Healthy Life Ad
Life Style

Google ကို အမေးများဆုံး ကျန်းမာရေးမေးခွန်း ၉ ခု

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

Google မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးခဲ့ကြပြီး အဲဒီမေးခွန်းတွေထဲက အမေရိကန်နိုင်ငံရဲ့ မေးမြန်းမှုတွေထဲက အမေးများဆုံး ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို ဆေးပညာရှင်တွေရဲ့ ဖြေကြားချက် တွေနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း (၁) လေပြွန်ရောင်တာက ကူးစက်နိုင်သလား

ရုတ်တရက် လေပြွန်ရောင်ရမ်းတဲ့ ဝေဒနာဟာ ရင်ဘတ်အအေးမိတဲ့ ဝေဒနာဖြစ်ပါတယ်။ အဲဒီအခါ လေပြွန်တွေကရောင်ရမ်းပြီး ယားယံကာ ချောင်းဆိုး သလိပ်ထွက်တတ်ပါတယ်။ ဒါက တချို့သော အခြေ အနေတွေမှာ ဘက်တီးရီးယားပိုးဝင်တာကြောင့် ဖြစ်နိုင်ပေမယ့် တချို့အခြေအနေတွေမှာတော့ မဖြစ်နိုင်ပါဘူး။

“အများအားဖြင့် ဘက်တီးရီးယားပိုးကြောင့် လေပြွန်ရောင်ရမ်းတာနဲ့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ တွေက မကူးစက်တတ်ပါဘူး။ ဒါပေမဲ့ လေပြွန်ရောင်တာက အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ဗိုင်းရပ်စ်ပိုးဝင်တာကြောင့်ဆိုရင် အအေးမိဝေဒနာဖြစ်ပြီး ကူးစက်တတ်ပါတယ်”လို့ ယေးတက္ကသိုလ်ဒါရိုက်တာ ဒေးဗစ်က ဆိုပါတယ်။

ရုတ်တရက်ဖြစ်တဲ့ လေပြွန်ရောင်တာက အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ကူးစက်ပိုးဝင်တာကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့်ဆိုရင် ကူးစက်လွယ်ပါတယ်၊ အမေရိကန်လူမျိုး ၁၂သန်းကျော်ဟာ နာတာ ရှည်လေပြွန်ရောင်ရမ်းတဲ့ ဝေဒနာခံစားနေရပြီး ဒါက နာတာရှည် အဆုတ်ပွပန်းနာ (COPD)ရဲ့ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ဒီအခြေအနေက အများအားဖြင့် စီးကရက်သောက် တာကြောင့် ဖြစ်တတ်ပြီး မကူးစက်တတ်ပါဘူး။

မေးခွန်း (၂) အဆုတ်ရောင်ရောဂါက ကူးတတ်သလား

နမိုးနီးယား အဆုတ်ရောင်ရောဂါက ကူးစက်တတ်ပါတယ်။ အဆုတ်ရောင် ရောဂါဖြစ်သူ အများစုမှာ အဆုတ်လေပြွန်အိတ်ထဲ ဘက်တီးရီးယားပိုးဝင်ရာက အရည်တွေပြည့်ပြီး ဖြစ်တတ်ပါတယ်။ တကယ်လို့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါခံစားနေရသူနဲ့ နီးနီးစပ်စပ်နေရရင် ဘက်တီးရီးယားပိုး ကူးစက်နိုင်ပါတယ်။ တီဘီပိုးကြောင့် အဆုတ်ရောင်ရင် ပြင်းပြင်းထန်ထန်ကို ကူးစက် နိုင်ပါတယ်။

နမိုးနီးယားအဆုတ်ရောင်ရောဂါ မျိုးစိတ်တွေက ဘက်တီးရီးယားပိုးထက် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရင် ပိုပြီးတော့တောင် ကူးစက်နိုင်ပါတယ်။ နမိုးနီးယားဖြစ်တဲ့အခါ သင့်တော်တဲ့ ပဋိဇီဝပိုးသတ်ဆေး စတင်မှီဝဲပြီး မကြာခင်ချောင်းဆိုးတာ ရပ်သွားပြီဆိုရင်တော့ ရောဂါပိုးကူးစက်နိုင်ခြေလည်း ရပ်တန့်သွားမှာဖြစ်ပါတယ်။

