Healthy Life Ad
Child

ကိုရီးယားမင်းသား ဂျူမုံ၏ အမြွှာသားသုံးဦး ထိန်းနည်းလျှို့ဝှက်ချက်

၊ ငွေကြယ်စင်ယံ ၊

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ကိုရီးယားမင်းသား ဆောင်အီဂွတ်ဟာ ကိုရီးယားနိုင်ငံကို စတင်တည်ထောင်ခဲ့သူ ဘုရင်ကြီးဂျူမုံရဲ့ ဘဝဇာတ်ကြောင်းကိုတင်ပြထားတဲ့ ရှေးရာဇဝင်ရုပ်သံဇာတ်လမ်းတွဲ ဂျူမုံ (Jumong) ဇာတ်ကားမှာ ဘုရင်ကြီးဂျူမုံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာဝန်းက ကိုရီးယားရုပ်သံ ပရိသတ်တွေရဲ့ အထူးချစ်ခင်အားပေးမှုကို ရရှိထားသူပါ။ မြန်မာပရိသတ်တွေဆိုရင် သူ့ကို ဂျူမုံလို့ပဲခေါ်ကြ၊ သိကြပါတယ်။

အခုအချိန်မှာ ဂျူမုံဟာ သူ့ရဲ့ချစ်စရာကောင်းလှတဲ့ အမြွှာသားသုံးဦးကြောင့် မျက်နှာပွင့်နေပါတယ်။ သူ့သားလေးတွေဟာ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ စားသောက်ကုန်နဲ့ အဝတ်အထည်ပစ္စည်းတွေအတွက် ကလေးကြော်ငြာမော်ဒယ်တွေအဖြစ် သရုပ်ဆောင်နေသလို KBS ရုပ်သံမှ ထုတ်လွှင့်ပြသတဲ့ “Happy Sunday-Superman Returns” တီဗီဇာတ်လမ်းတွဲအစီအစဉ်မှာ ဖခင်ဂျူမုံနဲ့အတူ ပါဝင်ခဲ့ပါတယ်။

(၁) အမြွှာသားသုံးဦးကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး အမြွှာသမီးလေးနှစ်ဦး ထပ်ပြီးလိုချင်သေးတယ်ဆိုတဲ့ မင်းသားဂျူမုံမှာ ကျွမ်းကျင်တဲ့ ဖခင်ကောင်းတစ်ယောက်ရဲ့အရည်အချင်း ပိုင်ဆိုင်တယ်လို့ ကလေးစိတ်ပညာရှင်တစ်ဦးကဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လတ်တလောပြသခဲ့တဲ့ “Superman Returns” အစီအစဉ်မှာ မင်းသားဂျူမုံက သားသုံးဦးကို လူကြီးထမင်းစားပွဲမှာ ဘယ်လိုစားသောက်ရမယ်ဆိုတဲ့ ကျင့်ဝတ်ကို သေချာသင်ပေးနေတဲ့ မြင်ကွင်းကိုကြည့်ပြီး ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။

ဂျုံမုံက သားသုံးဦးကို ထမင်းစားပွဲမှာ အကြီးဆုံးသူကမစားခင် ဘာကိုမှမစားသင့်သေးဘူးဆိုတဲ့အသိကို သေချာသင်ပေးခဲ့ပါတယ်။ ဂျူမုံရဲ့အမြွှာ သားသုံးဦးဖြစ်တဲ့ ဒယ်ဟန်၊ မင်ဂုနဲ့ မန်ဆယ်တို့ကလည်း ဖခင်စားတာကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီးမှ စားခဲ့ကြပါတယ်။

(၂) ၂၀၁၂ ခုနှစ်၊ မတ်လမှာမွေးဖွားခဲ့တဲ့ ဂျူမုံရဲ့ အမြွှာသားလေးသုံးဦးဟာဆိုရင် အခုလာမယ့်၂၀၁၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့ဆိုရင် အသက် (၄)နှစ်ပြည့်ပါပြီ။ ဆောင်အီဂွတ်နဲ့ သားသုံးယောက်ဟာ KBS ရုပ်သံမှ ထုတ်လွှင့်ပြသတဲ့ “Superman Returns” အစီအစဉ်မှာ ပါဝင်ခဲ့ပြီးတဲ့နောက် ကမ္ဘာတလွှားက ပရိသတ်တွေရဲ့ အထူးချစ်ခင်အားပေးမှုကို တခဲနက်ရရှိခဲ့ကြပါတယ်။

ဒီအစီအစဉ်ဟာ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရတဲ့ မိခင်တွေကို ၄၈ နာရီကြာ အနားယူခိုင်းပြီးတော့ ကလေးတွေကို သူတို့ရဲ့ဖခင်တွေက အနီးကပ်ထိန်းကျောင်းပြရတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ ကိုရီးယားအနုပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။

