Healthy Life Ad
Health Tips

အသည်းအဆီဖုံး ရောဂါရှိသူတို့အတွက် စားသောက်နေထိုင်နည်း

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

အခုနောက်ပိုင်း မြန်မာလူမျိုးတွေ အသည်းအဆီဖုံးရောဂါ အဖြစ်များလာတာကို တွေ့ရပါတယ်။ အသည်းအဆီဖုံးတဲ့သူတွေဟာ သွေးစစ်လိုက်ရင် အများအားဖြင့် မကောင်းတဲ့ ကိုလက်စထရော(LDL)က များနေတတ်ပါတယ်၊ ပြီးတော့ ထရိုင်ဂလစ်ဆရိုက်အဆီ (TG) တွေလည်း တက်နေတတ်ပါတယ်။

ဒါကြောင့် အသည်းအဆီဖုံးတဲ့ သူတွေက အဓိကအားဖြင့် နံပါတ် (၁) ဆီကြော်စာတွေကို ရှောင်ရပါမယ်။ ဥပမာ ဘူးသီးကြော်၊ ဘယာကြော် စတာတွေ ရှောင်ရပါမယ်။

ပြီးတော့ နံပါတ် (၂) အနေနဲ့ ဟင်းအနှစ်တွေ၊ ကြက်သွန်နဲ့ ခရမ်းချဉ်သီးဟင်း အနှစ်တွေထဲမှာ ကယ်လိုရီ အများဆုံးပါတဲ့အတွက် ရှောင်ရပါမယ်။

နောက် နံပါတ် (၃) အနေနဲ့ အသည်းအဆီဖုံး ရောဂါရှိသူအများစုက အချိုရည် (Soft Drink) တွေသောက်တာကိုလည်း တွေ့ရပါတယ်။ အဲဒီ အချိုရည်ကို လုံးဝ ရှောင်ရပါမယ်။

နံပါတ် (၄) အချက်အနေနဲ့ တိရစ္ဆာန်အဆီတွေ၊ ဥပမာ ဝက်သားအဆီ၊ ဝက်အခေါက် စတာတွေကိုလည်း ရှောင်ရပါမယ်။

ဒီလို အချက်လေးချက်ကို ရှောင်ပြီးပြီဆိုရင် အသည်းအဆီဖုံးသမားတွေက လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို အသက်အရွယ်ပေါ် မူတည်ပြီး သင့်တော်တဲ့နည်းရွေးပြီး လုပ်သင့်ပါတယ်။ တကယ်လို့ တခြားလေ့ကျင့်ခန်းတွေကို မလုပ်နိုင်ဘူးဆိုရင် လမ်းလျှောက်ပေးရပါမယ်။ တစ်ရက်ကို အနည်းဆုံး နာရီဝက်ခန့်၊ ခြေလှမ်း ခြောက်ထောင်နဲ့ တစ်သောင်းကြား လမ်းလျှောက်မယ်ဆိုရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တကယ်လို့ လမ်းလျှောက်တာထက် ပိုပြီးလုပ်နိုင်တယ်ဆိုရင် ယောဂကျင့်တာမျိုး၊ ရေကူးတာမျိုး၊ စက်နဲ့ လမ်းလျှောက်တာမျိုး လုပ်ပေးမယ်ဆိုရင် အသည်းအဆီဖုံးတာက လျော့ကို လျော့လာပါတယ်။

အသည်းအဆီဖုံးတာက ပိန်တဲ့သူတွေ မဖြစ်ဘူးလို့လည်း မဟုတ်ပါဘူး၊ ပိန်ချင် ပိန်မယ်၊ ဝချင် ဝမယ် . . အာထရာဆောင်း ရိုက်လိုက်လို့ စပြီး အသည်း အဆီဖုံးတာတွေ့ပြီဆိုတာနဲ့ စောစောက ပြောတဲ့ အစားအသောက်လေးမျိုးကို ရှောင်ရမယ်၊ ပြီးတော့ လေ့ကျင့်ခန်းကိုလည်း မှန်မှန် လုပ်ပေးမယ်ဆိုရင် တစ်နှစ်အတွင်း အသည်းအဆီဖုံးတာ သက်သာသွားပါတယ်။ တကယ်လို့ ဒီအတိုင်း မလိုက်နာဘဲ နေချင်သလို နေမယ်ဆိုရင်တော့ နောင်နှစ် ၂၀မှာ အသည်းကင်ဆာ ဖြစ်သွားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top