ရေဘယ်လောက် သောက်သင့်သလဲဆိုတာအတွက် အလွယ်ကူဆုံးနည်းဗျူဟာက သင့်ကိုယ်အလေးချိန်ရဲ့ ထက်ဝက်အတိုင်း နေ့စဉ် ရေ(အောင်စ) သောက်ရမှာပါ။ ဥပမာပြောရရင် သင့်ကိုယ်အလေးချိန်က ၁၄၀ ပေါင်ဆိုရင် သင်ကတစ်နေ့မှာ ရေ ၇၀အောင်စ (ဒါမှမဟုတ် ကိုးဖန်ခွက်) သောက်သင့်ပါတယ်။

မေးခွန်း (၃) ရေဘယ်လောက်များများ သောက်သင့်သလဲ

အုန်းရေ၊ ရှားစောင်းလက်ပပ်ရေ စသဖြင့် ၂၀၁၅ မှာ ရေအမျိုးအစား အမျိုးမျိုး ခေတ်စားခဲ့ပါတယ်။ ကျန်းမာပြီး ရေဓာတ်ပြည့်ဝစေဖို့ ရိုးရိုးရေသန့် တစ်ဖန်ခွက်ထက်ပိုပြီး ကောင်းမွန်တဲ့ အရာမရှိပါဘူး။

“ရေဘယ်လောက် သောက်သင့်သလဲဆိုတာအတွက် အလွယ်ကူဆုံး နည်းဗျူဟာက သင့်ကိုယ်အလေးချိန်ရဲ့ ထက်ဝက်အတိုင်း နေ့စဉ် ရေ (အောင်စ) သောက်ရမှာပါ။ ဥပမာပြောရရင် သင့်ကိုယ်အလေးချိန်က ၁၄၀ ပေါင်ဆိုရင် သင်ကတစ်နေ့မှာ ရေ ၇၀ အောင်စ(ဒါမှမဟုတ် ကိုးဖန်ခွက်) သောက်သင့်ပါတယ်။

ဒါပေမဲ့ ရာသီဥတုအခြေအနေ၊ ပြုလုပ်တဲ့ လေ့ကျင့်ခန်း၊ ကိုယ်ဝန်ရှိသလား၊ မိခင်နို့ချိုတိုက် ကျွေးနေသလား စတဲ့ အချက်တွေပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ထပ် သတိရသင့်တဲ့ အချက်တစ်ခုက ရေတစ်ခုတည်းကသာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ပေးနိုင်တာမဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ မချိုတဲ့ရေတွေကလည်း ရေဓာတ်ပေးနိုင်ပါတယ်”လို့ နယူးယော့ခ်အခြေစိုက် အာဟာရပညာရှင် ကယ်ရီဂန်းက ဆိုပါတယ်။

မေးခွန်း (၄) တစ်နေ့မှာ ကယ်လိုရီ ဘယ်လောက်များများ စားသင့်သလဲ

“ဒီမေးခွန်းအတွက် တိကျတဲ့ အဖြေမရှိပါဘူး။ ကယ်လိုရီလိုအပ်ချက်ဟာ အသက်အရွယ်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှုအဆင့်၊ ကျန်းမာရေး အခြေအနေနဲ့ ကိုယ်ဝန်ရှိသလား၊ မိခင်နို့ချို တိုက်ကျွေးနေသလား စတဲ့ အချက်တွေပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ သင့်အတွက် အတိကျဆုံး ကယ်လိုရီလိုအပ်ချက် ရရှိဖို့အတွက် ကျွမ်းကျင်တဲ့ အာဟာရပညာရှင်ကို တွေ့ဆုံဆွေးနွေးသင့်ပါတယ်”လို့ အာဟာရပညာရှင် မီဂန်ကဆိုပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မလူနာတွေကို ကယ်လိုရီဖြတ်တောက်ဖို့ ဘယ်တော့မှမပြောပါဘူး၊ လူနာတွေက အာဟာရဓာတ် အပြည့်ပါတဲ့အစာနဲ့ အစာပမာဏပါဝင်တဲ့ မျှတကောင်းမွန်တဲ့ အစာစားသုံးတာကို ပိုလိုလားပါတယ်”လို့ မီဂန်က ဆိုပါတယ်။

