Healthy Life Ad
Life Style

ယစ်မျိုးခွန်နှင့် ပြည်သူလူထုကျန်းမာရေး

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

“ကျွန်မရဲ့ မောင်လေး အရက်စွဲရတဲ့ အဓိက အကြောင်းရင်းက အိမ်ထဲကနေ အိမ်ပြင်ထွက်လိုက် တာနဲ့အရက်ဆိုင်တွေကို တွေ့မြင်နေရတာရယ်၊ နောက်တစ်ချက်က အရက်တွေက ဈေးသိပ်ကြီးလွန်းတဲ့ အမျိုးအစားကနေ ဈေးသိပ်ပေါလွန်းတဲ့ အမျိုးအစားအထိ အစုံရနေလို့ပါပဲ”Facebook လူမှုကွန်ယက်၌ မဧပရယ်၏ ထိုရေးသားချက်ကို ထောက်ခံသူအတော်များများက-“ဟုတ်ပါတယ် . . ကျွန်မအမျိုးသား အရက်စွဲရတာလည်း ဒါ့ကြောင့်ပါပဲ”၊ “အရက် ဘယ်လောက်ဖြတ်ဖြတ် အရက်ဆိုင်က ရှောင်လို့မရအောင် မှိုလိုပေါက်နေတော့ သောက်ဖြစ်နေတာပေါ့”၊ “ဈေးပေါတဲ့ အရက်တွေကလည်း များမှများပဲလေ”အစရှိသည့် မှတ်ချက်များ တန်းစီ ရေးသားထားသည်ကို တွေ့လိုက်ရသည်။ အဆိုပါမှတ်ချက်အများစုထဲတွင် ” ကိုယ်သာ အဓိက . . ကိုယ်သာ စိတ်ခိုင်ရင် အရက်စွဲမှာ မဟုတ်ပါဘူး” ဟု ရေးသားထားသော မှတ်ချက်မျိုးကိုတော့ ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က လွှတ်တော်၌ မြန်မာနိုင်ငံ၏ အရက်၊ စီးကရက်အခွန်နှုန်းထားများက အာဆီယံနိုင်ငံများနှင့် စာလျှင် နိမ့်ကျလွန်းသည့်အတွက် ထိုအခွန်များကို တိုးမြှင့်ကောက် ခံရန်အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထိုအဆို နှင့်ပတ်သက်ပြီး “အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး အစရှိတဲ့ ယစ်မျိုးပစ္စည်းတွေရဲ့ အခွန်အခ တိုးမြင့် သွားရင် လူတွေရဲ့အရက်၊ ဆေးလိပ်စွဲတဲ့ ပြဿနာ လျော့ပါးသွားပါ့မလား” ဆိုပြီး ဝေခွဲမရဖြစ်သူများ ရှိကောင်းရှိနေမှာပါ . . ။ မည်သို့ပင်ဖြစ်စေ ယခု အချိန်တွင် ကျွန်မတို့မြန်မာလူမျိုးအများစု၏အရက်၊ ဆေးလိပ်အစရှိသည့် ယစ်မျိုးပစ္စည်းများကို နိစ္စဓူဝ သုံးစွဲမှု၊ ထိုသုံးစွဲမှုကြောင့် ဖြစ်ရသည့် နောက်ဆက်တွဲပြဿနာနှင့် ထိုပြဿနာများ လျော့ပါးစေရန် မည်သို့မည်ပုံ ကိုင်တွယ်ထိန်းချုပ်ရမည်ဆိုသည်ကို ပညာရှင်များ ဝိုင်းဝန်းအဖြေရှာနေကြပြီ ဖြစ်ပါသည်။

