Healthy Life Ad
Life Style

ဉာဏ်ကောင်းပြီး အသက်ရှည်သူတို့၏ ဘဝနေထိုင်မှုဆိုင်ရာ သင်ခန်းစာများ

၊ မိုးမင်းထွန်း ၊

ဟားဗတ်စီးပွားရေးကျောင်းရဲ့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲမှာ ဘဝမှာအောင်မြင်ပြီး ကျန်းမာသက်ရှည်သူတွေက ငယ်ရွယ်သူတွေကို ဘဝနေထိုင်မှုဆိုင်ရာ သင်ခန်းစာကောင်းတွေနဲ့ အတုယူဖွယ်ရာတွေ မျှဝေခဲ့ကြပါတယ်။

– ခေါင်းဆောင်နိုင်စွမ်း

ကိုယ့်အဖွဲ့အစည်း၊ ကုမ္ပဏီရဲ့ ရည်မှန်းချက်ပန်းတိုင်အကြောင်း တတ်နိုင်သမျှများများသိအောင် လုပ်ဆောင်ပါ၊ အဲဒီရည်မှန်းချက်ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ ယုံကြည်ချက်ထားပါ။ အဲဒီပန်းတိုင်ကိုအတူသွားဖို့ အသင်းသားတွေကို ညွှန်ပြပါ။ ဒါဟာ အောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းပါပဲ။

– ဘဝတက်လမ်း

ကိုယ်လုပ်ဆောင်မယ့်အလုပ်အကိုင် တိုးတက်အောင်မြင်ပြီးပြည့်စုံစေဖို့ သုံးနှစ်တာအတွင်း နယူးယော့ခ်ရုံးခန်းမှာ ထိပ်တန်းအရောင်းသမားဖြစ်ခဲ့သူက အခုလိုမျှဝေခဲ့ပါတယ်။ ကိုယ့်အလုပ်မှာ အောင်မြင်မှုရရှိဖို့ ပြဿနာရှိနေတာက ဘာလဲ၊ ကိုယ်က ဘယ်လိုဖြေရှင်းမှာလဲ၊ အဲဒီလိုဖြေရှင်းနိုင်ခဲ့ရင် ဘယ်လိုရလဒ်မျိုး ထွက်လာမှာလဲ . . စတာတွေကို အကြိမ်ကြိမ်စဉ်းစားပြီး အကောင်းဆုံးအဖြေကို ချရေးလိုက်ပါ။ အဲဒီစိတ်ကူးစိတ်သန်းတွေက ကိုယ့်ဘဝလမ်းကြောင်းတိုးတက်ဖို့အတွက် ကောင်းတဲ့အထောက်အပံ့တွေပါပဲ။

– လက်ထပ်ခြင်းနှင့် မိသားစုဘဝ

အိမ်ထောင်ဖက်ရွေးချယ်မယ်ဆိုရင် သင့်ကိုနားလည်ပြီး ပံ့ပိုးကူညီနိုင်မယ့်သူကို ရွေးချယ်ပါ။ သင်ကလည်း အလားတူပါပဲ . . သင် နားလည်မှုပေးနိုင်ပြီး ပံ့ပိုးကူညီချင်စိတ်ရှိသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ပါ။ တစ်ဦးနဲ့တစ်ဦး ဗဟုသုတ၊ အတွေ့အကြုံ၊ လူမှုဆက်ဆံရေးနဲ့ စွမ်းဆောင်ကြိုးစားနိုင်စွမ်းစတာတွေ ပိုအားကောင်းသထက်ကောင်းလာအောင် ကူညီပံ့ပိုးနိုင်ရင် ဘဝကပိုပြီး သာယာလှပနေမှာပါ။ ဒါက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးရဲ့သော့ချက်လည်း ဖြစ်ပါတယ်။

