Healthy Life Ad
Life Style

ဘုဏ်းသိုက်နှင့် ချမ်းချမ်းမိသားစု ကျန်းမာရေး အမူအကျင့်များ

– မချမ်းချမ်းတို့ မိသားစု ကျန်းမာရေးနဲ့ ညီညွတ်အောင် အစားအသောက်ကို ဘယ်လို စားဖြစ်ပါသလဲ။

မချမ်းချမ်းတို့ မိသားစုက အပြင်စာသိပ်မစားဖြစ်ဘူး။ အိမ်မှာပဲ ချက်စားဖြစ်တယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့တော့ အပြင်မှာ သွားစားဖြစ်ပါတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီးအရွက် များများစားတယ်၊ အဆီအအိမ့် လျှော့တယ်၊ ဟင်းအရည်သောက် ချက်စားတာများတယ်၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် မျှတအောင် စားဖြစ်ပါတယ်။

12243347_974394749273280_2591489096525416544_n

– မချမ်းနဲ့ ကိုဘုဏ်းသိုက် အားကစားအနေနဲ့ ဘာတွေ လုပ်ဖြစ်ပါသလဲ။

တစ်ခါတလေ ကန်ဘောင်တွေသွားပြီး လမ်းလျှောက်ဖြစ်တယ်၊ အားတဲ့အချိန်တွေဆို မနက်အစောထပြီး ပြေးဖြစ်ကြတယ်၊ အနုပညာအလုပ်က တစ်ဖက်ဆိုတော့ အားတဲ့အချိန်တွေမှာ တတ်နိုင်သလောက် အားကစားလုပ်ဖြစ်ကြပါတယ်။

– မချမ်းတို့ ဇနီးမောင်နှံ တစ်ယောက်ရဲ့ ကျန်းမာရေးကို တစ်ယောက်က ဂရုစိုက်ပြီး အကြံပေးဖြစ်ပါသလား။

အဓိကကတော့ နယ်တွေသွားဖြစ်ရင် ပိုဂရုစိုက်ဖြစ်ကြတယ်။ ရာသီဥတုအခြေအနေကြောင့်လည်း ဂရုစိုက်ဖြစ်ကြတယ်၊ အစားအသောက်ကို ဆင်ခြင်ပြီးစားကြတယ်၊ ဆေးဝါးတွေ ယူဆောင်သွားကြတယ်။ ပြီးတော့ ကိုဘုဏ်းသိုက်က ညဘက်တွေ အိပ်ရာဝင်နောက်ကျတာ၊ အိပ်ရေးပျက်တာမျိုးတွေရှိရင် သတိပေးဖြစ်ပါတယ်၊ အိပ်ရေးဝ၀ အိပ်ဖို့အတွက်ပေါ့၊ အိပ်ရေးဝမှ လန်းဆန်းမှုရှိမှာဖြစ်တယ်၊ ကျန်းမာဖို့အတွက် အစားအသောက်နဲ့ အအိပ်မှန်ဖို့ အရေးကြီးပါတယ်။

အစ်မက နယ်တွေသွားဖြစ်ရင် အလုပ်က အရမ်းများတော့ ထမင်းစားနောက်ကျတယ်၊ ပြီးတော့ အစ်မက အစားအသောက်မမှန်ရင် အစာအိမ်အောင့်တတ်တဲ့အတွက် အချိန်မှန်စားဖို့ ကိုဘုဏ်းသိုက်က သတိပေးတာမျိုးရှိပါတယ်။

Untitled-4

– သမီးလေးဂင်္ဂါရဲ့ကျန်းမာရေးအတွက် ