Healthy Life Ad
Life Style

အထွက်မရှိတဲ့ လမ်း . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက အလွန်အိုမင်းနေပြီဖြစ်တဲ့ ခြင်္သေ့ကြီးတစ်ကောင်ရှိခဲ့တယ်။ သူက သူ့အစာအတွက် ဘယ်သားကောင်ကိုမှ အမဲမလိုက်နိုင်လောက်အောင် အိုမင်းနေခဲ့ပါပြီ။ တစ်နေ့တော့ သူတွေးတယ် . .” ငါ့ဝမ်းပူဆာမနေသာတော့ဘူး၊ တစ်ခုခုလုပ်မှပဲ . . မဟုတ်ရင် အစာငတ်ပြီးငါသေတော့မယ် . .”

သူလည်း ဘာလုပ်ရမလဲဆိုတာ ထပ်ခါထပ်ခါတွေးတောစဉ်းစားရင်း နောက်ဆုံးမှာဖျတ်ခနဲ အကြံတစ်ခုရခဲ့ပါတယ်။ သူကဂူထဲမှာပဲ နာမကျန်းဖြစ်ဟန်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီတော့ သူ့ကျန်းမာရေးအခြေအနေကို လာစုံစမ်းတဲ့ဘယ်တိရစ္ဆာန်မဆို သူ့သားကောင်ဖြစ်လာတော့မယ်ပေါ့ . . ခြင်္သေ့အိုကြီးလည်း သူ့စိတ်ကူးအတိုင်း လက်တွေ့အကောင်အထည် ဖော်တော့တယ်။ သူ့ဆီကို လာသမျှတိရစ္ဆာန်များစွာကို သူသတ်စားခဲ့တယ်။

တစ်နေ့ကျတော့ မြေခွေးတစ်ကောင်က လဲလျောင်းနေတဲ့ခြင်္သေ့ဆီကို ရောက်လာခဲ့တယ်။ မြေခွေးဆိုတာသဘာဝကိုက အင်မတန်ပါးရည်နပ်ရည်ရှိတဲ့ အမျိုးလေ။ မြေခွေးက ဂူပေါက်ဝမှာရပ်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းဝေ့ဝဲကြည့်လိုက်တယ်။ ပြီးတော့ သူရဲ့ဆဋ္ဌအာရုံနဲ့ လေ့လာအကဲခတ်လိုက်တဲ့အခါ အရာရာကိုအမှန်အတိုင်း သိသွားခဲ့တော့တယ်။

ဒါနဲ့ မြေခွေးကအပြင်ကနေ ခြင်္သေ့ကိုအော်ပြောလိုက်တယ်။

“ နေကောင်းရဲ့လား . . အရှင်သခင် ”

ခြင်္သေ့ကပြန်ဖြေခဲ့တယ်။

“ ငါ ကောင်းကောင်းနေမကောင်းဘူးကွာ၊ ဒါနဲ့ မင်းဘာကြောင့် ဂူထဲဝင်မလာရတာလဲ “

အဲဒီအခါမြေခွေးက ပြန်ဖြေလိုက်တာက –

“ ကျွန်တော် အထဲဝင်ချင်ပါတယ် အရှင် . . ဒါပေမဲ့ ဂူထဲကိုဝင်တဲ့ ခြေရာတွေအားလုံးက အဝင်ပဲရှိပြီး အပြန်ခြေရာဆိုတာမရှိဘူးလေ . . ဒါကိုသိရက်နဲ့အထဲဝင်မယ်ဆိုရင် ကျွန်တော်မျိုး မိုက်မဲရာကျမှာပေါ့ဗျာ . .” တဲ့ . .အဲဒီလိုပြောရင်းမြေခွေးဟာ တခြားသောတိရစ္ဆာန်တွေကို သတိပေးဖို့ထွက်သွားပါတော့တယ်။

စာစုကပေးချင်သော သင်ခန်းစာ

ဘဝမှာရှင်သန်နေဖို့ဆိုရင် ဘယ်အခြေအနေမှာမဆို မျက်စိရှင်ရှင်ထားပြီး တက်တက်ကြွကြွ နေဖို့လိုတယ်ဆိုတာ မျှဝေပေးလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top