Healthy Life Ad
Q & A

အစားမှားပြီး ဝမ်းလျှောနေပါတယ် . . .

မေး။ ။ အစားမှားပြီး ဝမ်းလျှောလို့ ဓာတ်ဆားရည်ပဲ သောက်နေပါတယ်။ တခြား ဘယ်လိုဆေးဝါးတွေကို မှီဝဲဖို့ လိုအပ်ပါသလဲ။

မသင်း၊ တာမွေ။

ပါမောက္ခဦးကိုကို ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ဝမ်းလျှောတာမှာ နှစ်မျိုးရှိပါတယ်။ ရေတို ဝမ်းလျှောတာ (Acute Diarrhoea)လား၊ နာတာရှည် ဝမ်းလျှောတာ (chronic Diarrhoea )လား ဆိုတာ ကြည့်ရပါမယ်။ အစားမှားလို့ ရေတိုဝမ်းလျှောရင် သိပ်ပြဿနာမရှိပါဘူး။ ဝမ်းလျှောရင် သွေးဖိအားကောင်း၊ မကောင်း ကြည့်ရပါမယ်။ သွေးဖိအားက ၉၀/၅၀mmHg အောက် ကျသွားရင်တော့ Drip ချိတ်ဖို့လိုပါတယ်။ သွေးဖိအားကောင်းပြီး လူကလည်းလန်းတယ်ဆိုရင်တော့ ဓာတ်ဆားရည်သောက်ရုံနဲ့ သက်သာနိုင်ပါတယ်။

များသောအားဖြင့် ၈၀ ရာခိုင်နှုန်း ဝမ်းလျှောတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း အစားအသောက်မှားတာကြောင့် ဖြစ်တတ်တဲ့အတွက် ဓာတ်ဆားရည် သောက်ရုံနဲ့ ရပါတယ်။ သွေးဖိအားကျရင်သာ Drip ချိတ်ရပါမယ်။

ဒါပေမဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတဲ့ ပြဿနာကျတော့ ပဋိဇီဝပိုးသတ်ဆေး လိုပါတယ်။ အကြမ်းအားဖြင့် ဝမ်းက ချွဲပါတယ်၊ ဝမ်းကိုက်ချင်သလိုဖြစ်တယ်ဆိုရင် ဘက်တီးရီးယားကြောင့် ဖြစ်နိုင်တဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးလိုပါတယ်။ အဖျားတွေတအားတက်တယ်၊ သွေးဖြူဥစစ်ကြည့်တဲ့အခါ သွေးဖြူဥတွေ တအားများနေတယ် ဆိုရင် ပဋိဇီဝပိုးသတ်ဆေး လိုပါတယ်။

ဝမ်းအရည်တွေ အလွန်အမင်းများနေတယ်ဆိုရင် ဝမ်းပိတ်ဆေး ပေးလေ့ရှိပေမယ့် ပုံမှန်တော့ ပေးလေ့မရှိပါဘူး။ ဝမ်းသွားတဲ့ အကြိမ်ရေသိပ်များပြီး လူနာကမခံနိုင်မှသာ ဝမ်းပိတ်ဆေး ပေးလေ့ရှိပါတယ်။ နာတာရှည် ဝမ်းလျှောရင် အကျိုးပြုဘက်တီးရီးယားလို့ လူပြောများနေတဲ့ Probiotics တွေကို ပေးလေ့ရှိပါတယ်။ နာတာရှည် ဝမ်းလျှောရင် ဖြစ်ရတဲ့ အကြောင်းရင်းတွေကို လိုက်ရှာပြီး စနစ်တကျ ကုသမှု ပေးရပါတယ်။

ဝမ်းလျှောတာနောက်တစ်ကြိမ်ပြန်မဖြစ်အောင် လက်ကို စင်ကြယ်စွာထားရပါမယ်။ ပြီးတော့ မသန့်ရှင်းတဲ့ အစားအသောက်တွေကိုရှောင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကိုပဲ အမြဲစားပေးရပါမယ်။

Most Popular

Healthy Life Ad
To Top