Healthy Life Ad
Health Tips

အရေးကြောင်း ကင်းစင်စေမည့် နည်းလမ်းကောင်းများ

ငွေကြယ်စင်ယံ

အသက်ကြီးတယ်ဆိုတာ သဘာဝဖြစ်စဉ်ပါ။ ကျွန်မတို့တစ်တွေက အသက်ကြီးတာကို မဟန့် တားနိုင်ပေမယ့် အိုမင်းမသွားအောင်၊ နုပျိုကြည့် ကောင်းနေအောင် ထိန်းသိမ်းနိုင်ပါတယ်။

# ညမအိပ်မီ လုပ်ဆောင်ရန်

– ပက်လက်လှန်ပြီး အိပ်စက်ပါ

သင်အိပ်စက်တဲ့ အနေအထားက သင့်မျက်နှာ အရေးကြောင်းနဲ့ ဆက်စပ်နေပါတယ်။ မှောက်အိပ်ရင် ဒါမှမဟုတ် ဘေးတစောင်းအိပ်ရင် အဲဒီအိပ်စက်မှု ပုံစံကို ပြောင်းလဲသင့်နေပါပြီ။ ဘေးတစောင်းအိပ်ရင် ပါးနဲ့မေးစေ့မှာ အရေးကြောင်း ထင်နိုင်ပြီး မှောက်အိပ်ရင် နဖူးနဲ့ မျက်နှာမှာ အရေးကြောင်း ထင်နိုင်ပါတယ်။ ဒါကြောင့် ပက်လက်လှန်ပြီး အိပ်စက်ပါ။

– ချည်သား ခေါင်းအုံးစွပ်အစား ပိုးသားခေါင်းအုံးစွပ်ကို ပြောင်းလဲ အသုံးပြုပါ

ခေါင်းအုံးစွပ်ကို ချည်သားအစား ပိုးသား အမျိုးအစားကို ပြောင်းလဲ အသုံးပြုပါ။ အသားအရေကို ပိုမိုနူးညံ့လာစေပါတယ်။ ဒါ့အပြင် အစိုဓာတ်ထိန်း ခရင်မ်လိမ်းပြီး အိပ်ရင် အသားအရေပေါ်မှာ ကြာကြာစွဲမြဲနေစေပါတယ်။

– AHA ပါသည့် အသားအရေထိန်း ပစ္စည်းများ သုံးပါ

AHA ဆိုတဲ့ သဘာဝအက်ဆစ်ပါဝင်တဲ့ အသားအရေထိန်း ပစ္စည်းကို သုံးတာကြောင့် အရေပြား ဆဲလ်သေတွေကို ကင်းစင်စေပြီး ချွေးပေါက်ကျဉ်းကာ အရေးကြောင်းတွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကော်လာဂျင် ထုတ်လုပ်မှု အားကောင်းစေပြီး အသားအရေ နုပျိုကြည်လင် တောက်ပြောင်စေပါတယ်။ အိပ်ရာမဝင်ခင် ညဘက်မှာ လိမ်းပေးသင့်ပါတယ်။

# တစ်နေ့တာအတွင်း လုပ်ဆောင်ရန်

– ကော်ဖီအစား ကိုကိုးဖျော်ရည် သောက်ပါ

ကိုကိုးဖော်ရည်မှာ အင်တီအောက်ဆီးဒင့် ကက်တီချင်နဲ့ အက်ပီကက်တီချင် ပါဝင်မှု မြင့်မား တာကြောင့် အသားအရေကို နေဒဏ် မခံရအောင် ကာကွယ်ပေးပြီး အရေးကြောင်း လျော့ပါးစေတယ် လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် ကိုကိုး ဖျော်ရည်သောက်ရင် အရေပြားထဲ သွေးလှည့်ပတ် စီးဆင်းမှု ကောင်းစေပြီး အသားအရေ စိုပြည်ကာ အသားအရေ ချောမွေ့ ကြည့်ကောင်းစေပါတယ်။

– ငါးများများ စားပါ

အသားအရေ နုပျိုစေဖို့ ငါး၊ အထူးသဖြင့် ဆယ်လ်မွန်ငါး စားပေးပါ။ ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ် ကောင်းကောင်း ပါဝင်တဲ့အတွက် အသားအရေကို ကြည့်ကောင်းစေပါတယ်။ ဆယ်လ်မွန်ငါးမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါဝင်တဲ့အတွက် အသားအရေ ချောမွေ့ကာ မျက်နှာအရေးကြောင်း လျော့ပါးစေပါတယ်။

– အသားအရေထိန်း ပစ္စည်းများထဲတွင် ပဲပိစပ်ထည့် စားပါ

အသားအရေပေါ် ပဲပိစပ် လိမ်းပေးရင် ဒါမှမဟုတ် ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့ အားဖြည့်ဆေး မှီဝဲရင် အသားအရေကို နေလောင်ဒဏ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒီလို ပဲပိစပ်ထုတ်ကုန် စားတာကြောင့် အသားအရေကို တင်းရင်းစေပြီး အသားအရေ တည်ဆောက်ပုံကို ကောင်းမွန်စေပါတယ်။

– နေကာခရင်မ် လိမ်းပါ

နေဒဏ်ကြောင့် အရေပြား အိုမင်းမှု ဖြစ်စေနိုင်တဲ့အတွက် နေကာခရင်မ်ကို အမြဲ လိမ်းဖို့ မမေ့သင့်ပါ။ နေကာနိုင်စွမ်း အနည်းဆုံး SPF အဆ ၃၀ ပါတဲ့ အသားအရေထိန်း ခရင်မ်ကို ရွေးချယ်လိမ်းပေးပါ။

– အင်တီအောက်ဆီးဒင့် များများပါသည့် အစာများ စားပါ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တို့လို အင်တီအောက်ဆီးဒင့်ပါတဲ့ အစာတွေကို စားတာကြောင့် ကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ရေများများသောက်ပြီး အသားအရေ စိုပြည်အောင် ကြိုးစားပါ။

– လည်ပင်းကို ကာကွယ်ပါ

အသားအရေ အိုမင်းမှုက မျက်နှာမှာသာမက လည်ပင်းမှာလည်း သိသာနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းတိုင်း လည်ပင်းကိုလည်း မမေ့ပါနဲ့။

– အသားအရေ လှပစေရန် ယောဂကျင့်ပါ

ယောဂကျင့်တာကြောင့် ကိုယ်နေဟန်ကို ကြည့်ကောင်းစေရုံသာမက အသားအရေကိုလည်း လှပစေပါတယ်။ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်-နှစ်ကြိမ်လောက် ယောဂကျင့်ပေးပါ။

– မျက်မှောင်ကြုတ်ခြင်းကို ရှောင်ပါ

မျက်မှောင်ကြုတ်တာကြောင့် မျက်နှာကြွက်သားတွေကို အလွန်အမင်း လှုပ်ရှားမှု လုပ်ဖြစ်စေပြီး အရေပြား မျက်နှာပြင်အောက်မှာ အရေးကြောင်း နက်နက်ထင်စေပါတယ်။ အဲဒီလိုမဖြစ်စေဖို့ အပြင်သွားရင် နေကာမျက်မှန်တပ်ပြီး မျက်ဝန်းတစ်ဝိုက် အရေပြားကို နေဒဏ်မထိတွေ့အောင် ဂရုစိုက်ပေးပါ။

Most Popular

Healthy Life Ad
To Top