Healthy Life Ad
Life Style

မုံရွာက အသက်၉၅နှစ်ကျော်အဘိုး၏ သက်ရှည်ကျန်းမာခြင်းလျှို့ဝှက်ချက်

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

လူ့သက်တမ်းကို ယေဘုယျအားဖြင့် အသက် ၇၅နှစ်ဟု သတ်မှတ်လေ့ရှိကြ၏။ သို့ရာတွင် အတိမ်းအစောင်း များလှသော၊ ရှုပ်ထွေးခက်ခဲလှသော၊ အကွေ့အကောက်များလှသော လူ့လောကလမ်းမထက်တွင် အသက် ၇၅နှစ်မတိုင်မီ ရောဂါဘယထူပြော၍ သေဆုံးသူ၊ မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ အကြောင်းမလှ၍ သေဆုံးသူ စသဖြင့် များစွာရှိကြပေသည်။ သို့ဖြစ်ပါ၍ ပျမ်းမျှလူ့သက်တမ်းဖြစ်သည့် ၇၅ နှစ်ကို ကျော်လွန်ပြီး အသက် ၉၅ နှစ် အရွယ်အထိ အသက်ရှည်ရုံသာမက အနာရောဂါ ကင်းဝေးစွာနေထိုင်နိုင်သည့် အဘိုးဦးဇဏိလ၏ ဘဝနေနည်းအချို့ကို မျှဝေလိုက်ရပါသည်။

မုံရွာမြို့၊ ဇီးတောကျေးရွာတွင် နေထိုင်သည့် အဘိုးဦးဇဏိလသည် အသက် ၉၅ နှစ်ကျော် ယခု အရွယ်အထိ မျက်စိ၊ နား၊ သွားစသည်တို့ ကောင်းမွန်ဆဲ . . တောင်ဝှေးတစ်ချောင်းဖြင့် အများသူငါလို သွားလာနိုင်နေဆဲ . . အစားအသောက်ကို လူငယ်လူရွယ်များနည်းတူ စားသောက်နိုင်နေဆဲ . .ထို့ပြင် စိတ်ကောင်းစေတနာကောင်း ထားပြီး တရားမှတ်ခြင်း၊ တရားထိုင်ခြင်း စသည့် ဘာသာတရားကိုသက် ဝင်ယုံကြည်စွာ အားထုတ်နိုင်ဆဲ . . ငယ်ရွယ်သူတို့ကို ပြုံးရွှင်စွာ စကားပြောဆိုဆုံးမနိုင်ဆဲဖြစ်သည်။

“အဘိုးသွားလာတဲ့အခါ ဘေးကနေ လူတွေ ဘာတွေ တွဲစရာမလိုပါဘူး၊ တောင်ဝှေးကိုတော့ အကူသဘောနဲ့ ကိုင်သွားတယ်”ဟု အဘိုးဦးဇဏိလက ပြုံးရွှင်စွာပြောကြားခဲ့သည်။ အဘိုးဦးဇဏိလကို မုံရွာမြို့၊ အလုံမြို့နယ်၊ ဇီးတောကျေးရွာတွင် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ အင်္ဂါနေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးက ကောင်းပါတယ်။ သွေးနည်းနည်းတိုးဖူးလို့ အရင်ကဆေးခန်းပြဖူးတယ်. . ဒါပေမဲ့ ဘဝတစ်လျှောက်လုံး အကြီးအကျယ် နေမကောင်းဖြစ်တာမျိုးမကြုံဖူးပါဘူး”ဟု အဘိုးဦးဇဏိလက သူ့ကျန်းမာရေး အခြေအနေကိုပြောပြခဲ့သည်။ ဖခင်ဖြစ်သူက အသက် ၃၀ ကျော်အရွယ်၊ မိခင်ဖြစ်သူက အသက် ၉၆ နှစ်အရွယ်တွင် ဆုံးပါးခဲ့သော အဘိုးဦးဇဏိလက သူတို့မိသားစု၌ မျိုးရိုးလိုက်ရောဂါမရှိကြောင်း၊ သူအသက်ရှည်ရခြင်းကမူ မိခင်ဖြစ်သူ၏ မျိုးရိုးဗီဇကို ဆက်ခံရရှိခြင်းဖြစ်မည်ထင်ကြောင်း တည်ငြိမ်စွာပြောပြခဲ့သည်။

“အဘိုးက နေ့စဉ်ပဲ၊ ပဲရွက်ဟင်း၊ ငပိကြော်၊ ငရုတ်သီးကြော်၊ ဟင်းသီးဟင်းရွက် စတာတွေစားပါတယ်။ ထမင်းကို တစ်နေ့နှစ်ကြိမ် အမြဲမှန်မှန်စားတယ်။ မနက်မိုးလင်းတာနဲ့ ကောက်ညင်းပေါင်း၊ အကြော်နဲ့ ကော်ဖီကို သောက်တယ် . .”ဟု အဘိုး ဦးဇဏိလက သူ၏နေ့စဉ်စားသောက်မှုပုံစံကို ရှင်းပြခဲ့သည်။ မုံရွာမြို့နယ်၊ ဇီးတောကျေးရွာတွင် နေသည့်အတွက် ခြံထွက်ဟင်းသီးဟင်းရွက်များကို အမြဲလတ်လတ်ဆတ်ဆတ် စားသုံးရလေ့ရှိကြောင်း၊ ထိုအချက်ကပင် သက်ရှည်ကျန်းမာရေးအတွက် အထောက်အကူပြုလိမ့်မည်ဟု အဘိုးက ယုံကြည်ထားသည်။

