Healthy Life Ad
Life Style

လူအများအားကျလေးစားလာအောင် သင်ဘာတွေ လုပ်ဆောင်သင့်သလဲ

၊ ပြည့်ဝန်းခ ၊

ဘဝမှာအကောင်းမြင်တဲ့စိတ်၊ ပျော်ရွှင်တက်ကြွတဲ့စိတ်၊ ဖြူစင်တဲ့စိတ်ရှိတဲ့သူတွေဟာ ဘယ်အခြေအနေမှာမဆို အများအားကျလေးစားတဲ့ဘဝကို ပိုင်ဆိုင်ရရှိစေပါတယ်။ အဲဒီလို ဖြစ်ချင်တယ်ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို အကြံပြုချင်ပါတယ်။

– ယုံကြည်မှုကို တည်ဆောက်ပါ

သင်ရဲ့ စွမ်းဆောင်နိုင်စွမ်းကိုယုံကြည်ပြီး သင်လုပ်နိုင်တဲ့ အကောင်းဆုံးအနေအထား ပိုင်ဆိုင်ဖို့ သင့်ခွန်အားကို အသုံးချပါ။ သင်နဲ့ လက်တွဲလုပ်ဆောင်သူတိုင်းက သင့်ကို ယုံကြည်မှုရှိနေမှာ ဖြစ်ပါတယ်။

– စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

စိတ်ဖိစီးမှုဖြစ်စေတဲ့ အရာတွေကိုဆန်းစစ်ကာ အဲဒီအရာတွေကို အဆိုးဘက်ကတွေးတောမယ့်အစား အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်လိုက်ပါ။ ကိုယ်မတတ်နိုင်တဲ့ အခြေအနေအတွက် စိတ်ညစ်နေမယ့်အစား ကိုယ်လုပ်နိုင်တဲ့အရာတိုင်းကို အာရုံစိုက်ပြီး ပြောင်းလဲလိုက်ပါ။

– မိတ်ဆွေသူငယ်ချင်းနှင့် မိသားစုအတွက် အချိန်ပေးပါ

သင့်မိတ်ဆွေသူငယ်ချင်း၊ သင့်မိသားစုနဲ့ ကောင်းမွန်တဲ့အချိန်တွေကို အတူဖြတ်သန်းနိုင်တာက ကိုယ့်ကိုယ်ကိုယ်အားဖြည့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

– လူအများကို ကူညီပါ၊ တတ်နိုင်သမျှ အားပေးပါ

တခြားသူတွေကိုကူညီတာကြောင့် သင့်စိတ် ထဲမှာ ကျေနပ်မှုနဲ့ ပီတိဖြစ်မှုတွေ ခံစားရလာပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ်လေးစားစိတ် ပိုရှိလာပြီး ပိုခွန်အားရှိနေမှာပါ။

– သင့်ပြဿနာများကို မျှဝေပါ

သင့်မှာရှိတဲ့ပြဿနာတွေကို တခြားသူတွေကို မျှဝေပြောပြလိုက်တာကြောင့် အဖြေတစ်ခုရလာပြီး အထီးကျန်တဲ့ စိတ်ခံစားချက်လည်း လျော့သွားပါလိမ့်မယ်။

– စိတ်ခံစားမှုကို ဆန်းစစ်ဖြေရှင်းပါ

ကိုယ့်စိတ်ထဲမှာခံစားနေရတဲ့ ဒေါသ၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု စတဲ့ခံစားမှုတွေကို စာရွက်ထဲချရေးလိုက်ပါ၊ ဒါမှမဟုတ် ပန်းချီဆွဲတဲ့နည်းနဲ့ ဖြေရှင်းလိုက်ပါ။

– သူများကို ပံ့ပိုးကူညီပါ၊ သူများဆီက အကူအညီကိုလည်း ရယူပါ

သင့်ကိုအားပေးထောက်ပံ့နေတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေရှိတယ်ဆိုရင် သင့်အတွက် ပိုခွန်အားရှိနေမှာပါ။ အလားတူ သင့်ပတ်ဝန်းကျင်ကလူတွေကိုလည်း သင်ရှိနေတဲ့အတွက် ခွန်အားဖြစ်အောင် ကူညီပံ့ပိုးပေးလိုက်ပါ။

– အစာကို မှန်မှန်ကန်ကန် စားပါ၊ သန်စွမ်းကြံ့ခိုင်စွာ နေထိုင်ပါ

မျှတတဲ့ အစားအသောက်စားတာ၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်တာနဲ့ အနားယူအိပ်စက်တာတွေကို လုပ်ဆောင်ပေးတာကြောင့် စိတ်ရောကိုယ်ပါ အနားရပြီး ဘဝမှာရှင်သန်ရတာကို ပျော်ရွှင်နေပါလိမ့်မယ်။

– ငွေကြေးကို စီမံခန့်ခွဲပါ

ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲရှိရင် စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝင်ငွေ၊ ထွက်ငွေကို အစကတည်းကတွက်ဆပြီး လိုချင်တာတွေအတွက် ငွေမဖြုန်းပါနဲ့၊ လိုအပ်တာတွေအတွက်ပဲ ငွေသုံးသင့်ပါတယ်။

– စိတ်ချမ်းမြေ့မှု ရယူပါ

သင့်ကို တကယ်ပျော်ရွှင်စေတဲ့အရာကို သိနားလည်ပြီး ဘဝနဲ့အလုပ် ဟန်ချက်ညီအောင်ကြိုးစားပါ၊ အဲဒီလို ဟန်ချက်ညီတဲ့အခါ စိတ်ကချမ်းမြေ့ နေပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top