အစီအစဉ်တစ်ခုမှာ ဂျူမုံက စက်ဘီးနဲ့ အမြွှာသားသုံးယောက်ကိုတင်ပြီး အနီးဆုံးပန်းခြံကိုသွားခဲ့တာပါ။ အဲဒီလိုသွားချိန်မှာလည်း ကလေးသုံးဦးကို တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်ရှိနေအောင် ဂျူမုံ ဘယ်လိုထိန်းတယ်ဆိုတာ ပြသခဲ့ပါတယ်။

(၃) ဒယ်ဟန်၊ မင်ကုနဲ့ မန်ဆယ်တို့ ညီအစ်ကိုအချင်းချင်း ချစ်ခင်အောင် ဂျူမုံက အမြဲထိန်းလေ့ရှိပါတယ်။ ကလေးတွေ အချင်းချင်းမပြေလည်ရင် သူက ပြဿနာရှိတဲ့ ကလေးရဲ့အပြုအမူကို ချက်ချင်းပြင်ပေးတဲ့နည်းနဲ့ ကလေးတွေသင့်မြတ်အောင်ထိန်းနိုင်သူပါလို့ ကလေးစိတ်ပညာရှင်တစ်ဦးက သုံးသပ်ထားပါတယ်။

(၄) အမြွှာသားသုံးဦးမွေးစဉ်က ဂျူမုံတို့ ဇနီးမောင်နှံဟာ ကိုယ်အလေးချိန်အနည်းဆုံးဖြစ်တဲ့ မန်ဆယ်အတွက် စိတ်ပူပန်ခဲ့ရပါတယ်။ မန်ဆယ်က မွေးဖွားစဉ်မှာ ကိုယ်အလေးချိန် သုံးပေါင်ကိုးအောင်စပဲ ရှိတဲ့အတွက် သူ့အကြားအာရုံကို နှစ်ကြိမ်-သုံးကြိမ် ပြန်စမ်းခဲ့ရပါတယ်။

အမြွှာသားသုံးဦးထဲက အကြီးဆုံး ဒယ်ဟန်အတွက် ခက်ခဲတဲ့အချိန်က သူတို့ကိုယ်ဝန်ဆောင်စဉ်က ဖြစ်ပါတယ်။ သူ့အနေအထားက တခြားအမြွှာကလေးနှစ်ယောက်ရဲ့အောက်မှာဖြစ်တဲ့အတွက် သက်သောင့်သက်သာမရှိခဲ့ပါဘူး။

သူ့ကိုယ်သူ အဆက်မပြတ်ကုတ်ခြစ်တတ်တဲ့ မင်ကုအတွက် အိပ်ရေးပျက်တဲ့ညတွေ အများကြီးရှိခဲ့တယ်လို့ ဂျူမုံကဆိုပါတယ်။

ပိုပြီး ခက်ခဲဝမ်းနည်းခဲ့ရတဲ့ အခိုက်အတန့်ကတော့ ဒီကလေးသုံးဦး ကိုယ်ဝန်ဆောင်စဉ်မှာ ဆရာဝန်က အမြွှာကလေးသုံးဦးထဲက တစ်ဦးကိုဖျက်ချဖို့ အကြံပေးခဲ့ချိန်ပဲဖြစ်ပါတယ်။ အကြောင်းကတော့ အမြွှာသားသုံးဦးရှိနေတဲ့အတွက် ဇနီးသည်ရဲ့ နှလုံးနဲ့ အမြွှာကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဆရာဝန်ကအကြံပြုခဲ့တာပါ။ ဒါပေမဲ့ဂျူမုံနဲ့ သူ့ဇနီးက ဆက်လက်ကိုယ်ဝန်ဆောင်ဖို့ သဘောတူခဲ့ပြီး ခက်ခဲတဲ့ကာလကို အတူကျော်ဖြတ်ခဲ့ကြပါတယ်။

“ကျွန်တော့်ဇနီးက တကယ်စိတ်ဓာတ် ကြံ့ခိုင်သူပါ။ ဒီအမြွှာသားသုံးဦးကို ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ မွေးဖွားရက်မတိုင်ခင်တစ်လအလိုမှာ အလွန်အမင်းနာလွန်းလို့ သူငိုခဲ့ရပါတယ်” လို့ ဂျူမုံကပြောပြရင်း စိတ်မကောင်းစွာ မျက်ရည်ကျနေခဲ့ပါတယ်။

ဒီအကြောင်းတွေကိုကြားသိရတဲ့ သူ့ပရိသတ်တွေက ဂျူမုံကိုတာဝန်ကျေတဲ့ ခင်ပွန်းကောင်းအဖြစ်သာမက လေးစားထိုက်တဲ့ ဖခင်ကောင်းအဖြစ် သဘောကျအားပေးနေကြပါတယ်။

(Ref;KDM)

Most Popular

Healthy Life Ad
To Top