Healthy Life Ad
Life Style

သင်္ကြန်ကာလ မျက်စိကျန်းမာရေး စောင့်ရှောက်မှု

ပါမောက္ခဦးတင်ဝင်း မျက်စိအထူးကု ဆရာဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ဆရာ့အတွေ့အကြုံအရ သင်္ကြန်တွင်းမှာ ဘယ်လို မျက်စိပြဿနာတွေ အဖြစ်များတာကို တွေ့ရပါသလဲ ဆရာ။
ဖြေ ။ သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေးနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ ပုံမှန်ရေပက်မယ်၊ ပုံမှန်ရေလောင်းကြမယ်ဆိုရင် ရေပက်ခံ မဏ္ဍပ်မှာပဲနေနေ၊ ရေပက်ခံကားနဲ့ပဲ လျှောက်လည်လည် ဘာမှပြဿနာမရှိပါဘူး။
တစ်ခုရှိတာက ပက်တဲ့ရေက သန့်ရှင်းတဲ့ရေ ဖြစ်ရပါမယ်၊ သန့်ရှင်းတဲ့ရေက မျက်စိထဲ ဝင်မယ်ဆိုရင် ဘာမှပြဿနာမရှိပါဘူး။ မျက်စိကို ရေနဲ့ ဆေးကြောပေးတဲ့ သဘောမျိုးတောင် ဖြစ်ပါသေးတယ်။ တချို့ကျတော့ မြစ်ထဲကရေကို စုပ်ယူပြီး ပက်မယ် ဆိုရင်၊ သန့်ရှင်းတဲ့ရေ မဟုတ်ဘူးဆိုရင် မျက်စိထဲ ဝင်တဲ့အခါ မျက်စိမှာရောဂါပိုးကျရောက်ပြီး မျက် ကြည်နာရောဂါဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အင်အားနဲ့ ပက်တဲ့ရေကြောင့် မျက်စိထိခိုက်တာမျိုး ဖြစ်တတ်ပါတယ်။

မေး ။ သင်္ကြန်ရေကြောင့် မျက်ကြည်နာရောဂါရခဲ့ရင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။
ဖြေ ။ သင်္ကြန်တွင်းမှာ မျက်ကြည်နာရောဂါဖြစ်နေရင် ပြဿနာက ဆေးရုံ၊ ဆေးခန်း အများစုက ပိတ်ထားတတ်တော့ ပြသဖို့ အခက်အခဲရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ဆေးရုံတွေမှာတော့ အရေးပေါ် ဌာနရှိပါ တယ်။ အဲဒီအရေးပေါ်ဌာနကို သွားပြသင့်ပါတယ်။ မျက်စိဆေးရုံဆိုရင်လည်း မျက်စိကျန်းမာရေးအတွက် အရေးပေါ်ဌာနကို ၂၄နာရီ ဖွင့်လှစ်ထားလို့ အရေးပေါ်အခြေအနေမှာ ပြသလို့ရပါတယ်။ တစ်ခု ရှိတာက ပြသဖို့ ခက်နေတတ်ပါတယ်။ ဆိုလိုတာက ဆေးရုံမှာ ဆရာဝန်ကလည်း ရှိတယ်၊ သူနာပြုကလည်း ရှိတယ်၊ ဆေးရုံတံခါးကလည်း ဖွင့်ထားပါတယ်။ ဒါပေမဲ့ ဝင်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ မျက်စိဆေးရုံရှေ့က စားသောက်ဆိုင်က ရေပက်ခံ မဏ္ဍပ်ဆောက်ထားတာတို့၊ ညာဘက်က ဟိုတယ်က လည်း မဏ္ဍပ်ဆောက်ပြီး အကြီးအကျယ် သင်္ကြန်ပွဲ လုပ်တာတို့ ဘယ်ဘက်ကလမ်းဆုံကလည်း သင်္ကြန်ပွဲဆင်နွှဲတဲ့သူတွေနဲ့ ပြည့်နေတာတို့ ဖြစ်နေတတ်လို့ပါ။ အဲဒီတော့ အရေးပေါ်အခြေအနေမှာ မျက်စိဆေးရုံထဲဝင်ဖို့က သိပ်ခက်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ လူနာတွေအနေနဲ့ မျက်ကြည်နာဖြစ်နေရင် တက်ထရာဆိုက်ကလင်း မျက်စဉ်းဆေးပဲ ဖြစ်ဖြစ် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးကို တစ်နေ့လေးကြိမ်- ငါးကြိမ်လောက်ထည့်လို့ရပါတယ်။

