Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန် ကြည့်ကောင်းစေမည့် နည်းလမ်းကောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ခံစားချက်ပါ အတက်အကျ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအချိန်မှာ ကျန်းမာပြီး ကြည့်ကောင်းနေစေဖို့ရာအတွက် အောက်ပါနည်းလမ်းကောင်းတွေကို လုပ်ဆောင်သင့်ပါတယ်။

(၁) မကြာခဏ တစ်ရေးအိပ်စက်အနားယူပါ
ကိုယ်ဝန် ပထမ သုံးလပတ်မှာ ထွက်လာတဲ့ ဟော်မုန်းတွေကြောင့် ရင်သားတွေတင်းပြီး ကြီးထွားလာမယ်၊ နာမယ်၊ ပျို့ချင်အန်ချင်ဖြစ်မယ်၊ အဲဒီ အချိန်မှာ ပင်ပန်းပြီး အားကုန်သလိုဖြစ်လို့ မကြာမကြာနားရ၊ အိပ်ရပါမယ်။

(၂) အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ
မျက်နှာမှာ မှည့်ခြောက်လို၊ အစက်အပျောက်တွေ၊ အကြောပြတ်တာတွေ၊ အဆီပြန်-ဝက်ခြံလို တွေထွက်လာနိုင်တယ်။ အစိုဓာတ်ထိန်းခရင်မ် လိမ်းလို့ရပါတယ်။

(၃) နှိပ်နယ်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကို ညင်ညင်သာသာ နှိပ်နယ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ရေပူစိမ်တာမျိုး ရှောင်ရပါမယ်။

(၄) ကိုယ်လက်လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ
ကိုယ်ဝန်ဆောင်မိခင်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်တာ၊ ရေကူးတာ စတဲ့ အသင့်အတင့် လေ့ကျင့်ခန်းတွေကို လုပ်တာကြောင့် ကလေးမွေးဖွားတဲ့အခါ လွယ်ကူချောမွေ့စေပါတယ်။
လေ့ကျင့်ခန်းလုပ်ရင်း ဗိုက်နာတာ၊ ရင်ဘတ် နာတာ၊ ခေါင်းမူးတာ၊ အားနည်းတာ၊ ကြွက်တက်တာနဲ့ ခြေထောက်ရောင်တာ စတဲ့ ဝေဒနာတွေဖြစ်လာရင် ရပ်လိုက်ဖို့လိုပါတယ်။

(၅) အကြောဆန့်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ အကြောဆန့်တာ၊ ယောဂကျင့်တာတို့ လုပ်ဆောင်ပေးတာကြောင့် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ရှိစေပါတယ်။ တစ်နေကုန်ထိုင်ပြီး အလုပ်မလုပ်ဘဲ ခြေဆန့်၊ လက်ဆန့် နေကာ မကြာခဏ လှုပ်ရှားမှု လုပ်ပေးပါ။

(၆) စိတ်ကို အနားပေးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ တချို့သူတွေက စိတ် တက်လိုက်၊ ကျလိုက်ဖြစ်တတ်သလို တချို့ကျတော့ စိတ်လှုပ်ရှားဝမ်းနည်းတတ်ပါတယ်။ အဲဒီအခါ စိတ်ကို အနားပေးပြီး လေ့ကျင့်ခန်းလုပ်ပါ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင် တွေနဲ့တွေ့ဆုံပါ၊ စိတ်ဖြေလျှော့နိုင်အောင် ဘုရားစာရွတ်ပါ၊ တရားမှတ်ပါ။
စိတ်တက်ကြွပြီး စိတ်ကျေနပ်နေရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဓာတ်တွေများနေမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကို ပျော်ပျော်ထားပါ။

(၇) ပြည့်ဝသည့် အစာအာဟာရ မှီဝဲပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်ဆေးနဲ့ အိုမီဂါ၃ ဖက်တီးအက်ဆစ်အားဆေး မှီဝဲပါ။ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ ဗီတာမင်ဘီ-၁၂ လည်း လိုအပ်တဲ့အတွက် အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အသား၊ ငါး၊ အခွံမာသီး၊ အစေ့အဆန် စတာတွေကိုစားပေးရပါမယ်။ အသားစိမ်း၊ ကြက်ဥ/ဘဲဥအစိမ်း၊ နွားနို့မကျက်တာနဲ့ ပြဒါးဓာတ်ပါတဲ့ ငါး စတာတွေကို ရှောင်ရပါမယ်။

(၈) သက်သောင့်သက်သာ ဝတ်ဆင်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ အဝတ်အစားကိုပေါ့ပါး တဲ့ ချည်သားဝတ်စုံဝတ်ပါ။ ဒေါက်မြင့်ဖိနပ် မစီးပါနဲ့။

(၁၀) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
ကိုယ်ဝန်ဆောင်ချိန်မှာ မကြာခဏ အိပ်စက်ပေးပါ။ အိပ်ရေးဝနေမှသာ ကိုယ်ဝန်ဆောင်ချိန်ခံစားရတဲ့ စိတ်ပူတာ၊ ပင်ပန်းတာ စတဲ့ ဝေဒနာတွေ သက်သာမှာ ဖြစ်ပါတယ်။

(၉) ရေများများသောက်ပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ရေများများသောက်ပါ။ တစ်ကိုယ်လုံးအတွက် ရေဓာတ်ပြည့်ဝနေမှ ဆီး၊ ဝမ်း မှန်မှာ ဖြစ်ပါတယ်။

(၁၁) ဆရာဝန်ညွှန်ကြားချက်အရ ဆေးသောက်ပါ
ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဘယ်ဆေးမှ မသောက်ပါနဲ့။

(Def; babycenter)

Most Popular

Healthy Life Ad
To Top