Healthy Life Ad
Q & A

သင်္ကြန်ကာလ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး) မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး – သင်္ကြန်မှာ ရေကစားကြသူတွေ အနေနဲ့ အသားအရေ ဘယ်လို ထိခိုက်တတ်ပါသလဲ ဆရာမ။
ဖြေ – သင်္ကြန်ကာလမှာ အရေပြားက ရေစိုသွားတော့ နေပူဒဏ်ကို ခံနိုင်ရည် မရှိတော့ပါဘူး။ ရေစိုသွားတဲ့ အရေပြားက နူးပြီး အပေါ်ယံမှာရှိတဲ့ အဆီနဲ့ ရေဓာတ် ခမ်းသွားပါတယ်။ ဘာနဲ့ တူသလဲ ဆိုတော့ အိုးခွက်ပန်းကန်တွေကို ဆေးပြီးတဲ့အခါ လက်အရေပြား ခြောက်သွေ့သွားသလိုပဲ သင်္ကြန်ရေကြောင့် အရေပြားရဲ့ အဆီလွှာနဲ့ ရေဓာတ်ခမ်းခြောက်ပြီး အပေါ်ယံအလွှာ ထိခိုက်သွားပါတယ်။ အဲဒီအချိန်မှာ နေပူဒဏ်ကို ခံရတဲ့အခါ အရေပြားက ပိုပြီးထိခိုက် သွားပါတယ်။

မေး – သင်္ကြန်မှာ ရေစိုတာနဲ့ နေပူဒဏ်ကြောင့် အရေပြားက ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါသလဲ ဆရာမ။
ဖြေ – အရင်ဆုံး ပူတာကို စတင် ခံစားရပါတယ်။ ပူပြီးရင် အရေပြားက နီလာပါတယ်။ အဲဒီလို နီလာတဲ့အချိန်မှာ နားလိုက်ရင် ပြန်ကောင်းသွားပါတယ်။ နားတယ်ဆိုတာ အရိပ်ထဲ နေလိုက်တာမျိုးကို ဆိုလို တာပါ။ မနားဘဲ ဆက်လည်မယ်၊ ဆက်ပြီး ရေကစား မယ်ဆိုရင် အရေပြားရဲ့ ကိုယ်ခံစွမ်းအားဖြစ်တဲ့ ရောင်ခြယ်မှုန်ဆဲလ်တွေရဲ့ ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်ကို ကျော်သွားပါတော့တယ်။ အဲဒီအခါ နေလောင်လာပါတယ်။
နေလောင်ဒဏ်ကြောင် ့အရေပြားက ယားလာ ပါတယ်။ မီးပူလောင်သလိုမျိုး ပူစပ်ပူလောင် ဖြစ်လာပါတယ်။

အဲဒီလို ခံစားရချိန်မှာ မနားဘဲ ဆက်လည်မယ် ဆိုရင် အရေပြားပျက်စီးသွားပြီး ညိုမည်းလာပါတယ်။ နဂိုက ရှိပြီးသား မှဲ့ခြောက်၊ တင်းတိပ်၊ နေလောင်ကွက် စတာတွေ ပိုဆိုးလာပါတယ်။

အဲဒီထက် ပိုဆိုးတာက အရေပြားအပေါ်ယံမှာ အဖတ်အဖတ်တွေ လန်လာပြီး ယားယံ လာပါတော့တယ်။
ဒီအချိန်မှာ မနားဘဲ သင်္ကြန်မှာ ထပ်လည်မယ် ဆိုရင်အသားမည်းသွားပါမယ်။ မျက်နှာကြီး မည်းပြီး အရေပြား အဖတ်အဖတ် လန်တာကို ပွတ်လိုက်ရင် အဖြူကွက်တွေ၊ နေလောင်ကွက်တွေ ဖြစ်လာတတ်ပါတယ်။ အရေပြားက အကြေးခွံတွေလို ဖြစ်လာပြီး အဲဒီအချိန်မှာ ကုတ်ဖဲ့လိုက်မယ်ဆိုရင် အမာရွတ်တွေ ထင်တတ်ပါတယ်။