“ဒီယစ်မျိုးပစ္စည်းတွေက လုံးဝပိတ်လို့တော့ မရနိုင်ပါဘူး။ ပစ္စည်းတန်ဖိုးအတိုင်း အခွန်တွေ ကောက်ခံလိုက်တဲ့အခါ အရင်ဦးဆုံးဖြစ်လာမှာကတော့ အရက်တွေက ဈေးကြီးလာပါလိမ့်မယ်။ ဈေး ကြီးသွားတဲ့အတွက် တော်ရုံမသောက်ဖြစ်တော့ပါဘူး။ အခွန်အခကို တိုးခြင်းအားဖြင့် အရက်သောက်တဲ့ ဦးရေတွေကို လျှော့ချလာနိုင်တယ်ဆိုတဲ့ အထောက်အထားတွေက အများကြီးရှိနေပါတယ်။

နိုင်ငံတကာမှာ ဆေးလိပ်၊ အရက် အခွန်တိုးကောက်ပြီး ရလာတဲ့ အခွန်အခကို ကျန်းမာရေးလုပ်ငန်းဆောင်တာတွေထဲမှာ တိုးမြှင့်သုံးစွဲဖို့ဆိုတဲ့ အချက်လည်းရှိပါတယ်။ ဒါကြောင့် အခွန်တွေတိုးကောက်တာကို ကျွန်တော်တို့ကကြိုဆိုပါတယ်။ ပြီးတော့ တခြားနိုင်ငံတွေနည်းတူပဲ အခွန်တွေထဲက ရာခိုင်နှုန်းတစ်ခုကို ကျန်းမာရေးလုပ်ငန်းတွေအတွက် ပြန်လည်အသုံးချပေးမယ်ဆိုရင် ပိုပြီးကောင်းမှာဖြစ်ပါတယ်

“ဟု အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး တစ်ဦးက သုံးသပ်ပြောဆိုထားသည်။

နိုင်ငံတကာတွင်သာမက မြန်မာနိုင်ငံတွင်လည်း ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးအစရှိသော ယစ်မျိုးပစ္စည်းများကို ၎င်းင်းတို့၏ တန်ဖိုးများပေါ်မူတည်ပြီး အခွန်အခရာခိုင်နှုန်းများ သတ်မှတ်ကောက် ခံလျက်ရှိကြောင်း၊ အချို့နိုင်ငံများတွင် ကောက်ခံရရှိသည့် အခွန်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကို ကျန်းမာရေး အတွက် ပြန်လည်အသုံးချလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်မူ ယစ်မျိုးပစ္စည်းအတွက် အခွန်အခများ ကောက်ခံနေသော်လည်း မည်သည့်ရာခိုင်နှုန်းကို ကျန်းမာရေးအတွက် ပြန်လည်အသုံးပြုနေသည် ဆိုပြီး တိတိကျကျ ထုတ်ပြန်ချက်မရှိကြောင်း ယင်းက ဆက်လက် ပြောပြခဲ့သည်။

“မြန်မာနိုင်ငံမှာ ယစ်မျိုးခွန်တွေကို ကောက်ခံပြီး ဘယ်နေရာမှာ ပြန်လည်အသုံးချတယ် ဆိုတာမျိုး အစိုးရက တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒါကြောင့် ဘယ်နေရာမှာ ပြန်သုံးတယ် ဆိုတာချပြသင့်တယ်ဆိုပြီး ပြည်သူတွေကို တရားဝင်ထုတ်ပြန်ကြေငြာပေးပါလို့ လွှတ်တော်မှာတင်သွင်းခဲ့ပါသေးတယ်”ဟု ဥပဒေပညာရှင် ဦးဇော်မင်းလှိုင်ကလည်း ပြောပြခဲ့သည်။မြန်မာနိုင်ငံတွင်ချမှတ်ထားသည့် ယစ်မျိုးဥပဒေနှင့်ပတ်သက်ပြီး ဥပဒေပညာရှင် ဦးဇော်မင်းလှိုင်က-
“မြန်မာနိုင်ငံမှာ ယစ်မျိုးဥပဒေနဲ့ ပတ်သက်ပြီး အကြမ်းဖျဉ်းပြောရရင် အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်ပေးထားတဲ့ နေရာတွေက မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ဝန်ကြီး ဌာနဆိုပြီး အဆင့်လေးဆင့်ရှိတဲ့အနက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဌာနကို အာဏာအပ်နှင်းထားပါတယ်။ လိုင်စင်ခွင့်ပြုချက်ကိုပြည်ထဲရေးဝန်ကြီးဌာနက ကြီးကြပ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ချမှတ်ပေးထားတဲ့ လိုင်စင်မရှိဘဲနဲ့ အရက်၊ ဘီယာစတဲ့ နိုင်ငံခြားယမကာဖြစ်ဖြစ်၊ ပြည်တွင်းယမကာဖြစ်ဖြစ် တင်သွင်းတာ၊ အရက်ချက်စက်ရုံတည်ထောင်တာ၊ လက်ဝယ်ထားတာပဲဖြစ်ဖြစ်၊ ရောင်းချတာပဲဖြစ်ဖြစ် လုပ်ရင် ထောင်ဒဏ်ခြောက်လ ဒါမှမဟုတ် ဒဏ်ငွေတစ်ထောင် ဒါမှမဟုတ် ဒဏ်နှစ်ခုစလုံးတပ်ရိုက်ပါတယ်။ အခွန်မဆောင်ထားဘဲနဲ့ ယစ်မျိုးခွန်ပစ္စည်းတွေကိုတင်သွင်းတာ၊ တင်ပို့တာ မလုပ်ရပါဘူး။ လုပ်ရင် ပုဒ်မ ၇ မှာ တားမြစ်ထားပါတယ်။

