Healthy Life Ad
Child

ကျောင်းမသွားချင်ဘူး မေမေ . .

သား . . ကျောင်းမသွားချင်ဘူး၊ ကျောင်းမသွားချင်ဘူး မေမေ

ဒီမနက်သားကလေးကို ကျောင်းပို့ဖို့ကျောင်းဝတ်စုံ လဲပေးဖို့ကြိုးစားရင်း သားလေးရဲ့တရစပ် ဂျီကျအော်ဟစ်သံကြားတော့ ဒေါ်မြင့်မေ စိတ်ညစ်လှသည်။

သားလေးဖိုးခွားက စကားကလည်းများပြီး အမေးအမြန်းကလည်းထူကာ အဆော့သန်သူမို့ ကျောင်းထားကတည်းက သိပ်စိတ်မချ။

ကလေးကို ကျောင်းကြို၊ ကျောင်းပို့အတွက် စိတ်ချရတဲ့သူ့ဦးလေးဖယ်ရီနဲ့ပဲ ထည့်ရသည်။ အစပိုင်းမှာတော့ ဖိုးခွားလေးကကျောင်းမှာ သက်တူရွယ်တူအပေါင်းအသင်း မိတ်ဆွေတွေနဲ့တွေ့ဆုံရတော့ ကျောင်းသွားဖို့ စိတ်အားထက်သန်လှသည်။

သားရေ . . ထတော့လေ . . ကျောင်းသွားရမယ်လို့များ နှိုးလိုက်ရင် ပထမတန်းကျောင်းသားနှင့်ပင်မလိုက်၊ ငေါက်ခနဲထထိုင်ပြီး မျက်နှာသစ်၊ သွားတိုက် . .ကျောင်းသွားဖို့ပြင်ဆင်စရာရှိတာ ပြင်ဆင်နေတော့တာ . .။

ဒါပေမဲ့ မနေ့ကတော့ ကျောင်းကနေငိုမဲ့မဲ့နဲ့ပြန်လာပြီး အိမ်ရောက်သည်နှင့် ဒေါ်မြမေရင်ခွင်ထဲဝင်ကာ ငိုကြွေးတော့သည်။

သားလေး . . မေ့မေ့သားလေး . . ဘာဖြစ်လို့လဲ . . ဘာဖြစ်လာလို့လဲဆိုပြီး ဒေါ်မြမေထိတ်လန့်တကြား ရင်ပူစွာမေးမြန်းတော့ တော်တော်နဲ့ပြန်မဖြေ။

အတန်ကြာငိုပြီးမှ ဆရာမရိုက်လို့ဆိုပြီး ဖိုးခွားကဖြေသည်။

ဘာဖြစ်လို့ ဆရာမကရိုက်တာလဲဆိုပြီး ဒေါ်မြမေဇွတ်အတင်းမေးတော့ –

သားစကားများလို့တဲ့ . . သူငယ်ချင်းကမေးလို့ သားကပြန်ဖြေလိုက်တာပါ၊ အဲဒါကိုဆရာမက သားကိုအတန်းရှေ့ခေါ်ပြီး ရိုက်တယ် –

ပြောပြောဆိုဆိုနဲ့ဖိုးခွားက သူ့ခြေသလုံးကအရိုက်ခံထားရသည့် ဒဏ်ရာများကိုပြသည်။

ဒေါ်မြမေ အတော်စိတ်မကောင်းဖြစ်သွားသည်။ ဒေါ်မြမေမိတ်ဆွေတစ်ဦးကလည်း ပြောဖူးသည်။ ကျွန်မသားက ကျောင်းမသွားချင်ဘူးပြောလို့ သူ့သူငယ်ချင်းတွေကို မေးကြည့်တော့

ဆရာမကစာမေးတာ သူမဖြေနိုင်လို့ဆိုပြီး စာရတဲ့သူငယ်ချင်းကိုခေါ်ပြီး သူ့နားရွက်ဆွဲခိုင်းတယ်တဲ့ . . ရှက်လွန်းလို့ဆိုပြီး ကျောင်းမသွားချင်ဘူးပြောနေတာ၊ ဆရာမဆီ ကျွန်မအခုသွားတွေ့မလို့ –

အခုလည်းဖိုးခွားတစ်ယောက် ကျောင်းမသွားချင် ဖြစ်နေပြီ။ ဒေါ်မြမေကလည်း အလုပ်တစ်ဖက်နဲ့၊ အလုပ်ကလည်း လချုပ်စာရင်းတွေအပြီးသတ်ရမှာမို့ ဒီနေ့ခွင့်ယူလို့မရ . . စိတ်ညစ်ညစ်နဲ့သက်ပြင်းသာ တွင်တွင်ချမိတော့သည်။

ဒီလိုကလေးတွေအတွက် ဘယ်သူ့မှာတာဝန်ရှိနေပြီလဲ . .