မေး – သင်္ကြန်ရေနဲ့ နေပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အရေပြား ရောဂါတွေကိုလည်း သိပါရစေ ဆရာမ။
ဖြေ – ခန္ဓာကိုယ်မှာ ရှိတဲ့ ဘက်တီးရီးယားတွေက အရေပြား ခြောက်သွေ့နေချိန်မှာ ဘာမှ ဒုက္ခမပေးဘဲ ငြိမ်နေပေမယ့် သင်္ကြန်ရေနဲ့ နေပူတဲ့ ဒဏ်ကြောင့် ဘက်တီးရီးယားပိုးတွေ တွယ်ပြီး ပြည်တည်တတ်ပါတယ်၊ မိတ်တွေ ပေါက်လာပါတယ်၊ ယားလို့ ကုတ်လိုက်ရင် ပြည်တည်နာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ ဘောင်းဘီကျပ်ကျပ်၊ အင်္ကျီကျပ်ကျပ်တွေ ဝတ်လိုက်ရင် ရေစိုတဲ့ ဒဏ်ကြောင့် ပွန်းရာတွေ ဖြစ်ပြီး ပေါင်ခြံနေရာနဲ့ ချိုင်းနေရာတွေမှာ ပွေးပေါက် တတ်ပါတယ်။

မေး – သင်္ကြန်မှာ ရေပက်တဲ့ သူနဲ့ ရေပက်ခံထွက်တဲ့ သူတွေမှာ ဘယ်သူက အသားအရေ ပိုထိခိုက်နိုင်ပါ သလဲ ဆရာမ။
ဖြေ – ရေပက်တဲ့ သူနဲ့ ရေပက်ခံထွက်တဲ့ သူမှာ အသားအရေ ထိခိုက်မှုက ကွာပါတယ်။ ရေပက်တဲ့ သူက လေပူခံရပေမယ့် နားလို့ရတဲ့ အားသာချက်ရှိတယ်။ နားတဲ့အခါမှာလည်း အရိပ်က နေရောင်ခြည်ကို အပြည့်အဝ ကာကွယ်နိုင်တဲ့ စွမ်းရည်တော့ မရှိပါဘူး။ ဘေးကနေ ရောင်ပြန်တွေ လာတဲ့ သဘောရှိတော့ နေတော့ လောင်ပေမယ့် ရေပက်ခံ ထွက်တဲ့ သူတွေ လောက်တော့ မဆိုးရှာပါဘူး။

ရေပက်ခံထွက်တဲ့ သူတွေကတော့ နေပူထဲ တောက်လျှောက် နေတဲ့အခါကျတော့ အရေပြားရဲ့ ကာကွယ်တဲ့ စနစ်က ပြန်အလုပ်လုပ်ဖို့ အချိန်မရ တော့ပါဘူး။ လေပူလည်း ခံရတယ်၊ ပြီးတော့ အရိပ်အမိုးမပါဘဲ လျှောက်လည်တော့ နေပူလည်း ခံရတဲ့ အတွက် အရေပြားရဲ့ ခံနိုင်ရည်က ကျဆင်းသွားပါ တယ်။ အထူးသဖြင့် မန္တလေးလို အညာဒေသမှာ လျှောက်လည်ရင် လေပူဒဏ်ကော နေပူဒဏ်ပါ ခံရတဲ့အတွက် ပိုဆိုးပါတယ်။

