Healthy Life Ad
Health Tips

သင့်ခန္ဓာကိုယ်ပုံစံအလိုက် စားသင့်သည့်အစာများ

၊ လရိပ်မေ ၊

သင့်ခန္ဓာကိုယ်က ဘယ်လိုပုံစံမျိုးရှိပါသလဲ၊ သင့်ခန္ဓာကိုယ်ပုံစံကို အခုထက်ပိုပြီးကြည့်ကောင်းလာစေဖို့ တစ်နေ့တာမှာစားသင့်တဲ့ အစားအသောက်တွေကို အကြံပြုလိုက်ပါတယ်။

– သင့်ခန္ဓာကိုယ်ကအရပ်ရှည်ပြီး သွယ်လျတဲ့ခန္ဓာကိုယ်ပုံစံဆိုရင်

ဒီလိုခန္ဓာကိုယ်ပိုင်ရှင်က အဆီနည်းပြီး ဇီဝကမ္မဖြစ်စဉ်ပိုမြန်စေပါတယ်။ ရင်နဲ့တင်သေးငယ်ပြီး ကြွက်သားထုထည်နည်းပါတယ်။ ကိုယ်အလေးချိန်တက်ဖို့ ခက်ခဲတတ်ပါတယ်။

နံနက်စာ

နံနက်စာအဖြစ် ကြက်ဥ၊ ဘဲဥ၊ မှို၊ ဂေါ်ဖီပွင့်၊ ပန်းဂေါ်ဖီစိမ်းစတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ကောက်နှံစာ (ခေါက်ဆွဲညို၊ ပေါင်မုန့်ညို) စတာတွေကိုစားရပါမယ်။

သရေစာ

သစ်ကြားသီး၊ သီဟိုဠ်စေ့လို အခွံမာသီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီးတို့ကို စားပေးသင့်ပါတယ်။

နေ့လယ်စာ

နေ့လယ်စာအဖြစ် ကြက်ဥပြုတ် / ဘဲဥပြုတ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ နွားနို့၊ ကောက်နှံစာ (ခေါက်ဆွဲညို၊ ပေါင်မုန့်ညို၊ ဆန်လုံးညို) စတာတွေကို စားပေးသင့်ပါတယ်။

ညစာ

ညစာအဖြစ် ကြက်သား၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ စတော်ဘယ်ရီသီး၊ ပဲပုစွန်သီး၊ ကောက်နှံစာ(ခေါက်ဆွဲညို၊ ပေါင်မုန့်ညို၊ ဆန်လုံးညို) စတာတွေကို စားပေးသင့်ပါတယ်။

– သင့်ခန္ဓာကိုယ်က ပြည့်တင်းတဲ့ခန္ဓာကိုယ်ပုံစံဆိုရင်

ဒီလိုခန္ဓာကိုယ်ပိုင်ရှင်က ပြည့်တင်းနေတတ်ပါတယ်။ ကြွက်သားတွေကို အလွယ်တကူရရှိတတ်ပြီး သစ်တော်သီးပုံဒါမှမဟုတ် ပန်းသီးပုံရှိပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှုကိုနှေးစေပြီး ခန္ဓာကိုယ်အောက်ပိုင်းက ပိုကြီးနေတတ်ပါတယ်။ အဆီအတက်မြန်တဲ့ခန္ဓာကိုယ်ပုံစံဖြစ်ပြီး အဆီပိုတွေလောင်ကျွမ်းဖို့ ခက်ခဲတတ်ပါတယ်။

နံနက်စာ

ဒီလိုခန္ဓာကိုယ်ပိုင်ရှင်က နံနက်စာအနေနဲ့ လိမ္မော်ရည်၊ သစ်သီးဝလံနဲ့ ခေါက်ဆွဲပြုတ်တို့ စားသင့်ပါတယ်။

သရေစာ

သရေစာအဖြစ် ပေါင်မုန့်၊ မြေပဲထောပတ် စတာတွေကို စားသင့်ပါတယ်။

နေ့လယ်စာ

နေ့လယ်စာအဖြစ် စတော်ဘယ်ရီသီး၊ မုန်လာဥနီ၊ ကောက်နှံစာ (ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲ) စတာတွေကို စားရပါမယ်။

ညစာ

ညစာအဖြစ် ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စတာတွေကိုစားသင့်ပါတယ်။

– သင့်ခန္ဓာကိုယ်ကကျစ်လျစ်ပြီး သန်စွမ်းတဲ့ခန္ဓာကိုယ်ပုံစံဆိုရင်

ဒီလိုခန္ဓာကိုယ်ပိုင်ရှင်က ကြွက်သားတွေနဲ့ သန်စွမ်းတောင့်တင်းနေပါတယ်။ သဲနာရီပုံစံဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရလဒ်ကိုမြန်မြန်နဲ့ ထိထိရောက်ရောက်ရရှိစေပြီး ကြွက်သားထုထည်ကို အလွယ်တကူရရှိစေပါတယ်။ ကိုယ်အလေးချိန်ကို လွယ်လွယ်မြင့်တက်စေသလို ကျလွယ်စေပါတယ်။

နံနက်စာ

ဒီလိုခန္ဓာကိုယ်ပုံစံရှိသူတွေ စားသင့်တဲ့နံနက်စာက ကြက်ဥကြော် / ဘဲဥကြော်၊ ပေါင်မုန့်ထောပတ်သုတ်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစတာတွေကို စားသင့်ပါတယ်။

သရေစာ

သရေစာအဖြစ် သီဟိုဠ်စေ့နဲ့ပန်းသီးကို စားသင့်ပါတယ်။

နေ့လယ်စာ

နေ့လယ်စာအဖြစ် အသား၊ ကာဗိုဟိုက်ဒရိတ်အစာ (ထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲ)၊ ထောပတ်သီး၊ ဟင်းသီးဟင်းရွက်စတာတွေကို စားသင့်ပါတယ်။

ညစာ

ညစာအနေနဲ့ ပန်းဂေါ်ဖီစိမ်း၊ ရွှေဖရုံသီး၊ မုန်လာဥနီစတဲ့ ဟင်းသီးဟင်းရွက်၊ ထမင်း၊ အသားစတာတွေကို စားသင့်ပါတယ်။

(Ref;WB)

Most Popular

Healthy Life Ad
To Top