“အစားအသောက်မှန်တယ်။ ဓာတ်(ဝမ်း) မှန်တယ်. . ဒါကြောင့် ကျန်းမာနေတာ . .”ဟု အဘိုးကဆိုသည်။ အဘိုးဦးဇဏိလကို အိမ်ထောင်ရေး အခြေအနေမေးမြန်းကြည့်ရာ အသက် ၂၄ နှစ်အရွယ်တွင် အိမ်ထောင်ကျ ခဲ့ပြီး သားသမီးခြောက်ယောက် ထွန်းကားခဲ့ကြောင်း၊ အိမ်ထောင်ဖက်ကမူ အသက် ၈၂ နှစ်အရွယ်၌ ဆုံးပါး သွားခဲ့ကြောင်းနှင့် အဘိုးသည် ယခုအခါ သားမြေးမြစ်အချို့နှင့်အတူနေထိုင်ကြောင်း သိရသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်၊ အိပ်စက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုဝေဒနာမှ မခံစားရပါဘူး . . မနက်ထတာနဲ့ ခန္ဓာကိုယ်ကမမြဲဘူး . . ဖြစ်ပျက်နေတယ်လို့ မှတ်ပြီးမှ အိပ်ရာကထပါတယ် . . .

“အဘိုးက မျက်စိ၊ နားကောင်းတယ် . . အခု လောလောဆယ် ဘာဝေဒနာမှမရှိဘူး . . နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်၊ အိပ်စက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုဝေဒနာမှမခံစားရပါဘူး . . မနက်ထတာနဲ့ ခန္ဓာကိုယ်က မမြဲဘူး . . ဖြစ်ပျက်နေတယ်လို့မှတ်ပြီးမှ အိပ်ရာကထပါတယ်”ဟု ဗုဒ္ဓဘာသာဝင် အဘိုးဦးဇဏိလကဆိုသည်။ အဘိုးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်မှုရှိပြီး ငယ်စဉ်ကတည်းက ယခုအချိန်အထိ တရားအားထုတ် ခြင်း၊ တရားထိုင်ခြင်းတို့ကို ပုံမှန်ပြုလုပ်လေ့ရှိသူဖြစ်သည်။

“ဘာသာတရားကိုင်းရှိုင်းတော့ စိတ်လည်းထားတတ်ပါတယ်။ အဘိုးနောက်လူတွေ ကွယ်လွန်သွားတာလည်း တွေ့နေတာပဲ . . ခန္ဓာကိုယ်က မမြဲဘူးဆိုတာမှတ်တယ် . . စိတ်ကို သတိနဲ့ကပ်ထားတယ် . . ဒါက ကျန်းမာအောင်အထောက်အပံ့ပြုနေတာပဲ”ဟု အဘိုးဦးဇဏိလက ဘာသာတရား ကိုးကွယ်ယုံကြည်ခြင်းသည် သက်ရှည်ကျန်းမာရေးအတွက် လျှို့ဝှက်ချက်တစ်ရပ်ဟု သူ့ဘဝအတွေ့အကြုံနှင့်ယှဉ်၍ ယုံကြည်စွာ ပြောပြခဲ့သည်။

“လေ့ကျင့်ခန်း အနေနဲ့ဆိုရင် အဘိုးက လမ်းလျှောက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဖြစ်ပါတယ် . . လမ်းလျှောက်တဲ့အခါ တောင်ဝှေးကို အကူသဘောနဲ့ ကိုင်သွားတယ်လေ . . တောင်ဝှေးပါတော့ မလဲတော့ ဘူး၊ ခန္ဓာကိုယ်ကလည်း ဟန်ချက်ညီတယ်”ဟု အဘိုးဦးဇဏိလကဆိုသည် ဘဝတစ်လျှောက်လုံး အကြီးအကျယ်နေမကောင်းဖြစ်ဖူးခြင်းမရှိဘဲ အသက် ၉၅ နှစ်ကျော် အရွယ်အထိ ကျန်းမာသွက်လက်စွာ စားသောက် နေထိုင်သွားလာနိုင်သည့် အဘိုးဦးဇဏိလသည် ငါးပါးသီလကြောင့် သက်ရှည်ကျန်းမာရသည်ဟု ယုံ ကြည်ပြီး “နေလို့ ရသလောက် နေသွားချင်ပါသေးတယ်”ဟုဆိုသည်။ ထိုစကားသည်ပင် သူလျှောက် လှမ်းကျင်လည်ခဲ့ရသော ဘဝခရီးလမ်းကြောင်းအပေါ် ကျေနပ်အားရမှုရှိပုံက အထင်းသား . .။

အသက် ၉၅ နှစ်အရွယ်အထိ ကျန်းမာသက်ရှည်နေသည့် အဘိုးဦးဇဏိလသည် ငယ်ရွယ်သူမြန်မာ လူမျိုးတို့အား- “သက်ရှည်ကျန်းမာအောင် မြင်တာကို မြင်တဲ့အတိုင်း၊ ကြားတာကို ကြားတဲ့အတိုင်းထားပါ၊ အပိုစိတ်တွေ မတွေးပါနဲ့ . . အပိုတွေးရင် ဒေါသ၊ လောဘတွေ ပိုလာတတ်ပါတယ်. . စိတ်ကို သတိနဲ့ကပ်ထားရင် ကျန်းမာနေမှာပါ”ဟု အကြံပြုစကား ပြောကြားလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top