သင့်ဇနီး / ခင်ပွန်းနဲ့ သင့်ကလေးတွေကို သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ နေ့စဉ်နေ့တိုင်း ပြောပြပေးပါ။ တစ်ခါတလေပြောဖို့ စိတ်မပါရင်တောင် ပြောသင့်ပါတယ်။ အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ သင်နဲ့အတူ ပြဿနာတွေ မယူလာပါနဲ့။ တတ်နိုင်သမျှ သင့်အိမ်ထောင်ဖက်နဲ့ကလေးတွေကို သင့်ကြောင့်ပျော်ရွှင်နိုင်အောင် ပံ့ပိုးကူညီလိုက်ပါ။
မိသားစုကို အချိန်များများပေးတာ၊ မပေးတာထက် မိသားစုနဲ့အတူနေရတဲ့ အချိန်တိုင်းတန်ဖိုးရှိအောင် ကြိုးစားလိုက်ပါ။

– စီးပွားရေး

စီးပွားရေးလုပ်တဲ့အခါမှာ ဆုံးဖြတ်ချက်တစ်ခုတည်းကိုပဲ တစ်သမတ်စွဲကိုင်ထားလို့ မရပါဘူး။ ပေါ်လာတဲ့အခြေအနေ၊ ပြဿနာရပ်ပေါ်မူတည်ပြီး အကောင်းဆုံးလို့ယူဆတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရတာပါ။

– စီးပွားရေးလုပ်တဲ့အခါ ဘယ်တော့မဆို ငွေကပိုလိုနေတတ်ပြီး အချိန်ကလည်း ပိုပြီးလိုအပ်နေတတ်ပါတယ်။

– စီးပွားရေးလုပ်တဲ့အခါ ဘယ်ဆုံးဖြတ်ချက်မဆို ‘ကောင်းလွန်းတယ်’ ဆိုတာမျိုးမရှိဘဲ ဒီအခြေအနေအတွက် အကောင်းဆုံးပဲဆိုတာမျိုးသာ ရှိပါတယ်။

– စီးပွားရေးလုပ်တဲ့အခါ ကိုယ့်အတွက်သာမက ကိုယ်နဲ့အတူ တွဲဖက်လုပ်ဆောင်နေရသူတွေအတွက်ပါ မြင့်မားတဲ့မျှော်လင့်ချက် ထားပေးပါ။

– စီးပွားရေးလုပ်တဲ့အခါ ဉာဏ်ကောင်းပြီး တက်ကြွတဲ့လူတွေနဲ့ တွဲဖက်လုပ်ဆောင်တာက သင့်အောင်မြင်မှုရဲ့ လမ်းစပါပဲ။

– ကျက်သရေရှိရှိ အိုမင်းခြင်း

အသက်အရွယ်အရ ပင်စင်ယူလိုက်ရရင်တောင် အလုပ်တစ်ခုတည်းအတွက်ပဲ ပင်စင်ယူသင့်ပါတယ်။ အရာရာတိုင်းအတွက် မဟုတ်ပါဘူး။ တချို့အလုပ်တွေကို ကိုယ်စွမ်းဆောင်နိုင်သလောက် ဆက်လက်လုပ်ဆောင်ပေးပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေလုပ်ပြီး ကမ္ဘာလောကအကြောင်း၊ ကိုယ့်နိုင်ငံအကြောင်း အမြဲတမ်းစူးစမ်း လေ့လာနေရပါမယ်။

– အလှူဒါန

ဘဝဆိုတာကိုယ်တိုင်၊ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုးသားချင်း စတာတွေကို ထောက်ပံ့ပျိုးထောင်နေရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်စိတ်လုံခြုံပြီး ကြည်နူးနေအောင် စွမ်းဆောင်ပေးဖို့လည်း လိုပါတယ်။ မရှိဆင်းရဲသားတွေကို ပေးကမ်းတာမျိုးဟာ ကိုယ့်ဘဝရပ်တည်မှုအတွက် တန်ဖိုးရှိတဲ့ခံစားချက်ဖြစ်ပြီး အသက်ဘယ်လောက်ကြီးကြီး အိုမင်းနေပြီဆိုတဲ့အတွေးတွေနဲ့ စိတ်ဓာတ်ကျမနေတော့ပါဘူး။

