Healthy Life Ad
Life Style

ဘာသာတရားကိုင်းရှိုင်းသူတွေမှာ ဘာအားသာချက်တွေရှိသလဲ..

၊ ငွေကြယ်စင်ယံ ၊

ဘာသာတရား ကိုင်းရှိုင်းသူတွေက တခြားသူတွေထက်စာရင် ကိုယ်စိတ်ကျန်းမာရေးမှာ အားသာချက်တွေ ပိုရှိနေပါတယ်။

– ဘာသာတရားကိုင်းရှိုင်းသူများက ပိုမိုပျော်ရွှင်မှုရှိခြင်း

ဝစ်ကွန်စင်၊ မဲလ်ဒီစင်နဲ့ ဟားဗတ်တက္ကသိုလ်တို့မှ လေ့လာသူတွေက အရွယ်ရောက်သူ ၃၁၀၈ ဦးရဲ့ ဘာသာတရားကိုင်းရှိုင်းမှု၊ ယုံကြည်မှုနဲ့ လူမှုဆက်ဆံရေးအခြေအနေတွေကို မေးမြန်းခဲ့တဲ့အခါ ဘာသာတရားကိုင်းရှိုင်းသူတွေက ဘာသာတရားကိုင်းရှိုင်းမှု မရှိသူတွေထက် ဘဝမှာနေထိုင်ရတာကို စိတ်ကျေနပ်မှု ပိုရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

“လူတွေက ဘုရားကျောင်းသွားတဲ့အခါ သူတို့အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပေါင်းသင်းရတဲ့အတွက် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်မှုရှိပြီး ဘဝမှာ ပိုမိုကျေနပ် နှစ်သိမ့်မှုရှိတာကို တွေ့ရပါတယ်” လို့ လေ့လာသူတွေက ဆိုပါတယ်။

– ဘာသာတရားကိုင်းရှိိုင်းသူများက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုမိုကောင်းမွန်ခြင်း

ဘာသာတရားကိုင်းရှိုင်းသူတွေဟာ အလွန်ပျော်ရွှင်အေးချမ်းပြီး စိတ်ဖိစီးမှုလျော့နည်းတာကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုမိုကောင်းမွန်မှု ရှိရတာပါ။ ဘာသာတရားကိုင်းရှိုင်းတဲ့အခါ လေဖြတ်တာနဲ့ ကင်ဆာတို့လို နာတာရှည်ကျန်းမာရေးဝေဒနာ ရှိသူတွေက ရောဂါအခြေအနေ မြန်မြန်သက်သာလာတယ်လို့ ကိုလံဘီယာ၊ မစ်ဆိုရီတက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိထားပါတယ်။ ဘာသာတရားကို ကိုးကွယ်ကိုင်းရှိုင်းမှုရှိတာကြောင့် နာမကျန်းမှုနဲ့ဆက်စပ်နေတဲ့ စိတ်ဖိစီးမှုနဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ သိသိသာသာတိုးတက် သက်သာလာတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

အိုင်းစတိုင်းကောလိပ်ရဲ့ လေ့လာမှုအရ သွေးဆုံးပြီး အမျိုးသမီးကိုးသောင်းကျော်ဟာ ဘာသာတရား ကိုးကွယ်ကိုင်းရှိုင်းမှုရှိတာကြောင့် စောစောသေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျမှုရှိတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

– ဘာသာတရားကိုင်းရှိုင်းသူများက စိတ်ဖိစီးမှုနှင့်ပူပင်သောကကို ထိန်းချုပ်နိုင်စွမ်းပိုကောင်းခြင်း

လူတွေအမှားလုပ်တဲ့အခါ၊ အမှားတစ်ခုခု ကြုံကြိုက်ရတဲ့အခါ ဦးနှောက်ထဲမှာ တုံ့ပြန်မှုတွေဖြစ်ပြီး ပူပင်သောက များရတတ်ပါတယ်၊ စိတ်ဖိစီးမှု ခံစားရတတ်ပါတယ်။ တိုရွန်တိုတက္ကသိုလ်မှ လေ့လာမှုအရ ဘာသာတရားကိုင်းရှိုင်း သက်ဝင်ယုံကြည်မှုမြင့်မားသူတွေမှာ ဦးနှောက်ထဲစိတ်ဖိစီးမှုကို တုံ့ပြန်တာနဲ့ ဆက်စပ်နေတဲ့အစိတ်အပိုင်း လုပ်ဆောင်မှုလျော့ကျသွားတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အမှားအယွင်းတစ်ခုခု ကြုံတိုင်း စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိပြီး စိတ်တည်ငြိမ်မှု ရှိရတာပါ။

(Ref;MD)

Most Popular

Healthy Life Ad
To Top