Healthy Life Ad
Health Tips

ကျောက်ကပ်ဝေဒနာရှင်တို့ စားသင့်သည့် အာဟာရများ ၂

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ဖော့စဖိတ်ကန့်သတ်ချက် (phosphate Restriction)
ဖောစဖိတ်မီးစုန်းဓာတ်က အဓိကအားဖြင့် တိရစ္ဆာန်မှရတဲ့ အစားအစာ၊ အထူးသဖြင့် နို့ထွက် ပစ္စည်းတွေကရပါတယ်။ တချို့သစ်ပင်မှရတဲ့ အစားအစာတွေ၊ ဥပမာ အခွံမာသီးနဲ့ အစေ့အဆန်တွေမှာလည်း ဖော့စဖိတ်ဓာတ်ပမာဏကို ထိန်းချုပ်ဖို့ ကူညီနေပါတယ်။ ကျောက်ကပ်ရောဂါ ဖြစ်လာရင် သင့်ခန္ဓာကိုယ်မှာ ဖော့စဖိတ်ဓာတ်ပမာဏ ဟန်ချက်ပျက်နိုင်ပါတယ်။

သွေးထဲမှာ ဖော့စဖိတ်ဓာတ်တွေ ပိုကဲလွန်းလာရင် ယားယံတတ်တဲ့အပြင် ထုံးဓာတ် (ကယ်လ်ဆီယမ်) လျော့ပါးတာကြောင့် အရိုးတွေ အားနည်းပြီး ကျိုးလွယ်လာပါမယ်။ သွေးထဲမှာ ဖော့စဖိတ်ဓာတ်ကို ချုပ်ထိန်းမယ့် ကယ်လ်ဆီယမ်ကာဘိုနိတ်(calcium carbonate)ကို စားသောက်ပေးဖို့ လိုအပ်လာပါတယ်။ ထမင်းစားချိန်မှာ ကယ်လ်ဆီယမ်ကာဘိုနိတ် ဓာတ်ပါအောင် စားပေးသင့်ပါတယ်။

အောက်ဖော်ပြပါ အစားအစာတွေမှာ ဖော့စဖိတ်ဓာတ်အများအပြား ပါဝင်နေပါတယ်။
Untitled-1

နို့နဲ့ နို့ထွက်ပစ္စည်းပါတဲ့ အစားအသောက်တွေမှာ ဖော့စဖိတ်ဓာတ်အမြောက်အများပါဝင်တာကြောင့် တစ်နေ့မှာတစ်ခါသာ စားရပါမယ်။

ပိုတက်စီယမ်
သွေးထဲမှာ ပိုတက်စီယမ်တွေ မြင့်မားစွာ ပါဝင်နေရင် နှလုံးမှာ ပုံမမှန်မှုတွေ ပေါ်တတ်ပြီး အန္တ ရာယ်ကြီးပါတယ်။  ဒါကြောင့် ပိုတက်စီယမ်ပါတဲ့ အစားအသောက်တွေကို အကန့်အသတ်နဲ့ စားရပါမယ်။

ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်အားလုံးမှာ ပိုတက်စီယမ် ပါဝင်ပါတယ်။ တချို့က ချက်ပြုတ်ချိန်မှာ ရေထဲပါသွားပါတယ်။ အာလူးနဲ့ အမြစ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကို အပိုင်းလေးတွေ ဖြစ်အောင် လှီးပြီး ရေများများနဲ့ ပြုတ်လိုက်ရင် ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ကို လျော့နည်းသွားစေနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဆီပူမထိုးခင် (ဆီနည်းနည်းနဲ့ မကြော်ခင်) ပြုတ်ပစ် ရပါမယ်။ ပြုတ်ရည်ကျန်တွေကို လုံးဝမသုံးဘဲ စွန့်ပစ်လိုက်ပါ။

နေ့စဉ် ဟင်းသီးဟင်းရွက် နှစ်မျိုးကိုပဲ ရွေးစားပါ။ အဲဒီဟင်းသီးဟင်းရွက်တွေကိုလည်း ပိုတက်စီယမ်ပါဝင်မှု နည်းတဲ့ အမျိုးအစားကိုပဲ ရွေးချယ်ပါ။ ပိုတက်စီယမ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်တွေ ကိုတစ်ခါတစ်ရံပဲစားပါ။ ဥပမာ တစ်ပတ်နှစ်ကြိမ်သာ။

ပိုတက်စီယမ် နည်းသော ဟင်းသီးဟင်းရွက်များ (အဓိကရွေးရန်)
ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီးအပွ၊ သခွားသီး၊ ကျောက်ဖရုံသီး၊ ဆောင်းဖရဲ၊ သခွားမွှေးသီး၊ ဆ လတ်ရွက်၊ ပဲပင်ပေါက်၊ တရုတ်မုန်လာဥ၊ ဟင်းသီး ဟင်းရွက်စုံ၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ပဲတောင့် ရှည်၊ ပြင်သစ်ပဲတောင့်၊ ကြက်သွန်နီ၊ သခွားဖရုံသီး။

