Healthy Life Ad
Life Style

သင်္ကြန်ကာလအတွင်း သတိလစ်စေရန် ပြုလုပ်နိုင်သော ခတ်ဆေးများ သတိထား

ပါမောက္ခဦးကိုကို
(ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

အခုခေတ်မှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ မှုခင်းတွေက အများအပြား ဖြစ်ပျက်နေပါတယ်။ အဲဒီအထဲမှာ Date Rape Drug လို့ခေါ်တဲ့ ဆေးခတ်ပြီး အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာ၊ ပစ္စည်းလုယက်တာ တွေရှိပါတယ်။ Rape Drug လို့ခေါ်ရတဲ့ အကြောင်းရင်းက Rape (မုဒိမ်းမှု) လုပ်တဲ့အခါမှာ သုံးစွဲတတ်ကြလို့ပါ။ အဲဒီဆေးတွေက Rohypnol ( flunitrazepam ) ၊ GHB ( gammahydroxybutyric acid )နဲ့ Ketamine ( ketamine hydrochloride ) ဆိုပြီး အမျိုးအစား သုံးမျိုးရှိပါတယ်။ အဲဒီဆေးတွေက အရည်တွေထဲမှာပျော်ဝင်နိုင်ပါတယ်။ အများအားဖြင့် အရောင်၊ အနံ့ အရသာမရှိတဲ့အတွက် ဘာအရည်နဲ့ပဲ ရောရော ဆေးခတ်ထားတာကို မသိနိုင်ပါဘူး။ အထူးသဖြင့် အရောင်ရင့်တဲ့ အရည်တွေထဲ ရောလိုက်ရင် လုံးဝ မသိနိုင်တော့ပါဘူး။ အချိုရည်၊ အရက် စတဲ့တွေထဲ ဒီဆေးမှုန့်တွေကို ခတ်လိုက်ရင် သောက်မိတဲ့ မိန်းကလေးတွေက သတိလစ်သွားပါတယ်။ တကယ်တော့ ခဏတာ အိပ်ပျော် သွားတာဖြစ်ပါတယ်။ အဲဒီလိုမေ့နေတုန်းမှာ ခန္ဓာကိုယ်က ခုခံနိုင်စွမ်းမရှိတော့တဲ့အတွက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံရတတ်ပါတယ်။ ပြန်လည် သတိရလာချိန်မှာ ကိုယ်ဘာဖြစ်ခဲ့တယ်ဆိုတာကိုတောင် မှတ်မိနိုင်စွမ်း မရှိတော့ပါဘူး။ ဒီနိုင်ငံမှာတော့ ဒီဆေးတွေကို အသုံးပြုပြီး ပစ္စည်းတွေယူသွားတာမျိုးရှိသလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာ မျိုးလည်း ရှိပါတယ်။ တခြားနိုင်ငံတွေမှာတော့ Rape လုပ်တာ (လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာ) များပါတယ်။
ယောကျာ်းလေး၊ မိန်းကလေးမခွဲခြားဘဲ အတူတူ အရက်သောက်တဲ့အခါ ယောကျာ်းလေးတချို့ က မိန်းကလေးသောက်မယ့် အရက်ထဲ၊ အချိုရည်ထဲ ဆေးခတ်လိုက်ကြတာတွေ လုပ်တတ်ပါတယ်။ ဒီဆေးတွေက အာနိသင်ကို ခပ်မြန်မြန်ပြနိုင်ပါ တယ်။ ပြီးတော့ အရက်ထဲ ဒီဆေးကိုရောတယ် ဆိုရင် ဆေးရဲ့အာနိသင်ကိုပိုဆိုးစေပြီး ကျန်းမာရေးကိုလည်း ပိုထိခိုက်စေနိုင်ပါတယ်။
မြန်မာလူမျိုးတွေက အားနာတတ်တဲ့စိတ် အခံကရှိတယ်၊ ပျော့ပျောင်း လွယ်တယ်၊ တစ်ဘက်သားကို မယုံသင်္ကာဖြစ်ခဲတယ်။ ပြီးတော့ အယုံလွယ်တယ်။ အဲဒီအချက်တွေက မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရနိုင်ခြေများတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် တချို့မိန်းကလေးတွေဆိုရင် သူစိမ်းတိုက်တဲ့ အချိုရည်သောက်ပြီး လူမှန်းသူမှန်းမသိ အိပ်ပျော်သွားတယ်၊ ပြီးတော့ ပြန်နိုးလာမှကျူးလွန်ခံရမှန်းသိတယ်. . အဲဒီလို အဖြစ်အပျက်တွေကို ကြားသိနေရတာ ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ခတ်ဆေးတွေက ဆရာဝန်ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်တဲ့ဆေးတွေ ဖြစ်ပါတယ်။ ခတ်ဆေးတွေနဲ့ ကိုယ့်ကိုကျူးလွန်မှုတွေ ပြုလုပ်လာနိုင်တဲ့အတွက် မိန်းကလေးတွေ အနေနဲ့ သူစိမ်းဆိုရင် သတိကတော့ ထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top