ပြီးတော့ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုပြီး လက်ဝယ်ထားလို့ မရပါဘူး။ ယစ်မျိုးခွန်မဆောင်တဲ့ ယမကာဂိုဒေါင်တွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေကို တစ်နေရာကနေ တစ်နေရာကို ခွင့်ပြုချက်မရဘဲ ရွှေ့ပြောင်းတာလည်း မလုပ်ရပါဘူး။ သူတို့ကို ထုတ်ပေးထားတဲ့ လိုင်စင်မှာပါတဲ့ နာမည်ကမောင်ဖြူဆိုရင် ခွင့်ပြုချက်မရှိဘဲ မောင်မဲကို လွှဲပြောင်းပေးတာမျိုး မလုပ်ရပါဘူး။ ဒါမျိုးဆိုရင်လည်း ပုဒ်မ ၁၆-၂ နဲ့ ငြိ နိုင်ပါတယ်။ ယစ်မျိုးလိုင်စင်ကို ငှားရမ်းတာလည်း မလုပ်ရပါဘူး”ဟု ပြောပြခဲ့သည်။

“ဒီလိုအခွန်အခတွေ ကောက်တဲ့နေရာမှာ ရှုပ်နေတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ဥပမာ ပြည်ပက ပစ္စည်းတွေကို အခွန်တွေတိုးကောက်ပြီး ဈေးတွေ ကြီးလာတဲ့အခါ ပြည်တွင်းဖြစ်တွေကို အားပေးလာ ကြပါတယ်။ ပြည်တွင်းထုတ် ဆေးပေါ့လိပ်တွေ၊ချက်အရက်တွေကအစ ပိုပြီးသောက်သုံးလာနိုင်ပါတယ်။ ဒီလိုလည်း မဖြစ်သင့်ပါဘူး။ ပြည်တွင်း စက်မှုလက်မှု ကိုအားပေးဖို့အတွက်ဆိုပြီး ပြည်တွင်းထုတ် ပစ္စည်းတွေဆို အခွန်တွေကို လျှော့ကောက်တာတွေရှိပါတယ်။ ပြည်တွင်းဖြစ်ဖြစ် ပြည်ပဖြစ်ဖြစ် အခွန်နှုန်း လျှော့ကောက်တာတွေတော့ မဖြစ်သင့်ပါဘူး။ ညီတူမျှတူဖြစ်မှ ဆေးလိပ်၊ အရက်သောက်သုံးမှုကို ထိန်း ချုပ်နိုင်မှာဖြစ်ပါတယ်”ဆိုသည့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး၏ မှတ်ချက်ကို အသက် ၅၀ အရွယ် ဦးအေးကိုကလည်း ထောက်ခံထားသည်။
“ဟုတ်တယ် . . နိုင်ငံခြားဖြစ်အရက်တွေ ဈေးကြီးသွားတော့ ဈေးသက်သာတဲ့ မြန်မာနိုင်ငံထုတ် အရက်ဘီယာတွေကို တိုးသောက်နေတော့လည်း ဘာထူးမှာလဲ . . အရက်စွဲတဲ့သူက စွဲပြီးအရက်ကြောင့် ကျန်းမာရေး ပြဿနာတွေ ရနေမှာပဲလေ” “တကယ်ဆို အခွန်တွေ တိုးကောက်ရတဲ့ ရည်ရွယ်ချက်က ဆေးလိပ်၊ အရက်သောက်သုံးမှုတွေကို လျှော့ချချင်လို့ဖြစ်ပါတယ်။ ကာကွယ်ခြင်းဆိုတာက အထိရောက်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပါတယ်။ ဈေးတွေကြီးလာတဲ့အခါမှာ ဆေးလိပ်၊ အရက် သောက်သုံးမှုဟာ သိသိသာသာ လျော့နည်း သွားမှာဖြစ်ပါတယ်”ဟု အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးက ကျန်းမာရေးရှုထောင့်မှ သုံးသပ်ထားသည်။

