Healthy Life Ad
Q & A

ဟောက်သံ ပြဿနာ အဖြေရှာ . . .

မေး။ ကျွန်တော်နည်းနည်းတော့ ဝပါတယ်။ ညည အိပ်ရင်ဟောက်လို့ ကျွန်တော့်အမျိုးသမီးက အိပ်မရဖြစ်နေပါတယ်။ ဟောက်တာပျောက်အောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။
ကိုလ၊ ကျောက်ပန်းတောင်း။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး) မှပြန်လည်ဖြေကြားပေးသည် ။

ဖြေ။ ဟောက်သံလျော့ကျစေဖို့-

(၁) ဝတာကို လျှော့ရပါမယ်။

(၂) တချို့လူတွေက ဘေးစောင်းအိပ်လိုက်ရင် ဟောက်တာ နည်းနည်း သက်သာသွားပါတယ်၊ အဲဒီလို အိပ်တဲ့ ပုံစံပြောင်းကြည့်သင့်ပါတယ်။

(၃) နောက်တစ်ခုက OSA(Obstructive Sleep Apnea)လို့ခေါ်တဲ့ ရောဂါကြောင့် ဖြစ်တတ်ပါတယ်။ အဲဒါက တစ်နာရီအတွင်းမှာ လုံးဝအသက်ရှူရပ်တာ ၁၀-ခါ၊ အသက်ရှူတိမ်သွားတာက ၁၅-ခါ ဖြစ်တယ်ဆိုရင် အဲဒီရောဂါဖြစ်နေတယ်လို့အရင်က ပုံသေနည်းအရ တွက်ပါတယ်။ လူတွေအသက်ရှူတဲ့အခါမှာ ရင်ဘတ်ကို ဘေးဘက်ချဲ့ကားပြီး အသက်ရှူပါတယ်။ ညအိပ်တဲ့အခါမှာ အထူးသဖြင့်ဝတဲ့ သူတွေမှာ ရင်ဘတ်မှာ အဆီတွေရှိနေတာကြောင့် ရင်ဘတ်ကို လုံလုံလောက်လောက် ဘေးဘက်မကားနိုင်တော့ပါဘူး။ အဲဒီအခါမှာ အသက်ရှူရကျပ်လာပါတယ်။ ပြီးတော့ အဆီတွေက အသက်ရှူလမ်းကြောင်းကို ဖိထားတဲ့အတွက် အသက်ရှူလမ်းကြောင်းကလည်း ပိတ်သွားပါတယ်။ အဲဒီလိုဖြစ်တာကို ခဏတာအသက်ရှူရပ်လိုက် ပြန်ရှူလိုက်ဖြစ်တဲ့ ရောဂါ(OSA) လို့ ခေါ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ နေ့ခင်းဆိုရင် အရမ်းအိပ်ငိုက်တတ်ပါတယ်။ တခြား အကြောင်းတွေမပါဘဲ အကျယ်ကြီးဟောက်တတ်ပါတယ်။ အသက်ရှူတာလည်း ရပ်ရပ်သွားပါတယ်။ ခဏခဏလည်း နိုးတတ်ပါတယ်။ အိပ်ပျော်ပေမယ့်လည်း အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။ မနက်မိုးလင်းရင် ခေါင်းကိုက်တယ်၊ သတိမေ့တတ်တယ်၊ အာရုံမစူးစိုက်နိုင်တော့ပါဘူး၊ ဒေါသထွက်လွယ်တယ်၊ စိတ်ဖိစီးမှုတွေဖြစ်တယ်၊ စိတ်အပြောင်းအလဲ အရမ်းမြန်လာပါတယ်၊ မနက်မိုးလင်းရင် အာခေါင်ခြောက်တယ် အစရှိတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် နဲ့ အရက်သောက်ရင် အဖြစ်များတဲ့အတွက် အဲဒါတွေကို ဖြတ်သင့်ပါတယ်။

OSA ကို ကုသမှုကတော့ အမျိုးအစား အများကြီးရှိပါတယ်။ အဓိကကတော့ CPAAလို့ခေါ်တဲ့ စက်လေးနဲ့တပ်ပြီးတော့ ကုသပါတယ်။ CPAP ကို ညအိပ်ရင်တပ်အိပ်ရပါတယ်။ ညအိပ်တဲ့အခါမှာ အဆီတွေက အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားအောင်နဲ့ ပိတ်သွားအောင် လုပ်လိုက်တဲ့အတွက် စက်က ဖိအားနဲ့လေကို မှုတ်သွင်းထားပြီးတော့ အသက်ရှူလမ်းကြောင်း ပိတ်မသွားအောင် လုပ်ပေးတာဖြစ်ပါတယ်။ CPAP စက်ကို ဝယ်လို့၊ ငှားလို့ ရပါတယ်။

Most Popular

Healthy Life Ad
To Top