မေး – သင်္ကြန်မှာ ရေကစားကြတာချင်း အတူတူ တချို့သူတွေက ဘာကြောင့် အသားအရေ ထိခိုက်မှု ပိုဖြစ်ရပါသလဲ ဆရာမ။
ဖြေ – ဒါက အရေပြားပုံစံနဲ့လည်း ဆိုင်သလို အသုံးပြုတဲ့ အသားအရေထိန်းပစ္စည်း (Skin Care)နဲ့ အလှကုန် မိတ်ကပ်တွေနဲ့လည်း ဆိုင်ပါတယ်။ အသားအဖြူဆုံးကနေ အမည်းဆုံး အဆင့်အထိ အရေပြား အရောင် ငါးမျိုးရှိတဲ့ အထဲမှာ အသားဖြူတဲ့ သူတွေမှာ ရောင်ခြယ်မှုန်ဆဲလ်တွေရဲ့ကာကွယ်နိုင်စွမ်း နည်းတဲ့အတွက် နေလောင်ဒဏ်ကို ပိုခံရပါတယ်။ အသားအမည်းဆုံး သူတွေက ခံနိုင်ရည်များပါတယ်။
ပြီးတော့ အလှကုန်မိတ်ကပ်တွေအနေနဲ့ အသားဖြူစေတဲ့ အမျိုးအစား၊ ပွန်းစေတဲ့ အမျိုးအစားတွေ လိမ်းရင် ခံနိုင်ရည်မရှိဘဲ ပိုဆိုးတတ်ပါတယ်။ ပေါင်းတင်ကြေးချွတ်လုပ်ထားတာ၊ Scrub လုပ်ထား တာတွေက အသားအရေကို ပြန်ကောင်းအောင် စောင့်ရပါတယ်။ အဲဒီလိုလုပ်ထားပြီး သင်္ကြန်ရေ ကစားလိုက်ရင် ခံနိုင်ရည်မရှိဘဲ ပိုဆိုးတတ်ပါတယ်။

အခုခေတ်မှာ မျက်နှာနဲ့ လည်ပင်း အရောင်ကို တခြားစီ ဖြစ်သွားစေတဲ့ မိတ်ကပ်တွေ ရှိသလို မျက်နှာကို ပိုချောမွေ့စေ၊ ဖွေးစေတဲ့ မိတ်ကပ်တွေက ခေတ်စားလာပါတယ်။ အဲဒီမိတ်ကပ်တချို့ထဲမှာ ရောင်ရမ်းမှု သက်သာစေတဲ့ ပစ္စည်းတွေ ထည့်ထားရင် အရေပြားရဲ့ ကိုယ်ခံစွမ်းအားကို ကျသွားစေပါ တယ်။ အဲဒီတော့ ပိုထိခိုက်လွယ်ပါတယ်။

နောက်တစ်ခုက ဝက်ခြံကုတဲ့ ဆေးတွေ လိမ်းထားရင်၊ အရေပြား စပ်တဲ့ ဆေးတွေ လိမ်းထားရင် သင်္ကြန်မတိုင်ခင် ကြိုတင်ဖြတ်ထားဖို့ လိုပါတယ်။ အဲဒါတွေ လိမ်းပြီး လျှောက်လည်ရင် နေပူဒဏ်ကို ခံနိုင်စွမ်း နည်းတဲ့အတွက် ပိုထိခိုက်လွယ်ပါတယ်။

မေး – သင်္ကြန်ရေမကစားခင် အသားအရေထိခိုက်မှု နည်းအောင် ဘယ်လို ကြိုတင်ကာကွယ် ထားသင့်ပါသလဲ ဆရာမ။
ဖြေ – လက်တွေ့မှာ သင်္ကြန်ရေပက်မယ့်သူကော ရေပက်ခံထွက်မယ့်သူတွေပါ နေက အရမ်းပူတော့ ကာကွယ်ဖို့ ခက်ပါတယ်။ အိမ်ထဲမှာ နေမှပဲ အသားအရေကို ကာကွယ်နိုင်လိမ့်မယ်။ အဓိကကတော့ အပြင် မထွက်ခင် နေကာခရင်မ်ကို မိနစ် ၂၀ ကြိုလိမ်းဖို့နဲ့ အပြင်မှာ နှစ်နာရီ ကြာတိုင်း နေကာခရင်မ် တစ်ခါ ထပ်လိမ်းဖို့ လိုပါတယ်။ SPF က များလေလေ၊ အဆီများလေလေ ဖြစ်တာကြောင့် ဆယ်ကျော်သက် အရွယ်တွေ SPF များတဲ့ နေကာခရင်မ်တွေ လိမ်းပြီး ဝက်ခြံထွက်တာတွေလည်း တွေ့နေရပါတယ်။ အသားအရေထိန်း ပစ္စည်းအနေနဲ့ ကိုယ်သုံးနေကျ ပစ္စည်းကိုပဲ သုံးသင့်ပါတယ်။ ရေစိုခံ မိတ်ကပ်တွေ လိမ်းတာကြောင့် ဝက်ခြံနဲ့ ဝက်ခြံဆန်တဲ့အဖုတွေ ထွက်တတ်တယ်၊ ပြည်တည်နာတွေ ဖြစ်တတ်ပါတယ်။