ဆေးရုံဆေးခန်း၊ စာသင်ဆောင်များနှင့် ဘယ်လောက်အကွာအဝေး အတွင်းတွင် ဆေးလိပ် လုံးဝ မရောင်းရ၊ အရက်လုံးဝမရောင်းရ စသည့်စည်းကမ်းများရှိသင့်ပြီး ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများသည် ဆေးလိပ်ကင်းစင်နေရာများ ဖြစ်သင့်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးလိပ်တိုက်ဖျက်ရေး အဖွဲ့များက ဆေးရုံနှင့် စာသင်ကျောင်းများကို ဆေးလိပ်ကင်းစင်နေရာများ ဖြစ်စေရန် လောလောဆယ်တွင် ကြိုးစားနေဆဲပဲ ဖြစ်ကြောင်း ယင်းက ဆိုသည်။

“ဆေးရုံ၊ ဆေးခန်းနဲ့ ဘယ်လောက်အကွာမှာ ယမကာဆိုင်ဖွင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့မရှိပါဘူး။ ဒါပေမဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်အတွင်းမှာတော့ ယစ်မျိုးပစ္စည်းတွေ သုံးစွဲတာမလုပ်ရပါဘူး။ အဲဒီလို သောက်စားမူးယစ်နေရင် ထောင်သုံးလ ကျပါမယ်၊ ဒါမှမဟုတ် ဒဏ်ငွေတစ်ထောင်ကျမယ်၊ ဒဏ်နှစ်ရပ်စလုံးလည်း ချလို့ရပါတယ်။ အပြင်လူက လာသောက်ရင် ဒဏ်ငွေ ၂၀ဝ ကျပ်သတ်မှတ်ပါတယ်”ဟု ဥပဒေပညာရှင် ဦးဇော်မင်းလှိုင်က ပြောသည်။
ယမကာရောင်းချသည့် စားသောက်ဆိုင်များ၊ ယမကာဆိုင်များတွင် အလုပ်သမားအဖြစ် အသက် ၁၆ နှစ်အောက်ကလေးများ၊ စိတ်ကျန်းမာရေးမကောင်းသူများ၊ ရဲများ၊ စစ်သားများ၊ မီးရထားဝန်ထမ်းများနှင့် အမျိုးသမီးများကိုခိုင်းစေခြင်း မလုပ်ရ၊ ယစ်မျိုးပစ္စည်းများ ရောင်းချရာတွင် အဝတ်အစားနှင့်လဲပြီးရောင်းချခြင်း မပြုရ၊ အသက် ၁၈ နှစ်အောက် ကလေးများကိုယစ်မျိုးပစ္စည်းများ မရောင်းရဆိုသည့် ဥပဒေသများ မြန်မာနိုင်ငံတွင် ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။”လိုအပ်လို့ ယစ်မျိုးစီမံချက်အရ ဝင်စစ်ရင် လိုင်စင်တောင်းကြည့်နိုင်ပါတယ်။ တောင်းကြည့်လို့ မပြနိုင်ရင် ပြစ်ဒဏ်ကျခံရပါတယ်။ ယစ်မျိုးပစ္စည်းတွေရောင်းချရမယ့် အချိန်သတ်မှတ်ချက်လည်း ရှိပါတယ်။

