Healthy Life Ad
Health Tips

လစဉ် ရာသီစက်ဝန်းကို ထိခိုက်စေတဲ့ အကျင့်တွေ ရှောင်ရအောင် . . .

စူး(ဆေးဝါးတက္ကသိုလ်)

ပျမ်းမျှအားဖြင့် နောက်ဆုံးလာခဲ့တဲ့ ရာသီ စက်ဝန်းရဲ့ ပထမဆုံးနေ့ လွန်ပြီးချိန် ၂၈ရက်ကြာတိုင်း ရာသီထပ်လာ တတ်ပါတယ်။ တစ်ခါတလေ ရာသီလာတာ နည်းနည်းစောတာ ဒါမှမဟုတ် နည်းနည်းနောက်ကျတာ ဖြစ်တတ်ပါတယ်။ ဒီလို ပုံမှန်လည်ပတ် မနေဘဲ ရာသီလာတာ နည်းလွန်း များလွန်းတာ၊ ရာသီလာရက် ကြာတာ၊ တိုတောင်း တာနဲ့ မကြာခဏ လာတာ စသဖြင့် ကမောက်ကမတွေ ဖြစ်နေပြီဆိုရင် ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း အောက်ပါ အမူအကျင့်တွေ လုပ်ဆောင်မိခဲ့သလား ဆိုတာကို ဆန်းစစ်သင့်ပါတယ်။

– လေ့ကျင့်ခန်းကို ပြင်းထန်စွာ လုပ်ဆောင်ခြင်း

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်တာက ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ရင် အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းက ထိခိုက်စေနိုင်ပါတယ်။ အဲဒီလို လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်တာကြောင့် ရာသီမလာတာနဲ့ ရာသီကမောက်ကမ ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။

– ကိုယ်အလေးချိန် များလွန်းခြင်း
ကိုယ်အလေးချိန် များလွန်းတာက သင့်ကိုယ်နေဟန်ကို ထိခိုက်စေရုံသာမက လစဉ် ရာသီစက်ဝန်းကိုလည်း ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်မှာ အဆီများလွန်းတဲ့ အတွက် ဟော်မုန်းစနစ်ကို ထိခိုက်စေနိုင်တာပါ။ ကိုယ်အလေးချိန် များလွန်းတာကြောင့် အမျိုးသမီး ဟော်မုန်း အီစထရိုဂျင် အဆင့်ကို မြင့်တက်စေနိုင်သလို သားအိမ်နံရံ ထူထဲလာပြီး သားဥအိမ်ကနေ လစဉ် သားဥတစ်လုံးစီ မထွက်နိုင်တော့တာမျိုး ဖြစ်တတ် ပါတယ်။ နောက်ဆုံးမှာ ရာသီအလာများတာမျိုး ဖြစ်တတ်ပါတယ်။

– ခန္ဓာကိုယ် ပိန်လွန်းခြင်း

ကိုယ်အလေးချိန် များတာလိုပဲ ကိုယ်အလေးချိန် နည်းပြီး ပိန်လွန်းတာက လစဉ် ရာသီလာတဲ့ ပြဿနာ ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ကနေ အီစထရိုဂျင် အလုံအလောက် မထွက်ရှိလို့ ဖြစ်ပါတယ်။ အဲဒီအတွက် သားအိမ်နံရံ ထူထဲပြီး ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းပေးတာက လစဉ် ရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေရုံ သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

– စိတ်ဖိစီးမှု များလွန်းခြင်း

ရာသီလာတဲ့ နေ့တွေမှာ စိတ်ဖိစီးမှု များတာ သဘာဝပါ။ ဒါပေမဲ့ စိတ်ဖိစီးမှု များလွန်းရင် သင့်ခန္ဓာကိုယ်ရဲ့ မျိုးအောင်နိုင်စွမ်းကို လျော့ကျစေပြီး ရာသီ မလာတာကိုတောင် ဖြစ်စေနိုင်ပါတယ်။ ကိုယ်ချစ်တဲ့ သူသေဆုံးတာ၊ ကိုယ်ချစ်တဲ့သူနဲ့ ရှင်ကွဲကွဲရတာ၊ ငွေရေးကြေးရေး ပြဿနာရှိတာ၊ နာမကျန်းမှုဖြစ်တာနဲ့ တခြားအကြောင်း တွေကြောင့် စိတ်ဖိစီးမှုများပြီး ရာသီစက်ဝန်း ရပ်သွားတတ်ပါတယ်။

– အိပ်ရေးပျက်လွန်းခြင်း

တစ်ညလုံး အိပ်ရေး ပျက်နေရင် ဒါမှမဟုတ် ညဆိုင်း အလုပ်လုပ်နေရရင် အိပ်ရေး ပျက်စေနိုင်ပါတယ်၊ ရာသီစက်ဝန်းကိုလည်း ပုံမမှန် ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ဇီဝနရီ ထိခိုက်တာကြောင့် ဟော်မုန်း ထုတ်လုပ်မှုကို ထိခိုက်စေပြီး သားဥအိမ်ကြွေတဲ့ ဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်၊ အဲဒီက တစ်ဆင့် ရာသီလာတာကို ထိခိုက်စေနိုင်ပါတယ်။

– စီးကရက် သောက်ခြင်း

ဆေးရွက်ကြီး မီးခိုးထဲမှာ ပါတဲ့ ဓာတုပစ္စည်း ထောင်ပေါင်းများစွာဟာ ခန္ဓာကိုယ်ထဲက ပုံမှန်ဟော်မုန်း အဆင့်ကို ကမောက်ကမ ဖြစ်စေနိုင်ရုံတင်မက လစဉ် ရာသီစက်ဝန်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေက ဆေးလိပ် မသောက်သူတွေထက် ပုံမှန် ရာသီအကြို ဝေဒနာလက္ခဏာကို ပိုပြီး ခံစားနေရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ရာသီစက်ဝန်း ပုံမမှန်ဖြစ်မှုနဲ့ ပြင်းထန်တဲ့ ရာသီအကြို ဝေဒနာလက္ခဏာတွေ ကင်းစင်စေဖို့ ဆေးလိပ်ဖြတ်ရပါမယ်။

– အရက် အလွန်အမင်း သောက်ခြင်း

တစ်နေ့မှာ အရက် တစ်ခွက် သောက်တာကြောင့် နှလုံးကို ကောင်းမွန်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ အရက်ကို အလွန်အမင်း သောက်တာကြောင့် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရက် အလွန်အမင်း သောက်တဲ့အတွက် ဟော်မုန်းအတက်အကျ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လစဉ် ရာသီစက်ဝန်း ပုံမမှန်ဖြစ်စေပြီး ရာသီမလာတာတောင် ဖြစ်တတ်ပါတယ်။

– အချို့ဆေးဝါးများ မှီဝဲခြင်း

ဟော်မုန်း ပါတဲ့ဆေးတချို့ သောက်သုံးနေသူ တွေမှာ ခန္ဓာကိုယ်တွင်း ပုံမှန်ဟော်မုန်း အဆင့် ထိခိုက်ပြီး ရာသီပုံမမှန် လာတာကို ဖြစ်စေနိုင်ပါတယ်။ လက်ရှိမှီဝဲနေတဲ့ ဆေးတွေက သင့်လစဉ်ရာသီကို ထိခိုက်စေတယ်လို့ ထင်ရင် ဆရာဝန်ကို ပြန်လည် ပြောပြသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top