Healthy Life Ad
Life Style

နှစ်သစ်မှစပြီး စိတ်သစ်လူသစ်ဖြစ်ရန် ချမှတ်သင့်သည့် သန္နိဌာန်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) အစားအသောက်မဝယ်ခင် အညွှန်းဖတ်မယ်

အစားအသောက်တွေဝယ်တဲ့အခါ၊ ဆေးဝါးတွေဝယ်ယူတဲ့အခါ အညွှန်းစာရွက်တွေကို လွှင့်မပစ်ပါနဲ့။ ပါဝင်ပစ္စည်းတွေကိုဖတ်ကြည့်ပြီး ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရောတွေနည်းတဲ့ အစားအသောက်ကို ရွေးဝယ်ပါ။ ဒါကနာတာရှည်ရောဂါဝေဒနာတွေ ကင်းစင်စေမယ့်နည်းဖြစ်ပါတယ်။

(၂) အစားအသောက် ဒိုင်ယာရီထားရှိမယ်

နေ့စဉ် ကိုယ်စားသောက်တဲ့ အစားအသောက်ဒိုင်ယာရီကို ထားတဲ့သူတွေက ကိုယ်အလေးချိန်လျော့ကျနိုင်ခြေ နှစ်ဆရှိတယ်လို့ အမေရိကန်လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ဒါက ဓာတ်မတည့်မှုဖြစ်တဲ့အခါ ဘယ်အစာကြောင့်ဆိုတာကို သိနိုင်မယ့် နည်းလမ်းကောင်းဖြစ်နေပြန်ပါတယ်။

(၃) အိပ်ရေးဝ၀အိပ်မယ်

ညဘက်မှာ တစ်နာရီစောပြီး အိပ်ရာဝင်တာ အပြစ်မဟုတ်ပါဘူး။ ဒါက သင့်ခန္ဓာကိုယ်ကို သွယ်လျအောင် ကူညီပေးနေတာဖြစ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ဂရီလင်ဟော်မုန်းအဆင့်တိုးစေကာ အစာစားချင်တဲ့ဆန္ဒကို လှုံ့ဆော်ပေးပြီး အဆီစုဆောင်းမှုတိုးစေပါတယ်။ ဒီအချိန်မှာ ဗိုက်ပြည့်စေကြောင်း ခံစားရစေတဲ့ လက်ပ်တင်ဟော်မုန်းကလည်း လျော့ကျနေပါတယ်။ ဒါကြောင့် အိပ်ရေးဝ၀အိပ်စက်ပါ။

(၄) အခက်ဆုံးအလုပ်ကို အရင်ဆုံးလုပ်မယ်

တစ်နေ့တာလုပ်ရမယ့်စာရင်းကို ချရေးပြီး မနက်အစောဆုံးအချိန်က အလန်းဆန်းဆုံးဖြစ်တဲ့အတွက် အဲဒီအချိန်မှာ အခက်ဆုံးအလုပ်ကို အရင်ဆုံးစလုပ်ပါ။ ပိုပြီး အလုပ်ပြီးမြောက်မှုရှိနေပါလိမ့်မယ်။

(၅) မိသားစုကို အရင်ထက်ပိုကြင်နာမယ်

၂၀၁၇မှာ အလုပ်တာဝန်တွေနဲ့ မိသားစုကို အချိန်မပေးနိုင်ခဲ့ရင် ဒီနှစ်မှာမိသားစုကို အချိန်ပေးပြီး ပိုကြင်နာဂရုစိုက်သင့်ပါတယ်။ မိသားစုဘဝဆိုတာ အနွေးထွေးဆုံးနဲ့အရင်းနှီးဆုံးပဲမဟုတ်လား။

(၆) အမုန်းကို တွန်းထုတ်မယ်

လူတွေနဲ့ပေါင်းဖော်တဲ့အခါ အများအားဖြင့် ကိုယ့်စိတ်နဲ့မတွေ့ရင် မနှစ်မြို့ခြင်းကို ခံစားရပါတယ်။ အဲဒီစိတ်ကပြင်းထန်ရင် ကိုယ်ပဲပူလောင်ရတာပါပဲ။ အဲဒီအမုန်းတွေကို နှစ်သစ်ကစပြီးတတ်နိုင်သမျှ စိတ်ထဲကနေ ထုတ်ပစ်ကြည့်ရအောင်။

(၇) ငွေစုမယ်

ဘာကြောင့် ငွေကုန်တာလဲလို့ စဉ်းစားလိုက်ရင် အသုံးမဝင်တဲ့ပစ္စည်းတွေကို ဝယ်မိနေတာများလို့ပါ။ ဒါကိုဆင်ခြင်ပြီး ငွေစုဆောင်းသင့်ပါတယ်။

(၈) အပြုသဘောနဲ့ အကြံပြုမယ်

လူတွေအပေါ် အစွန်းရောက်ဝေဖန်မှုတွေ၊ ပြစ်တင်ကဲ့ရဲ့မှုတွေရှောင်ပြီး အပြုသဘောနဲ့အကြံပြုတတ်သွားမယ်။ ဒါက ပိုကောင်းတဲ့ ခင်မင်ဆက်ဆံမှုကို ဖြစ်စေနိုင်ပါတယ်။

(၉) တတ်နိုင်သမျှကူညီမယ်

သူတစ်ပါးကို ကူညီတတ်တဲ့စိတ်ထားက အမြဲတမ်းစိတ်ချမ်းသာမှုကို ရရှိစေပါတယ်။

(၁၀) တစ်နှစ်တာရည်မှန်းချက်ထားရှိမယ်

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး ဘဝမှာတိုးတက်အောင်မြင်အောင် ကြိုးစားနိုင်သူတွေက ရည်မှန်းချက်ထားရှိပါတယ်။ ၂၀၁၉အတွင်း ဘာဖြစ်ရမယ်ဆိုတဲ့ ပန်းတိုင်ထားရှိပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top