Healthy Life Ad
Health Tips

လက်သန်စွမ်းစေမည့် လက်လေ့ကျင့်ခန်းများ

၊ ကိုထက် ၊

ကားမောင်းတဲ့အခါ၊ စာရိုက်တဲ့အခါ၊ စာရေးတဲ့အခါ၊ ဟင်းချက်တဲ့အခါ၊ ပန်းချီဆွဲတဲ့အခါ . . ဘာအလုပ်ပဲလုပ်လုပ် အများအားဖြင့်လက်တွေကို အားထားနေရတာ များပါတယ်။ ဒါကြောင့် လက်ကြွက်သားတွေသန်စွမ်းပြီး လက်ဆစ်နာကျင်ရောင်ရမ်းမှုမရှိစေဖို့ အရေးကြီးပါတယ်။ လက်တွေ သန်စွမ်းနေစေဖို့ ရိုးစင်းလွယ်ကူတဲ့ လက်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးရပါမယ်။

– လက်သီးဆုပ်လိုက် ဖြန့်လိုက်လုပ်ခြင်း

လက်ဖဝါးနဲ့ လက်ချောင်းတွေမှာရှိတဲ့ ကြွက်သားတွေသန်မာစေမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ လုပ်ရတာလည်း လွယ်ကူပါတယ်။ ပထမဦးဆုံး လက်သီးဆုပ်လိုက်ပါ။ တစ်ခုခုကိုထိုးမယ့်ဟန်နဲ့ လက်သီးဆုပ်လိုက်သလိုမျိုး ကျစ်နေအောင်ဆုပ်ထားလိုက်ပါ။ စက္ကန့် ၃၀ လောက်ဆုပ်ထားပြီးမှ လက်ချောင်းတွေကို မြန်နိုင်သမျှ ခပ်မြန်မြန်ပြန်ပြီး ဖြန့်ထုတ်လိုက်ပါ။ အဲဒီလို လက်သီးပြန်ဆုပ်လိုက် ဖြန့်လိုက်လေ့ကျင့်ခန်းကို လက်နှစ်ဖက်လုံး လေးကြိမ်ခန့် ပြုလုပ်ပေးပါ။

– စားပွဲပေါ်မှာ လက်ချောင်းများ ဆန့်ထုတ်ခြင်း

စားပွဲ ဒါမှမဟုတ် ညီညာကျယ်ပြန့်တဲ့ မျက်နှာပြင်တစ်ခုခုရှိဖို့ လိုပါတယ်။ ပထမဦးဆုံး စားပွဲမျက်နှာပြင်ပေါ်မှာ လက်ဖဝါးတင်ပြီး လက်ချောင်းတွေကို ဖြောင့်ဖြောင့်ထားထားပါ။ အဲဒီနောက် စားပွဲပေါ်ကို လက်ချောင်းတွေကိုပဲ အားစိုက်ပြီးဖိလိုက်ပါ။ လက်ချောင်းအကြောတွေ တင်းတင်းလေးဖြစ်သွားအောင် ဖိလိုက်ပါ။ သတိထားရမှာကတော့ဖိတဲ့အခါ လက်ကောက်ဝတ်အဆစ်တွေကို အားပြုပြီး ဖိနေတာမျိုး မဖြစ်ပါစေနဲ့။ ယင်းအနေအထားအတိုင်း စက္ကန့် ၃၀ လောက်ထားပြီး လက်ကိုပြန်လျှော့လိုက်ပါ။ လက်နှစ်ဖက်လုံးကို ၃ ကြိမ်ခန့် လုပ်ပေးရပါမယ်။

– လက်ချောင်းတစ်ချောင်းခြင်း ဆွဲမခြင်း

ဒီလေ့ကျင့်ခန်းကလည်း စားပွဲ ဒါမှမဟုတ် ညီညာတဲ့မျက်နှာပြင်ပေါ်မှာ လုပ်ရမှာပဲဖြစ်ပါတယ်။ သင့်လက်ဖဝါးကို စားပွဲမျက်နှာပြင်ပေါ် တင်ထားပါ။ ထို့နောက် ကျန်လက်တစ်ဖက်နဲ့ လက်ချောင်းတစ်ချောင်းချင်းစီကို လက်မကစပြီးလက်သန်းအထိ တစ်ချောင်းချင်းစီအပေါ်ကို တစ်စက္ကန့်စီ ဆွဲမပေးပါ။ လက်တစ်ဖက်ကို ၈ ကြိမ်ကနေ ၁၂ ကြိမ်ထိ လုပ်ပေးနိုင်ပြီး လက်နှစ်ဖက်လုံး တစ်လှည့်စီလုပ်ပေးပါ။

– လက်ချောင်းကုပ်လိုက်၊ ဆန့်လိုက်လုပ်ခြင်း

လက်ချောင်းကုပ်လိုက်၊ ဆန့်လိုက်လုပ်တဲ့လေ့ကျင့်ခန်းဟာ လက်ချောင်းအဆစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်းကို ပိုကောင်းစေပါတယ်။ လုပ်ရမယ့်နည်းက လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီသလိုကပ်ပြီး လက်ချောင်းတွေကို ကွေးလိုက်ပါ။ စက္ကန့် ၆၀ ကြာမှ ပြန်ဆန့်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ထပ်ခါထပ်ခါ လေးကြိမ်ပြုလုပ်ပေးပါ။

– လက်မကို လှည့်ခြင်း

ဒီလေ့ကျင့်ခန်းက လက်မအဆစ်ကို သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းပါ။ အရင်ဆုံးလက်မကို မတ်မတ်ထားပြီး နာရီလက်တံအတိုင်း ၈ – ၁၂ ကြိမ် လှည့်ပေးပါ။ ပြီးမှ နာရီလက်တံပြောင်းပြန်အတိုင်း ၈ – ၁၂ ကြိမ် လှည့်ပါ။ တခြားလက်ကိုလည်း ဒီအတိုင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။

(Ref;Fitnessbin)

Most Popular

Healthy Life Ad
To Top