– ပျော်ရွှင်မှုနှင့် အောင်မြင်မှု

အောင်မြင်မှုနဲ့ပျော်ရွှင်မှုကို ချစ်သူတွေလိုတွဲဖက်နိုင်အောင် ကြိုးစားပါ။ အောင်မြင်မှုဆိုတာ လက်နက်ကောင်းဖြစ်ပြီး အဲဒီစွမ်းအားနဲ့ တခြားသူတွေရဲ့ ဘဝအောင်မြင်မှုတွေကို ပျိုးထောင်ပေးနိုင်မှာပါ။ ဒါမှသာ ပျော်ရွှင်မှုအစစ်အမှန် ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

– ဘဝသင်ခန်းစာများ

ဘဝမှာ အသက်မွေးဝမ်းကျောင်းနှစ်ခု ဖြတ်သန်းခဲ့ပြီးမှ အောင်မြင်လာတဲ့ဂျို့စ်က လူငယ်တွေကို သင်ခန်းစာ မျှဝေထားပါတယ်။
– ကိုယ်စိတ်ပါဝင်စားတဲ့အလုပ်၊ ကိုယ်တကယ်အာရုံစိုက်နိုင်မယ့် နယ်ပယ်ကိုပြောင်းလုပ်ဖို့ ဘယ်တော့မှ မတွန့်ဆုတ်လိုက်ပါနဲ့။ နှလုံးသားရဲ့အသံကိုနားဆင်ပြီး အဲဒီအတိုင်း မဆုတ်မနစ်ကြိုးစားလိုက်ပါ။

– အလယ်အလတ်လောက်နဲ့ ရောင့်ရဲမနေပါနဲ့။ အလယ်အလတ်လောက်နဲ့ တင်းတိမ်နေတတ်သူတွေက ပျင်းရိနေပြီး အခွင့်အလမ်းကောင်းတွေ လက်လွှတ်ရတတ်သလို ဘဝကလည်း တကယ်ကျေနပ်စရာ မကောင်းတတ်ပါဘူး။ အဲဒီအစား ဘာပဲလုပ်လုပ် အကောင်းဆုံးကြိုးစားပါ။

– ကိုယ်ဝါသနာပါတဲ့အလုပ်ကို ပြောင်းရွှေ့ချိန်မှာ ရလာမယ့်ဆိုးကျိုးတွေကို ကောင်းကောင်းသုံးသပ်လိုက်ပါ။ မအောင်မြင်ခင် အငြင်းခံရတဲ့အခါ စိတ်ဓာတ်ကျမသွားပါနဲ့။

– ခေါင်းဆောင်နိုင်စွမ်းနဲ့ စိတ်တက်ကြွလာအောင် လှုံ့ဆော်နိုင်စွမ်းတွေက အောင်မြင်မှုအတွက် အရေးပါတဲ့အချက်တွေပါပဲ။ သုံးယောက်ထက်ပိုတဲ့ ဘယ်အဖွဲ့အစည်းမဆို ဒီအရည်အချင်းတွေကို အသုံးပြုသင့်နေပါပြီ။

– အရေးပါတဲ့ ဘဝသင်ခန်းစာအနေနဲ့ အလုပ်လုပ်တဲ့အခါ ဘယ်သူ့ကို ယုံရမယ်၊ ဘယ်သူ့ကို မယုံထိုက်ဘူးဆိုတာ မိမိရဲ့အသိစိတ်ထဲမှာ အလိုလိုသိနေတတ်ပါတယ်။ အဲဒါကိုယုံကြည်ပါ။

(Ref;TIME)

Most Popular

Healthy Life Ad
To Top