တချို့ယမကာတွေကို နံနက် ၆ နာရီ ကနေ ည ၈ နာရီအထိပဲ ရောင်းချခွင့်ပေးပြီး တချို့အရက်တွေကိုတော့ နံနက် ၆ နာရီကနေ ည ၁၁ နာရီအထိပဲ ရောင်းချခွင့်ပေးပါတယ်။ ယမကာမရောင်းရဘူးလို့ သတ်မှတ်ထားတဲ့ နေရာ (ဥပမာ- ရဲစခန်း၊ စစ်တပ်၊ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း) ဆိုတာရှိပါတယ်။ အဲဒီလို ကန့်သတ်ထားတဲ့ နေရာ မှာလာဖွင့်ရင် လိုင်စင်ရှိရင်တောင် ပိတ်ဖို့ ညွှန်ကြားရင် ပိတ်ရပါတယ်

“ဟု ဦးဇော်မင်းလှိုင်က ဆိုသည်။

“ဦးအမြင်ကတော့ အသက် ၁၈ နှစ်အောက်တွေကို ဆေးလိပ်၊ အရက်တွေ လုံးဝမရောင်းချရဘူး ဆိုတဲ့ ဥပဒေကို သေသေချာချာ စည်းကမ်းထိန်းချုပ်မှု အားနည်းတယ်လို့ ထင်ပါတယ်။ ည ၁၁ နာရီ ကျော်ရင် ဘီယာမရောင်းရဘူး စသဖြင့် သတ်မှတ်ချက်တွေရှိပေမယ့် အခုဆို နေရာအတော်များများက ညလုံးပေါက်ရောင်းနေကြတာပါပဲ”ဟု ဦးအေးကိုက ပြောသည်။

နိုင်ငံခြားတိုင်းပြည်အချို့တွင် တရားဝင်လိုင်စင်ရထားပြီး ခွင့်ပြုချက်ရှိသည့် အရက်ဘားများကလွဲလျှင် ကျန်သည့်ဆိုင်များတွင် ည ၁၁ နောက်ပိုင်း အရက်၊ ဘီယာလုံးဝ မရောင်းရ၊ ညလုံးပေါက်ဖွင့်သည့် စတိုးဆိုင်များ၌ပင် အရက်ရောင်းချရန် လိုင်စင်မရှိဘဲ ရောင်းချလျှင် ဖမ်းဆီးအရေးယူလေ့ရှိရာ မြန်မာနိုင်ငံတွင်လည်း ဥပဒေကို တင်းကျပ်စွာ ကိုင်တွယ်ထိန်းချုပ်သင့်ကြောင်း ယင်းက ဆက်လက် ပြောကြားခဲ့သည်။

