Healthy Life Ad
Child

ကလေးက ပုံမှန်မှ ဟုတ်ရဲ့လား . . .

မေး ။ ကျွန်မ ကလေးက အသက် လေးနှစ်ပါ။ အငြိမ် မနေပါဘူး၊ စကားလည်း များတယ်၊ တစ်ခါ တစ်ခါ ဘာတွေ ပြောမှန်း မသိပါဘူး၊ တစ်ခါတလေ လူကြီး စကားတွေလည်း ပြောတယ်။ တခြားကလေးတွေနဲ့ မတူဘူးလို့ ကျွန်မ ထင်တယ် ဆရာ။ ပုံမှန်ကလေးလို ဖြစ်သွားအောင် ကျွန်မ ဘယ်လို ထိန်းသင့်သလဲ ဆိုတာ သိချင်ပါတယ်။
သင်ဇာထွေး၊ ပုသိမ်။

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း) စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး မှဖြေကြားပေးသည် ။

ဖြေ ။ ကလေးတွေမှာ မွေးခါစ အချိန်ကစပြီး အသက် ငါးနှစ်အထိ သူတိုရဲ့ ခန္ဓာကိုယ် တိုးတက်မှု အခြေပြ ဇယားရှိတယ်၊ ဉာဏ်ရည် ဖွံ့ဖြိုးမှု စစ်ဆေးထားတဲ့ အခြေပြ ဇယား ရှိတယ်၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး စစ်ဆေးထားတဲ့ အခြေပြဇယား ရှိတယ်၊ နောက်တစ်ခုက ကလေးတွေရဲ့ ဖန်တီးနိုင်မှုစွမ်းရည် စစ်ဆေးတာ၊ ခန္ဓာကိုယ် အသုံးချမှု/လေ့ကျင့်မှု စစ်ဆေးတာတွေ ရှိပါတယ်။ ကလေးတွေရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဖန်တီးမှုဆိုင်ရာ ဖွံ့ဖြိုးမှု စတာတွေကို လေ့လာပြီးမှ ဒီကလေးက စံချိန်မီဖြစ်သလား၊ ဒါမှမဟုတ် စံချိန်အောက် ရောက်နေသလား၊ တချို့အပိုင်းတွေမှာ ပိုပြီး လှုပ်ရှားမှု များနေသလား၊ ဘယ်အပိုင်းတွေမှာ ခက်ခဲနေသလဲ . . . ဒီအချက်တွေကို လေ့လာပြီးတော့မှ ဒီကလေးတစ်ယောက်က ပုံမှန် (Normal)လား၊ ပုံမှန်အောက် (Below Normal) လား၊ ပုံမှန်ထက် ကျော်လွန် (Beyond Normal) လား . . အပိုင်းသုံးပိုင်း ခွဲပြီး သတ်မှတ်ပါတယ်။ ကလေးတွေကို သေချာ မလေ့လာဘဲ ရောဂါအမည် တပ်တာက မဖြစ်သင့်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ကလေးတွေကို သေချာ လေ့လာနိုင်ဖို့ကလည်း ဒီကလေးလေး ကိုယ်ဝန်ဆောင်တဲ့အချိန်ကစပြီး အခုအချိန်အထိ ကလေးရဲ့ အပြုအမူတွေအကုန် လေ့လာရပါတယ်။ ပြီးတော့ ကလေးရဲ့ အိမ်မှာ လုပ် ဆောင်တဲ့ အပြုအမူတွေ၊ ကျောင်းမှာ လုပ်ဆောင်တဲ့ အပြုအမူတွေ၊ ကလေး-ကလေးချင်း အပြုအမူတွေ၊ ကျောင်းအခြေအနေ၊ စာသင်ကျောင်းထဲမှာ ကလေးရဲ့ ထူးခြားတဲ့ အပြုအမူတွေ စတာတွေကို လေ့လာပြီးမှ စောစောကပြောတဲ့ အပိုင်းသုံးပိုင်းနဲ့ သတ်မှတ်ပါတယ်။ ပြီးတော့မှ ကလေးကို ဘယ်လိုနည်းနဲ့ အကောင်းဆုံး ထိန်းသင့်သလဲဆိုတာကို (၁) ဆွေးနွေးတယ်၊ (၂) ပညာပေးတယ်၊ (၃) လေ့ကျင့်တယ်၊ ဆေးဝါးဆိုတာက အတော်လိုအပ်မှပဲ ပေးပါတယ်။

ဒီတော့ ကလေးအထူးကုဆရာဝန်၊ မိဘ၊ ဆရာ နဲ့ စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေ ပူးပေါင်းပြီး ကလေး ကို စောင့်ရှောက်မှုပေးဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top