Healthy Life Ad
Life Style

သူ့အတင်းပြောတယ်လို့ ထင်နေတဲ့သူ . . .

ဒေါက်တာဦးဇော်စိန်လွင် (ဆေးရုံအုပ်ကြီး-ငြိမ်း)
စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး

ကိုဇင် . . ကိုဇင့်ကြောင့် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်အားလုံး စိတ်ညစ်နေရပြီ။ အရင်ကတော့ ဒီရုံးက လုပ်ဖော်ကိုင်ဖက်အားလုံး ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးရှိတဲ့ နေရာပါ၊ အခုတော့ အချင်းချင်း စိတ်ဝမ်းကွဲချင်သလိုလို၊ မတည့်ချင်သလိုလို ဖြစ်နေရပြီ။ တစ်နေ့တစ်နေ့ အတိုင်အတောထူလွန်းလို့ မန်နေဂျာ ဦးထူးကြီးလည်း စိတ်ညစ်နေတယ်။ နောက်ဆုံးကျမှ အကြောင်းရှာလိုက်တော့ အလုပ်ထဲကို ကိုဇင်ဆိုတဲ့ ဝန်ထမ်းသစ်ရောက်လာပြီးမှ ဖြစ်ရတယ်ဆိုတာ သဘောပေါက်မိတော့တယ်။

အလုပ်ထဲကို ဝန်ထမ်းသစ်အနေနဲ့ ဝင်လာတုန်းက ဒီလောက် မဆိုးဘူးလို့ ထင်နေတာပါ။ လူကတော့ အနည်းငယ် ပြည့်တင်းပေမယ့် ပြုံးပြုံး . . ပြုံးပြုံး . . စကားကို ညင်ညင်သာသာ ပြောတတ်တော့ အားလုံးက ယဉ်ကျေးသိမ်မွေ့သူအဖြစ် ထင်ထားခဲ့ကြတယ် . . ဒါပေမဲ့ အလုပ်ထဲမှာ နှစ်လ လောက်လည်းကြာရော ကိုဇင့်ကို အားလုံးက စိတ်ပျက်လာကြတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုဇင်က ကွမ်းစားတယ်၊ ကွမ်းစားတာ ဘာဖြစ်လဲ၊ သူ့ဘာသာ စားတယ်၊ သူ့ဘာသာ စနစ်တကျ ကွမ်းတံတွေးထွေးပေါ့ . . ဘယ်သူ့အတွက် ဘာဖြစ်စရာလိုသလဲ . . မှန်ပါတယ် . . ဒါပေမဲ့ ကိုဇင် ကွမ်းစားပုံက တစ်မျိုး၊ အလုပ်ထဲမှာ တစ်နေကုန် ကွမ်းကို မပြတ်ဝါးတာ၊ ဝါးပြီးတော့ ထွေးထုတ်တာမဟုတ်ဘဲ အရည်ကော အဖတ်ပါ အကုန်မျိုချပစ်လိုက်တာ . . အစပိုင်းမှာ သူ့ဘေးမှာ ထိုင်တဲ့သူတွေအကုန်လုံး အံ့အားသင့်နေကြတယ်။ မနက်မနက်ဆိုရင် ကွမ်းယာထုပ်လေးငါးထုပ်ပိုက်ပြီး အလုပ်ထဲဝင်လာတဲ့ ကိုဇင်ဟာ ကွမ်းကို တစ်နေကုန် မပြတ်ဝါးပြီး အကုန်မျိုချပစ်တော့တာ။ ဒါက သူ့ဘာသာကြိုက်လို့ စားတာပဲလေဆိုပြီး ကိုဇင့် လုပ်ဖော်ကိုင်ဖက်တွေ လျစ်လျူရှုထားခဲ့ကြတယ်။