ယေဘုယျအားဖြင့် အရပ် ငါးပေ လေးလက်မရှိတဲ့ အမျိုးသမီးတစ်ဦးဟာ အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ရင် တစ်နေ့ ကယ်လိုရီ ၁၄၀ဝ နဲ့ ၁၆၀ဝ ကြား စားသုံးသင့်ပြီး အပြင်းအထန် လေ့ကျင့်ခန်းလုပ်ရင် တစ်နေ့မှာကယ်လိုရီ ၁၉၀ဝ အထိ တိုးမြှင့်စားသုံးသင့်တယ်။ ဒါပေမဲ့ အထိုင်များတဲ့သူ ဒါမှမဟုတ် အားကစားသမားဆိုရင် ကယ်လိုရီ လိုအပ်ချက်က ပြောင်းလဲသွားပါတယ်။

မေးခွန်း (၅) Lupus ဆိုတာ ဘယ်လိုရောဂါလဲ

Lupus Erythematosus ဆိုတာ နာတာရှည် ကိုယ်ခံအားလွန်ကဲတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အမေရိကန်လူမျိုး ၁ ဒသမ ၅ သန်းကျော် ခံစားနေရပါတယ်။ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အရေပြား၊ ကျောက်ကပ်၊ အဆစ်၊ နှလုံး၊ အာရုံကြောစနစ်နဲ့ သွေးဆဲလ်တွေ ထိခိုက်တတ်ပါတယ်။ ရောဂါအမည်တပ်ဖို့ ခက်ခဲပြီး ရူမတွိုက်အဆစ်ရောင်နာနဲ့ မှားတတ်ပါတယ်။ ရောဂါလက္ခဏာတွေက လူနာတစ်ဦးနဲ့ တစ်ဦးပေါ်မူတည်ပြီး ကွဲပြားမှုရှိကာ ခေါင်းကိုက်တာ၊ နုံးချည့်ညောင်းညာတာ၊ အဆစ်နာတာ၊ ဖျားတာနဲ့ အရေပြားနီမြန်းတာတို့ ဖြစ်တတ်ပါတယ်။

မေးခွန်း (၆) ကိုယ်ဝန် ဘယ်နှပတ်ရှိပြီလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးစစ်ဆေးမှုနဲ့ အာထရာဆောင်းစစ်ဆေးမှုတွေ မခံယူခင် ကိုယ်ဝန်က ဘယ်နှပတ် ရှိပြီလဲဆိုတာ သိစေဖို့ အရင်ကတည်းက သုံးခဲ့တဲ့နည်းလမ်းကို သုံးနေတုန်းပါ။ အမျိုးသမီးတစ်ယောက်ရဲ့ ဝမ်းဗိုက်က ဘယ်လောက်ကြီးသလဲဆိုတာ တိကျတဲ့ တွက်ချက်မှုမဟုတ်ပါဘူး၊ ဘယ်တုန်းက နောက်ဆုံး ရာသီလာခဲ့သလဲဆိုတာက ကိုယ်ဝန်သက်တမ်းကို ဖော်ပြနိုင်တဲ့ အကောင်းဆုံး ခန့်မှန်းချက်ပဲဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်က ပုံမှန်ရာသီလာသူဆိုရင် သူနောက်ဆုံးရာသီလာခဲ့တဲ့နေ့က ကိုယ်ဝန်သက်တမ်း တွက်ချက်ဖို့ အကောင်းဆုံး အထောက်အထားပါ။ ဒါပေမဲ့ ရာသီပုံမှန်မလာရင် တွက်ဖို့မလွယ်ပါဘူး။ ဒီနေ့ခေတ်မှာ ကိုယ်ဝန်သက်တမ်းကိုသိဖို့ သန္ဓေသားဖွံ့ဖြိုးမှုကိုကြည့်နိုင်တဲ့ အာထရာဆောင်းစကင်ကို သုံးလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမဆုံးခြောက်ပတ်မှာ သွေးထဲ ကိုယ်ဝန်ဆောင် ဟော်မုန်းအဆင့် ပမာဏကို တိုင်းတာတဲ့ HCG ကို စစ်ဆေးကြည့်နိုင်ပါတယ်။

မေးခွန်း (၇) ဘယ်အချိန် သားဥကြွေမှာလဲ

မျိုးဆက်ပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ သားဥအိမ်ကနေ သားဥပြွန်ထဲကို သားဥတစ်လုံး ကြွေလေ့ရှိပါတယ်။ ပုံမှန်ရာသီလာတဲ့ အမျိုးသမီးတွေအတွက် ရာသီစက်ဝန်းကိုကြည့်ပြီး သားဥကြွေ၊ မကြွေ ဆန်းစစ်သိရှိနိုင်ပါတယ်။ တစ်လမှာတစ်ကြိမ် ရာသီလာရင် တစ်လတစ်ခါ သားဥကြွေပါတယ်။ သားဥကြွေတဲ့အချိန်ဟာ ခန့်မှန်းခြေအားဖြင့် နောက်ဆုံးရာသီလာတဲ့ ရက်ပြီးတဲ့ နောက်နှစ်ပတ်အတွင်း ဖြစ်လေ့ရှိပါတယ်။