ကလေးအရွယ်မှာမလုပ်သင့်တဲ့ Child Abuse နဲ့ Child Neglect ဆိုတာ ရှိပါတယ်။

Child Abuse ဆိုတာ ကလေးရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ကလေးရဲ့လွတ်လပ်ခွင့်တွေ၊ ကလေးတွေရဲ့ နိုးကြားခွင့်တွေအကုန်လုံးကို ပိတ်ပင်ပြီး ကလေးရဲ့မျှော်လင့်ချက် ဖျက်ဆီးပစ်တာကို Child Abuse လို့ ခေါ်ပါတယ်။ သူ့အခွင့်အရေးတွေကို ထိန်းချုပ်ဖျက်ဆီးပစ်တာပါ။

Child Neglect ဆိုတာက ကလေးရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ကလေးရဲ့ လွတ်လပ်ခွင့်တွေ၊ ကလေးတွေရဲ့နိုးကြားခွင့်တွေ အကုန်လုံးကိုပိတ်ပင်ပြီး ကလေးရဲ့မျှော်လင့်ချက်ကို ဆောင်ရွက်မပေးဘဲထားတာကို ခေါ်ပါတယ်။

ဆရာ၊ ဆရာမတွေရဲ့တာဝန်က ကလေးတွေရဲ့စာရိတ္တမဏ္ဍိုင်၊ ပညာရေးမဏ္ဍိုင်၊ လူမှုရေးမဏ္ဍိုင်ကော ကျန်းမာရေးအခြေအနေကိုပါ အကုန်လုံးပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါတွေကိုမဆောင်ရွက်ပေးရင် သူ့မှာချို့ယွင်းချက် ရှိပါတယ်။ ဆောင်ရွက်ခွင့်မရအောင် ကဲ့ရဲ့တာတွေ၊ ရှုံ့ချတာတွေလုပ်ရင်၊ ပစ်ပေါက်တာတွေလုပ်ရင် ဒါကအပြစ်တစ်ခုပါပဲ။ နောက်တစ်ခုက ကလေးတွေကို ကိုယ့်တာဝန်ကိုယ်မဆောင်ရွက်နိုင်အောင်၊ ကလေးရဲ့နိုးကြားတက်ကြွခွင့်နဲ့ မျှော်လင့်ချက်မဖြစ်ပေါ်အောင် လုပ်တာတွေက Child Neglect လုပ်တာပါပဲ။

ကလေးတွေရဲ့ စိတ်ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ စိတ်ပူပင်မှု (Anxiety) ကစပြီး စိတ်ဖောက်ပြန်တာအထိဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေက ငယ်ငယ်ရွယ်ရွယ်တုန်းကဖြစ်ခဲ့တဲ့ ခါးသီးတဲ့စိတ်ခံစားချက် အတွေ့အကြုံတွေအကုန်လုံး ပါဝင်ပါတယ်။ ကလေးတွေကို အတန်းထဲမှာစာမရလို့ ရှုံ့ချတာ၊ စကားများလို့ လက်လွတ်စပယ် ရိုက်နှက်ပစ်ပေါက်တာတွေက ကလေးတွေရဲ့ဘဝတက်လမ်းတစ်ခုကို အပင်ငယ်ငယ်လေးကနေ အညွှန့်ချိုးလိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဒါက အတော်သတိထားပြီး ပြုပြင်ရမယ့်အချက်ပါ။

ဆရာတွေရဲ့ ကလေးပြုစုပျိုးထောင်ရေး၊ ကလေးတွေရဲ့ ပညာသင်ယူမှုစတာတွေက အလွန်အရေးကြီးပါတယ်။ ကျောင်းဆိုတဲ့ပတ်ဝန်းကျင်ဟာ ကလေးအတွက် ပျော်ရွှင်ရမယ်၊ ရွှင်ပြုံးနိုင်ရမယ်၊ ပေါင်းသင်းဆက်ဆံရေး သိမ်မွေ့ရမယ်၊ ပြီးတော့ နွေးထွေးမှုရှိရမယ်၊ ယုံကြည်မှုရှိရပါမယ်၊ ပညာရေးစနစ်ကို အများကြီးပြန်ပြီးလေ့လာဖို့ လိုအပ်နေပါတယ်။

နိုင်ငံခြားမှာ မူလတန်းကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေဟာ တက္ကသိုလ်သင်နေတဲ့ ဆရာ၊ ဆရာမတွေထက် အများကြီးပိုပြီး ပညာပြည့်ဝနေဖို့ အလေးထားကြပါတယ်။

Most Popular

Healthy Life Ad
To Top