ဒါပေမဲ့ နောက်၂ ရက်-၃ ရက်လောက်ကြာတော့ ကိုဇင်ကအချိုးပြောင်းသွားတော့တယ်။ အရင်က အလုပ်တွေကို ခိုင်းရင် လုပ်ပေမယ့် နောက်ပိုင်း မလုပ်တော့။ သဘောကောင်းတဲ့ မန်နေဂျာ ဦးထူး ကြီးက ခိုင်းတဲ့အလုပ်ကိုမလုပ်ဘဲ ပစ်ထားတဲ့ ကိုဇင့် ကို လေသံမာမာနဲ့လုပ်ခိုင်းတော့ ကွယ်ရာမှာအတင်း ပြောတော့တယ်။
“အဲဒီလူကြီးက သူဘာမှမလုပ်ဘဲ ငါ့ကိုပဲခိုင်းနေတယ်” ကိုဇင်က ဦးထူးကြီးအတင်းကို ပါးစပ်ကနေ လိုက်ပြောနေတာ မဟုတ်ဘဲ ဖေ့စ်ဘွတ်ခ်မက်ဆေ့ချ်ကနေ အလုပ်ထဲက လူအားလုံးကို လိုက်ပို့တယ်။ ပြီးတော့-

“ဦးထူးက ကျွန်တော့်ကို မနာလို ဖြစ်နေတာ၊ ကျွန်တော့်အတင်းကို လူတကာ လိုက်ပြောနေတယ် . . လူကြီးဖြစ်ပြီး မထင်ရဘူး” စသဖြင့် ပြောပြန်ရော . .

နောက်ပိုင်းကျတော့ မန်နေဂျာ ဦးထူးကြီးတင်မက သူ့အထက်ဝန်ထမ်းတွေဖြစ်တဲ့ ကိုကောင်းမွန်၊ မလဲ့လဲ့၊ မနီလာ . . စတဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်းပါ အတင်းလိုက်ပြောတော့တယ်။ မလဲ့လဲ့နဲ့ တွေ့ရင် မနီလာအကြောင်း၊ မနီလာနဲ့တွေ့ရင် ဦးထူးကြီးအကြောင်း၊ ဦးထူးကြီးနဲ့ တွေ့ရင် ကိုကောင်းမွန်အကြောင်း . . အဲဒီလို လှည့်ပတ်ပြီးပြောတဲ့အပြင် တခြားသူတွေက သူ့အတင်းကို ပြောနေပါတယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ မက်ဆေ့ချ်ပို့လိုက်၊ Post တင်လိုက်ဆိုတော့ ကိုဇင်နဲ့အတူ အလုပ်လုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး စိတ်ညစ်နေရတော့တယ်။
စိတ်ညစ်ရသူတွေထဲမှာ မန်နေဂျာဦးထူးကြီးက အဆိုးဆုံးပေါ့ . . အလုပ်အကြောင်း သင်ပေးတော့လည်း စိတ်မဝင်စား၊ ကိုဇင့်ကို ဘယ်လိုကိုင်တွယ်ရ ပါ့မလဲ . .

_ _ _
ဒီလူနာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် –

ကွမ်းစားတဲ့ အလေ့အကျင့်က အရည်လည်းမရ၊ အဖတ်လည်း မရတဲ့အတွက် မစားတာ အကောင်းဆုံးပါ။ အခုနောက်ပိုင်းမှာ မြန်မာ့ရိုးရာကွမ်းမဟုတ် တော့ဘဲ အဆန်းထွင်လာတဲ့အတွက် အကျိုးမပြုဘူး၊ အန္တရာယ်တွေကလည်း ပိုများတဲ့အတွက် ကွမ်းစားတာကို လုံးဝရပ်သင့်ပါတယ်။

လက္ခဏာကို ကြည့်ရရင် သူဖြစ်နေတဲ့ အဓိက အချက်က သူများကို မယုံဘူး၊ လူအချင်းချင်း ပေါင်း သင်းဆက်ဆံရေးမှာ သူစိမ်းကို မယုံတာ သဘာဝကျပါတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသမှာ အားလုံးကို ယုံယုံကြည်ကြည်မရှိဘဲနဲ့ ဝေဖန်ပိုင်းခြားပြီး လက်ခံတယ် ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ သူတို့က လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှာတောင်မှပဲ မယုံတဲ့အပြင် သူ့ကိုမှ ရည်စူးပြီး ရည်ရွယ်ထားတဲ့ သံသယ စိတ်ကြီးနေလို့ ထင်တဲ့အတွက် သံသယလွန်တဲ့ ရောဂါရှိတယ်လို့ ယူဆရပါတယ်။