ပျမ်းမျှအားဖြင့် ရာသီစက်ဝန်းက ၂၅ ရက်နဲ့ ၃၅ ရက်ကြားဖြစ်ပြီး ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား ကြာရင် ဒါမှမဟုတ် နှစ်လတစ်ကြိမ် ရာသီလာရင် ဒါကို နှစ်လတစ်ကြိမ် သားဥကြွေတယ်လို့ ဆိုနိုင်ပါတယ်။ သားဥကြွေတဲ့ရက်ကို အတိအကျသိနိုင်အောင် အိမ်မှာ သားဥကြွေ၊ မကြွေ စမ်းသပ်တဲ့ကိရိယာနဲ့ စစ်ဆေးနိုင်ပါတယ်။ အဲဒါက သားဥမကြွေခင် တစ်ရက်- နှစ်ရက်အလိုမှာ ဆီးထဲကဟော်မုန်း အပြောင်းအလဲကို ဆန်းစစ်သိရှိနိုင်ပါတယ်။

တချို့အမျိုးသမီးတွေက သူတို့ခန္ဓာကိုယ်အခြေအနေကို ကောင်းကောင်းသိပြီး သားဥကြွေချိန်မှာ ဗိုက်အောင့်တာ၊ ဗိုက်နာတာနဲ့ ရင်သားတင်းတာတို့လို လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

မေးခွန်း (၈) ဂလူတင်ဆိုတာ ဘာလဲ

ဂလူတင်ဆိုတာ ဂျုံ၊ ဘာလီစေ့တွေမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးပါ။ ၂၀၁၅ မှာ ဂလူတင်မပါတဲ့အစာကို လူတွေ ပိုစိတ်ဝင်စားလာပါတယ်။ သင့်မှာ ဂလူတင်နဲ့မတည့်တဲ့ ရောဂါရှိရင် ဂလူတင်မပါတဲ့ အစာတွေကို စားဖို့လိုပါတယ်။ ဂလူတင်ပါတဲ့ အစာစားမိရင် အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး တခြားကျန်းမာရေး ဝေဒနာတွေ ဖြစ်နိုင်ပါတယ်။ ဂလူတင်မပါတဲ့ အစာစားတာကြောင့် အလွန်ကျန်းမာပါတယ်။

အမျှင်ဓာတ်များများပါတဲ့ ကောက်နှံတစ်ခုလုံး အစာကို စားတာကြောင့် အစာကြေညက်စေပြီး ကိုယ်အလေးချိန် ထိန်းနိုင်သလို သွေးတွင်း ကိုလက်စထရောနဲ့ သွေးဖိအားကို လျော့ကျစေပါတယ်။

မေးခွန်း (၉) တုပ်ကွေးက ဘယ်လောက်ကြာကြာဖြစ်မှာလဲ

တုပ်ကွေးဖြစ်ရင်စဉ်းစားရမှာ တစ်ခုက မြန်မြန်နေကောင်းလာမယ် ဆိုတာပါပဲ။ ဒါဆိုရင် အခုခံစားနေရတဲ့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ နုံးချည့်ညောင်းညာတာ စတဲ့ ဝေဒနာတွေကနေ ဘယ်အချိန်မှာ မြန်မြန်သက်သာလာမှာလဲ ဆိုတာက ဖျားနေတဲ့ ဘယ်သူမဆို သိချင်ကြမှာပါ။ တုပ်ကွေးရဲ့ ယေဘုယျ သက်တမ်းက ၇ ရက်ကနေ ၁၀ ရက်အထိဖြစ်ပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်တွေ မြန်မြန်ထွက်သွားစေချင်ရင် အရည်များများ သောက်တာ၊ လက်ကို မကြာခဏ ဆေးကြောတာ၊ ဗီတာမင်ဒီ အားဖြည့်ထားတဲ့ ဒိန်ချဉ်နဲ့ လိမ္မော်ရည် သောက်တာတို့ကို လုပ်ဆောင်ရင်း တုပ်ကွေးရောဂါ ပိုမဆိုးအောင်ကာကွယ်နိုင်ပါတယ်။

(Ref;CNN)

Most Popular

Healthy Life Ad
To Top