အဝတ်အစားအနေနဲ့ တင်းကျပ်လွန်းတဲ့ အဝတ်အစားမဝတ်ဘဲ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည် တို့ကို ဝတ်သင့်ပါတယ်။ ဦးထုပ်ဆောင်းပြီး နေကာ မျက်မှန်တပ်ပါ။ ပဝါခြုံပါ၊ တစ်ခုသတိထားဖို့က မျက်မှန်လွတ်နေတဲ့ နှာခေါင်းထိပ်နဲ့ နားရွက်ထိပ်တွေမှာ တင်းတိပ်ဖြစ်လွယ်သလို တင်းတိပ်ဖြစ်ရင်လည်း ကုရ ခက်ပါတယ်။

မေး – သင်္ကြန်ရေကစားပြီး ပြန်လာချိန်မှာ အသားအရေကို ဘယ်လို ထိန်းသိမ်းပေးသင့်ပါသလဲ ဆရာမ။
ဖြေ –ပြန်လာရင် အရေပြားကို သန့်စင်အောင် ဆေးကြောပေးရမယ်။ အရေပြားကို ပွတ်တိုက်တာ၊ ကြေးတွန်းတာတို့ မလုပ်ရပါဘူး။ အဲဒီလို လုပ်ရင် အရေပြားလန်ပြီး ပိုဆိုးတတ်ပါတယ်။ ပြီးရင် ရေဓာတ် ထိန်းတဲ့ Skin Care တစ်မျိုးကို လိမ်းပေးသင့်ပါတယ်။ သနပ်ခါးက ပုံမှန် အချိန်မှာ လိမ်းရင် အရေပြားကို အေးမြစေပေမယ့် အရေပြားနီမြန်းပြီး ရောင်ရမ်းနေချိန် သနပ်ခါး လိမ်းလိုက်ရင် အသားကြော တင်းပြီး သနပ်ခါး ခွာလိုက်တဲ့အခါ ပိုဆိုးတတ်ပါတယ်၊ ပိုနီလာတတ်ပါတယ်။ ဒီအချိန်မှာ ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ ဆရာဝန်နဲ့ မပြနိုင်သေးချိန်မှာ ဘာမီတွန်သောက်တာ၊ သင့်တော်တဲ့ ဗီတာမင် အင်တီအောက်ဆီးဒင့် သောက်တာတို့ လုပ်ပေးရင် ကောင်းပါတယ်။

ရေစိုနေတဲ့ အဝတ်အစားတွေကို အိမ်ပြန်ရောက်တာနဲ့ လဲပြီး စိုတဲ့ အဝတ်ကို သေချာ ပြန်လျှော်သင့်ပါတယ်။ နောက်တစ်ခေါက် လည်မယ်ဆို ရင် ခြောက်သွေ့တဲ့အဝတ်ကိုပဲ ဝတ်ပြီး လည်သင့်ပါတယ်။

# နံနက် ၁၀ နာရီနဲ့ ညနေ သုံးနာရီကြားအချိန်က နေလောင်နိုင်တဲ့ အဆိုးဆုံးအချိန်ဖြစ်လို့ ဖြစ်နိုင်ရင် အဲဒီအချိန်မှာ ရေမကစားဘဲ နားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top