ပိုတက်စီယမ် အသင့်အတင့်ပါသော ဟင်းသီး ဟင်းရွက်များ (တစ်ပတ် သုံးကြိမ်ရွေးရန်)
ရုံးပတီသီး၊ တရုတ်ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်မြိတ်ကြီးမျိုး၊ တရုတ်နံနံကြီး၊ ဟင်းခတ် ကြက်သွန်မြိတ်တစ်မျိုး၊ ကညွတ်၊ ငရုတ်သီး(အစိမ်း၊ အနီ)၊ ပဲနီလေး (ပြုတ်၊ ပဲဟင်း)၊ ပဲသီး (အစိမ်း၊ အခြောက်)၊ ရွှေဖရုံသီး၊ ပဲလိပ်ပြာမျိုး၊ သကြားပြောင်း၊ ခရမ်းချဉ်သီး။

ပိုတက်စီယမ် မြင့်မားစွာပါသော ဟင်းသီးဟင်းရွက်များ (တစ်ပတ် နှစ်ကြိမ်ရွေးရန်)
ကိုက်လန်၊ မုန်ညင်းရွက်၊ ဂေါ်ဖီထုပ်စိမ်း၊ ကန်စွန်းဥရွက်၊ သစ်တက်မှို၊ မှို(လတ်လတ်ဆတ်ဆတ်)၊ အာလူးမျိုးစုံ(အာလူးကြော်အပါအဝင်)၊ မျောက်ဥ၊ ကန်စွန်းဥ၊ ခရမ်းချဉ် (ဟင်းအနှစ်)၊ ကြာ၊ ကုလားပဲ၊ ရေမှော်ပင်။

သစ်သီး

ပိုတက်စီယမ်နည်းသော သစ်သီးများ
ပန်းသီး၊ သစ်တော်သီး၊ စောင်းလျားသီး၊ ဖရဲသီး၊ နာနတ်သီး၊ ဂရိတ်ဖရု (ရှောက်ခါးသီးကြီး)၊ သံပရိုသီး၊ မင်းဂွတ်သီး၊ နှင်းသီး၊ ဘလူးဘယ်ရီသီး၊ တည်သီး၊ လိုင်ချီး(စည်သွပ်)၊ မက်မွန်(စည်သွပ်)၊ မက်မွန်ရည်၊ နာနတ် (စည်သွပ်)၊ နာနတ်ရည်၊ သီးစုံ (စည်သွပ်)၊ သီးစုံရည်စတာတွေက ဆီးချိုရောဂါသည်တွေအတွက် မဟုတ်ပါ။

ပိုတက်စီယမ် အလတ်စားပါသော သစ်သီးများ (တစ်ပတ် သုံးကြိမ်)
သင်္ဘော၊ မာလကာ၊ လိမ္မော်(တရုတ်)၊ သံပရာ၊ ကျွဲကော၊ လိုင်ချီး(လတ်လတ်ဆတ်ဆတ်)၊ မက်မွန်၊ စူကာသီး၊ တရုတ်ဆီးသီး (ဇီးသီး)၊ စတော်ဘယ်ရီ၊ ချယ်ရီ(ဘူးသွပ်)။

ပိုတက်စီယမ် မြင့်မားစွာပါသော သစ်သီးများ(ရှောင်ပါ)
ငှက်ပျောသီး၊ သရက်သီး၊ စပျစ်သီး၊ ကီဝီသီး၊ သခွားမသီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ အစေ့မဲ့ စပျစ်ခြောက်၊ စွန်ပလွံသီး၊ သဖန်းသီး၊ ချယ်ရီ (လတ်လတ်ဆတ်ဆတ်)၊ ထောပတ်သီး၊ မက်မွန်တစ်မျိုး၊ တလည်းသီး၊ ဆီးသီး (ဇီးသီး) ခြောက်။

ရှောင်ရမည့် ပိုတက်စီယမ်များသော အစားအသောက်များ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဖျော်ရည်အားလုံး၊ မိုင်လို၊ ဟောလစ်၊ အိုဗာတင်း၊ ကိုကိုး (လိုအပ်ရင် တစ်နေ့ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းသာသောက်ပါ)၊ ချောကလက်နဲ့ ချောကလက်ပါတဲ့ အစားအစာတွေ၊ ကော်ဖီ၊ နွယ်ချိုဆီ၊ အုန်းသီး၊ မြေပဲထောပတ် အပါအဝင် အစေ့အဆန်တွေ၊ ဝိုင်အရက်အချို၊ ပုလင်း သွပ်ခရမ်းချဉ်သီးနဲ့ ငရုတ်အချည်ရည်တွေ၊ အာလူး ချောင်းကြောင်၊ ပဲလှော်နဲ့ ခရမ်းချဉ်သီး၊ အချည်ရည်၊ အသား၊ ငါးပြုတ်ရည်၊ ဆားအစားထိုး ဆားအတုတွေ၊ ဖွဲနု၊ သကာရည်၊ သလဲရည်၊ အုန်းရည် စတာတွေ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top