
ဘယ်ပစ္စည်းနဲ့ ဓာတ်မတည့်တာလဲ ဆိုတာ သေသေချာချာ သတိထားရပါမယ်။

– ပိုင်ရီသရင် ပိုးသတ်ဆေး သုံးသူတွေအတွက်

နည်းရင် ပြန်ကောင်းနိုင်တယ်၊ များရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

– DEET ပိုးသတ်ဆေး သုံးသူတွေအတွက်

နည်းရင် အန္တရာယ် မရှိပေမယ့် များရင် အရေးကြီးတယ်။ ကိုယ်ဝန်ဆောင်ဆို ဂရုစိုက်ရမယ်။ ဦးနှောက်ထိခိုက်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

– ခြင်ကာကွယ်ဖျန်းဆေး သုံးသူတွေအတွက်

အရေပြားကို ထိခိုက်ရင် အန္တရာယ်ရှိကြောင်း ဘူးမှာစာ (အညွှန်း)ကပ်ထားတာကို အရင်ဖတ်ပြီး အညွှန်းအတိုင်း လိုက်နာအသုံးပြုသင့်ပါတယ်။လေထဲ အမှုန်သေးလေးတွေ လွင့်နေတတ်ပြီး ခြင်တွေ ကိုထိခိုက်စေပါတယ်။ နည်းနည်းပဲ ဖျန်းရမယ်။

ကာကွယ်ဖို့က အိမ်အပြင်မှာ ဖျန်းရင် အစားအသောက်တွေကို ဖုံးထားရမယ်။ မျက်နှာသုတ်ပုဝါ၊ အဝတ်အစား၊ အိပ်ရာခင်းတွေလည်း ဖုံးထားရမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top