ဒီလို သံသယလွန်စိတ်များတဲ့သူတွေက ကျန်တဲ့ ဉာဏ်ရည်၊ လုပ်ဆောင်နိုင်စွမ်း စတဲ့အပိုင်းတွေမှာ ချို့ယွင်းချက်မရှိပါဘူး။ ဒါပေမဲ့ သူတို့ သံသယစိတ် ရှိတဲ့ အကြောင်းကဏ္ဍအပေါ်မှာတော့ သူတို့က ခါးခါးသီးသီး တစ်ယူသန်စိတ် ရှိပါတယ်၊ ပေါင်းသင်းဆက်ဆံရေး ချို့ယွင်းတယ်၊ တခြား လူမှုဆက်ဆံရေး အားနည်းတယ်၊ ပြီးတဲ့အခါ ခံစားချက်တွေ ပြင်းထန်ပြီး ပေါက်ကွဲတတ်တယ် . . ဒီလိုမျိုးတွေ ရှိလာတဲ့အပြင် ဒီလက္ခဏာမျိုးတွေက ပထမအဆင့်အနေနဲ့ တစ်လထက်ပိုပြီး ဆက်တိုက်ဆိုသလို ဖြစ်လာရင်၊ ဒုတိယအဆင့်အနေနဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ လူမှုရေးနယ်ပယ်မှာ ထိခိုက်မှုတွေ ဖြစ်လာရင်၊ နောက်တစ်ဆင့်တက်ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ ချို့ယွင်းချက်တွေ ရှိလာတယ်ဆိုရင် ဒီ အချက်သုံးချက်ကို ကြည့်ပြီး လူနာက သံသယလွန်တဲ့ ရောဂါရှိတယ်လို့ သတ်မှတ်လေ့ရှိပါတယ်။ ဒီအ ခြေအနေဆိုရင် မဖြစ်မနေ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

ဆေးကုဖို့ လိုတယ်ဆိုပေမယ့် ဒီလူနာတွေက ကိုယ့်ကိုယ်ကိုယ် ရောဂါရှိတယ်လို့ မခံယူထားတဲ့အတွက် ဆေးကုသဖို့ အစပိုင်းမှာ အတော်လေး ခက်ခဲပါတယ်။ အဲဒီတော့ သူ့ကို စောင့်ရှောက်တဲ့ သူတွေအနေနဲ့ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ဆေးကို လက်တွေ့ကျကျ အနည်းဆုံး ရက် ၂၀ လောက် တိုက်ပေးရပါမယ်။ အဲဒီလို ဆေးဝင်အောင် တိုက်ပြီး ရက် ၂၀ လောက် ကြာတဲ့ အခါကျမှ လူနာရဲ့ အပြုအမူ၊ အတွေးအခေါ်နဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားပါလိမ့်မယ်။
(၁) ဆေးကုသဖို့ လိုပါတယ်၊
(၂) ဆေးဝင်အောင် ကြိုးစားပေးဖို့ လိုပါတယ်၊
(၃) နောက်ဆုံး လူနာကိုယ်တိုင် လက်ခံလာတဲ့အခါ ဆေးကို လိုအပ်တဲ့ အချိန်ကာလအထိ စွဲစွဲမြဲမြဲ ကုသသွားမှာ ဖြစ်ပါတယ်။
ဒီတော့ ကိုဇင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ ကိုဇင်ရဲ့ မိဘအုပ်ထိန်းသူတွေကို ဖွင့်ပြောပြပြီး ဆေးကုသမှု ခံယူနိုင်အောင် ကူညီဖို့ တိုက်တွန်းသင့်ပါတယ်။

ကွမ်းစားတာကြောင့် သံသယလွန်ရောဂါဖြစ်တယ်လို့ မဆိုလိုပါ။ ဒါပေမဲ့ ကွမ်းအလွန်အကျွံစား လေ့ရှိတာက မူမှန်အလေ့အကျင့်မဟုတ်ပါဘူး။ ဒါ့အပြင် ကွမ်းယာထဲမှာပါတဲ့ ဆေးရွက်ကြီးနဲ့ တခြားပြုပြင်ထားတဲ့ ၉၂-၉၅ စတဲ့ ဆေးဝါးတွေက စွဲစေတတ်တဲ့အပြင် ဓာတုပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကြောင့် စိတ်ကို ပြောင်းလဲစေတတ်ပါတယ်။ အကောင်းဆုံးကတော့ စွဲစေတတ်တာအားလုံး မစားတာ အန္တရာယ်အကင်းဆုံးပါ။

Most Popular

Healthy Life Ad
To Top