Healthy Life Ad
Life Style

အမျိုးသားတို့၏ အရက်စွဲ ပြဿနာ အဖြေရှာ

ကိုမိုး
အရက်သေစာကို စတင်စမ်းသပ်ပြီး မသောက်တာ အကောင်းဆုံးပါ။ အရက်ဆိုတာ စသောက်မိပြီဆိုရင် ဖြတ်ဖို့ လွယ်ကူတာ မဟုတ်ပါဘူး။ အရက်သေစာတွေကို အလွန်အကျွံသောက်သုံးတဲ့အခါ သင့်ကျန်းမာရေးနဲ့ သင့်ဘဝကိုမကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် အရက်စွဲတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကာယကံရှင်ကိုယ်တိုင်သာမက မိသားစု၊ အသိုင်းအဝန်းတွေကလည်း ဝိုင်းဝန်းထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။

နည်းလမ်း (၁) အရက်သောက်ဖြစ်သည့် အကြောင်းရင်းအားလုံးကို စာထဲချရေးပါ
“ ငါ ဘာကြောင့် အရက် သောက်ဖြစ်နေတာလဲ ”ဆိုတဲ့ အကြောင်းရင်းကို အရင်ဆုံးဆန်းစစ်ပြီး စာထဲချရေးလိုက်ပါ။ အလုပ်အကိုင် မကောင်းလို့လား၊ အိမ်ထောင်ရေး အဆင်မပြေလို့လား၊ စိတ်ညစ်စရာရှိလို့လား . . အရက်သောက်လိုက်ရင် ဒါတွေပြေလည်သွားမှာလား၊ တကယ်ပဲ မေ့ပစ်နိုင်မှာလား စတဲ့ အချက်တွေကို စာထဲချရေးလိုက်ပါ။

နည်းလမ်း (၂) အိမ်တွင် အရက်သေစာများ မထားပါနှင့်
အရက်ပုလင်းတွေကို မျက်စိရှေ့မှာ မြင်တွေ့နေရတဲ့အခါ အရက်မသောက်ဖူးသူတောင် စမ်းပြီး သောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရက်ကိုအိမ်မှာ ဘယ်တော့မှ မထားပါနဲ့။ အရက်ပုလင်း မမြင်ရရင် အရက်သောက်ချင်စိတ် အတန်အသင့် လျော့သွားနိုင်လို့ပါ။

နည်းလမ်း (၃) အရက်သောက်သုံးမှုကို ဖြည်းဖြည်းချင်း လျှော့ချသွားပါ
အရက်စွဲနေတဲ့သူတွေအဖို့ အရက်ကို ယတိ ပြတ်ဖြတ်လိုက်ဖို့က မလွယ်ပါဘူး။ အရက်ကို ဖြည်းဖြည်းချင်း ပမာဏနဲ့ အကြိမ်ရေ လျှော့ချတဲ့နည်း ကျင့်သုံးဖို့လိုပါတယ်။ စစချင်း အရက်ကို တစ်ပတ်မှာ နှစ်ရက်လောက် လုံးဝမသောက်ဘဲ နေနိုင်အောင် ကြိုးစားကြည့်ပါ။ ဖြည်းဖြည်းချင်း တစ်ပတ်မှာ သုံးရက်၊ လေးရက်စသဖြင့် မသောက်ဘဲ နေနိုင်တဲ့ ရက်တွေကို တိုးမြှင့်တဲ့နည်း ကျင့်သုံးလိုက်ရင် အရက်ကို စွဲလမ်းမှု လျော့သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အရက်မသောက်တဲ့ နေ့တွေချည်း ဖြစ်လာပါလိမ့်မယ်။

နည်းလမ်း (၄) ယဉ်ကျေးစွာ ငြင်းတတ်ပါစေ
အရက်စွဲလမ်းသူအများစုက အားနာတတ်သူတွေဖြစ်သလို စိတ်ဓာတ်ခိုင်မာမှု နည်းပါးသူတွေလည်း ဖြစ်တတ်ပါတယ်။ တခြားသူတွေနဲ့ ဆုံတွေ့တဲ့အခါ အရက်သောက်ဖို့ ငြင်းရမှာ ဝန်လေးတွန့်ဆုတ်တတ်ကြပါတယ်။ ဒါကြောင့် အရက်မသောက်ဖြစ်စေဖို့ ယဉ်ယဉ်ကျေးကျေးငြင်းနိုင်မယ့် နည်းလမ်းကို သင်ယူလေ့လာထားဖို့ လိုပါတယ်။

နည်းလမ်း (၅) အရက်သောက်သည့်အခါ အခြားအရည် အစားထိုးသောက်သုံးပါ
အရက်သောက်တဲ့အခါ တစ်ခွက်နဲ့ တစ်ခွက်ကြား သစ်သီးဖျော်ရည်၊ ရေနဲ့ ဆိုဒါအချိုရည်တွေကို သောက်သုံးသင့်ပါတယ်။ ဒါဆိုရင် အရက်ကို လျှော့သောက်ဖြစ်မှာပါ။

နည်းလမ်း (၆) အလုပ်ကို ကြိုးစားလုပ်ကိုင်ပါ
ပျင်းတဲ့အခါ အရက်သောက်ချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် အလုပ်အကိုင်ကို လက်နဲ့မပြတ် လုပ်ကိုင်ပေးပါ။ သင့်ဘဝမှာ သင်ယူလေ့လာမှုအသစ် ရှာမှီးတာ ဒါမှမဟုတ် ဝါသနာအသစ် ဖန်တီးတာတို့ လုပ်ဆောင်ပါ။ စိတ်ရောလူပါ အနားမရတဲ့အခါ အရက်သောက်ချင်စိတ် အလိုလို ပြေလျော့သွားပါလိမ့်မယ်။

နည်းလမ်း (၇) စိတ်ဖိစီးမှု တွန်းလှန်နိုင်မည့် အခြားနည်းများ ကျင့်သုံးပါ
စိတ်ဖိစီးမှုများတာကြောင့် အရက်သောက်ဖြစ်အောင် တွန်းပို့နေတယ်လို့ သင်ထင်ရင် တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ စိတ်ဖိစီးမှုကို တွန်းလှန်နိုင်မယ့် နည်းလမ်းတွေကို လေ့လာသင့်ပါတယ်။ အနှိပ်ခံတာ၊ အပ်စိုက်ကုထုံးသုံးတာ၊ ယောဂကျင့်တာ၊ ပန်းချီဆွဲတာ၊ တေးဂီတနားဆင်တာ၊ စာရေးတာနဲ့ အားကစားခန်းမမှာ လေ့ကျင့်ခန်းလုပ်တာစတဲ့ နည်းလမ်းတွေ နဲ့ စိတ်ဖိစီးမှုကို တွန်းလှန်သင့်ပါတယ်။

နည်းလမ်း (၈)သင့်ဆုံးဖြတ်ချက်ကို လူတိုင်းသိပါစေ
အရက်ဖြတ်မယ်ဆိုတဲ့ သင့်ဆုံးဖြတ်ချက်ကို လူတိုင်းအား အသိပေးပါ။ ဒီလိုလုပ်တာကြောင့် တခြားသူတွေက သင့်ကို ဝိုင်းဝန်းထောက်ပံ့အားပေးတဲ့အတွက် အရက်ပြတ်စေမယ့် စေ့ဆော်မှုကိုရရှိမှာ ဖြစ်ပါ တယ်။
Ref; HD

Most Popular

Healthy Life Ad
To Top