မေး ။ သင်္ကြန်တွင်းမှာ အင်အားသုံးပြီး ပက်တဲ့ရေကြောင့် မျက်စိမှာ ဘယ်လိုထိခိုက်မှုတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ ။ ရေပက်တဲ့အခါ ခွက်နဲ့ အားရပါးရအားကုန် သုံးပြီး ပက်လိုက်ရင် ကျောကုန်းတွေ ဘာတွေတောင် တအားနာတတ်ပါတယ်။ တကယ်လို့ အခန့်မသင့်လို့ မျက်စိကို အားနဲ့အားရပါးရ ပက်မိရင် လက်သီးနဲ့ထိုးလိုက်သလို မျက်စိက တအားနာသွားတတ်ပါတယ်။ တစ်ခါတလေကျရင် အားကြောင့် မျက်စိမှာဒဏ်ရာရသွားတာ ဖြစ်တတ်ပါတယ်။ မီးသတ်ပိုက်လို ပိုက်လုံးကြီးတွေနဲ့ ပက်ရင်ဖြစ်နိုင်သလို ခွက်စောင်းခုတ်ပက်ရင်လည်း ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်း မီး သတ်ပိုက်လုံးတွေနဲ့ ပက်တာကို ခွင့်မပြုတောပေမယ့် တချို့ပိုက်တွေက ရေကို အဝေးကို ကျရောက်အောင် အားကို တင်ထားပါတယ်။ အဲဒီလို တင်ထားတဲ့အခါ သူ့ရဲ့ရေလုံးလေးက သေးသေးစူးစူးလေး ဖြစ်ပြီး မျက်ကြည်လွှာပေါ်ကို ကျရောက်တဲ့ပုံစံက လှံသွားတစ်ခုလိုဖြစ်သွားပါတယ်။ အဲဒီအခါကျရင် မျက်စိထဲမှာ သက်ရောက်တဲ့အားက နှစ်ခုဖြစ်သွားပါ တယ်။ တစ်ခုက မျက်ကြည်လွှာပွန်းပဲ့သွားနိုင်ပါတယ်။ အဲဒီတော့ ပိုးဝင်ကူးစက်မှုဖြစ်နိုင်ပါတယ်၊ အဲဒီအခါ အန္တရာယ်များပါတယ်။ တကယ်လို့ မျက်ကြည်လွှာမပွန်းဘူး ဆိုရင်တောင် ဒီရေအားက မျက်စိထဲဝင်ရင် ဖိအားက မျက် လုံးနံရံအကုန်လုံးအပေါ် သက်ရောက်မှုရှိသွားပါတယ်။ တကယ်လို့စက္ခုအာရုံကြော(Optic Nerve) ပေါ်မှာ ဖိအားသက်ရောက်မှုရှိသွားရင် Atrophy ရသွားပြီး မျက်စိက ကွယ်သွားနိုင်ပါတယ်။

မေး ။ သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေးထိခိုက်သူ တွေများတတ်ပါသလား ဆရာ။
ဖြေ ။ သင်္ကြန်တွင်းမှာ လူတွေသောင်းနဲ့သိန်းနဲ့ ချီပြီး ရေကစားကြပေမယ့် မျက်စိ ကျန်းမာရေးထိခိုက်မှုက ကစားတဲ့ ရာခိုင်နှုန်းနဲ့ တွက်ကြည့်ရင် သိပ်မရှိပါဘူး။ အဓိက အဖြစ်များတဲ့ပြဿနာက မသန့်ရှင်းတဲ့ရေတွေ မျက်စိထဲဝင်တာကြောင့် ပိုးဝင်ကူးစက်မှုဖြစ်တာမျိုးပါပဲ။
ဒုတိယပြဿနာဖြစ်တဲ့ အားနဲ့ မျက်စိထဲကို ရေဝင်သွားတဲ့အတွက်ကြောင့် မျက်စိက နီရဲလာတယ်။ သွေးကြောတွေပေါက်သွားတယ်။ ဒါကလည်း ပြဿနာမရှိပါဘူး။ ကုလို့လွယ်ပါတယ်။ ပြန်ကောင်းနိုင်ခြေလည်း ရှိပါတယ်။
အရင်တုန်းက မီးသတ်ပိုက်နဲ့ ရေပက်တဲ့အခါ နားကိုထိရင် နားစည်ကွဲတဲ့အထိ ဖြစ်တတ်ပါတယ်။ မျက်စိကိုထိရင်တော့ မျက်စိနီရဲတာတွေ ဖြစ်တတ်ပါတယ်။