“ယစ်မျိုးပစ္စည်း (ဆေးလိပ်၊ အရက်၊ မူးယစ် ဆေးဝါးအစရှိတဲ့ ပစ္စည်းတွေ) ရောင်းချတဲ့ ဆိုင်တွေကို လိုင်စင်သက်တမ်း တစ်နှစ်ပဲ ပေးထားပေမယ့် ခြွင်းချက်အနေနဲ့ ထန်းရည်ဆိုင်ကိုတော့ လိုင်စင်တစ်နှစ်ကနေ ငါးနှစ်အထိ သတ်မှတ်ထားပါတယ်။ ပုံမှန်ဆိုရင် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၃၁ ရက် နေ့အထိက သက်တမ်းတိုးရမယ့် ကာလပဲ ဖြစ်ပါတယ်။ ယစ်မျိုးကြီးကြပ်တဲ့အခွန်အရ လက်ရှိတည်ဆဲအခွန်ဥပဒေအရ ၊ရောင်းခွန်၊ ဝယ်ခွန်ဥပဒေအရ ကြီးကြပ်ပါတယ်။ အဲဒီဥပဒေအရ ပုလင်း၊ စီးကရက်ဘူး စတာတွေပေါ်မှာ အခွန်ထမ်းဆောင်ပြီးကြောင်း သင်္ကေတလက္ခဏာ အညွှန်းပါရပါမယ်။ ယစ်မျိုးပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ မူးယစ်ဆေးသုံးတာ၊ ဆူပူအုံကြွအောင် လုပ်တာ၊ လောင်းကစားလုပ်တာတွေ လုပ်ခွင့်မရှိပါဘူး။ ယစ်မျိုးပစ္စည်းရောင်းချတဲ့ ဆိုင်တွေမှာ အမှုတစ်ခုခုကျူးလွန်တဲ့သူပဲဖြစ်ဖြစ်၊ ပြည့်တန်ဆာတွေပဲဖြစ်ဖြစ် စားကျက်ချခွင့် မပြုရပါဘူး။ ပြုရင် ဒဏ်ငွေရှိပါတယ် . . .

ဥပဒေအတိုင်း တကယ်လိုက်နာမှုရှိရဲ့လား ဆိုတာကို တာဝန်အရ လိုက်လံစစ်ဆေး အရေးယူရမယ့်သူက အရေးမယူဘဲ ပျက်ကွက်ရင် တာဝန်ပျက်ကွက်မှုနဲ ့အရေးယူလို့ရပါတယ်။ ဥပဒေမှာပြုလုပ်မှု (Act) နဲ့ပျက်ကွက်မှု (Omittion) ဆိုတာရှိပါတယ်။ ပြုလုပ်မှုကလည်း ပြစ်ဒဏ်ဖြစ်နိုင်သလို ပျက်ကွက်မှုကလည်း ပြစ်ဒဏ်ဖြစ်နိုင်ပါတယ်။ ဥပမာ တားမြစ်ထားတဲ့အရာတစ်ခုကို မလုပ်ပါနဲ့ဆိုပြီး တားထားရက်နဲ့ လုပ်လိုက်ရင် ပြုလုပ်မှုအတွက် ပြစ်ဒဏ်မြောက်ပါတယ်။ အလားတူပဲ ပြစ်မှုမြောက်တဲ့သူတွေကို အရေးယူပါလို့ တာဝန်ပေးခံထားရတဲ့ တာဝန်ရှိပုဂ္ဂိုလ်ကလည်း တာဝန်ကို ထမ်းဆောင်ခြင်းမရှိဘဲ ပျက်ကွက်ရင်လည်း ပျက်ကွက်မှုအတွက် ပြစ်မှုမြောက်တာပါပဲ၊ အဲဒီအခါ တရားစွဲဆိုဖို့ ခွင့်ပြုချက် တောင်းခံပြီး တရားစွဲဆိုနိုင်ပါတယ်”ဟု ဥပဒေအရာရှိဦးဇော်မင်းလှိုင်က ပြောကြားထားပါသည်။

မြန်မာလူမျိုး အများစု၏ အရက်၊ ဆေးလိပ် စွဲလမ်းမှုကြောင့် ဖြစ်ရသော ကျန်းမာရေးပြဿနာများ ကိုလျှော့ချနိုင်ရန် အရက်၊ ဆေးလိပ်စသော ယစ်မျိုးပစ္စည်းများ၏ အခွန်အခများကို တိုးမြှင့်ကောက်ခံရုံသာမက ရရှိလာသော အခွန်အခကို ရာခိုင်နှုန်းသတ်မှတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ထည့် သွင်းအသုံးပြုသင့်ကြောင်း၊ ထို့ပြင်ချမှတ်ထားသော ဥပဒေများနှင့် အညီ လိုက်နာမှုရှိ၊မရှိ စစ်ဆေးပြီး လိုအပ်သလို အရေးယူသင့်ကြောင်း အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးက အလေးအနက် အကြံပြုသုံးသပ်ထားပါသည်။

Most Popular

Healthy Life Ad
To Top