မေး ။ မျက်စိနီရဲနေပေမယ့် စက္ခုအာရုံကြောကို ထိခိုက်မိသလား၊ မထိခိုက်မိဘူးလားဆိုတာ လူနာက ဘယ်လို သိရှိနိုင်ပါသလဲ ဆရာ။
ဖြေ ။ သင်္ကြန်တွင်းမှာရေပက်တဲ့အားကြောင့် မျက်စိနီရဲသွားပေမယ့် လူအများစုကခပ်ပေါ့ပေါ့ပဲ နေတတ်ကြပါတယ်။ အိမ်ရောက်တဲ့အခါ ရေဆေးပြီး ထိတဲ့ မျက်စိတစ်ဖက်ကို ပိတ်ကြည့်ကာ ကိုယ့်အမြင်ကို မိမိဘာသာပြန်စမ်းကြည့်လိုက်ပါ။ ဥပမာပြောရရင် ပြက္ခဒိန်ကစာကိုဖတ်ကြည့်လိုက်လို့ ကောင်းကောင်းမြင်နိုင်စွမ်း လျော့ကျသွားရင် အနီးဆုံး မျက်စိဆေးခန်း၊ ဆေးရုံတို့ကိုသွားပြဖို့ လိုအပ်နေပါပြီ။

မေး ။ နေကာမျက်မှန်နဲ့ ပါဝါမျက်မှန်တပ်သူတွေက သင်္ကြန်တွင်းမှာ မျက်မှန်ကွဲတာနဲ့ မျက်မှန်ပျောက်တာတွေကော ဖြစ်တတ်ပါသလားဆရာ။
ဖြေ ။ သင်္ကြန်တွင်းမှာ ရေတအားပက်ခံရတဲ့အခါ မျက်မှန်ပြုတ်တာမဖြစ်အောင် သတိထားဖို့ လိုပါတယ်။ မဏ္ဍပ်တစ်ခုကို ဝင်တဲ့အခါ ရေတအားပက်တယ်ဆိုရင် မျက်မှန်ကို လက်နဲ့ကိုင်တာမျိုး၊ သတိထားတာမျိုးလုပ်သင့်ပါတယ်။ ရေပက်တဲ့အားကြောင့် မျက်မှန်ကွဲထွက်တာမျိုးက ဖြစ်နိုင်ခြေရှိပေမယ့်ဖြစ်နိုင်တဲ့ အခွင့်အလမ်းကတော့ နည်းပါတယ်။
လက်တွေ့မှာတော့ မျက်မှန်သားကွဲထွက်ပြီး မှန်ကမျက်စိထဲစိုက်တာမျိုးက သင်္ကြန်ကာလမှာဖြစ်ခဲပြီး တစ်ဦးနဲ့တစ်ဦးရန်ဖြစ်တဲ့အခါ၊ မတော်တဆထိခိုက်ဒဏ်ရာရတဲ့အခါတွေမှသာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သင်္ကြန်ကာလမှာ ရေပက်ခံရင်း မျက်မှန် ပျောက်တာမျိုးတော့ ဖြစ်တတ်ပါတယ်။

မေး ။ သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေး မထိခိုက်အောင် ဘယ်လို ပညာပေးလိုပါသလဲ ဆရာ။
ဖြေ ။ သင်္ကြန်တွင်းမှာ မျက်စိကျန်းမာရေးမထိခိုက်စေဖို့ဆိုရင် သန့်ရှင်းတဲ့ရေကိုပဲ သုံးပြီး ရေပက်သင့်ပါတယ်။ သင်္ကြန်မှာ တစ်ဦးနဲ့တစ်ဦး ရေပက်တယ် ဆိုတာက တစ်ဦးမှာရှိတဲ့ အညစ်အကြေးကို ကျန်တဲ့တစ်ဦးက ဖယ်ရှားပေးတဲ့ သဘောဖြစ်သလို အေးမြသွားစေလိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ ရေလောင်းကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ ရေကိုပဲသုံးသင့်ပါတယ်။
နောက်တစ်ချက်က ရေပက်တယ်ဆိုတာ ပျော်ရွှင်မှု၊ ခင်မင်မှုဆိုတဲ့ သဘောကို အခြေခံတာ ဖြစ်တဲ့ အတွက် တစ်ဖက်သားထိခိုက်ဒဏ်ရာရအောင် မလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ထိခိုက်ဒဏ်ရာရအောင် လုပ်ရင် မကြိုက်သလိုပဲ သူများကိုလည်း ထိခိုက်အောင်မလုပ်သင့်ပါဘူး။ ဒါကြောင့် ရေပိုက်မှာ အားမပါအောင် သတိထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top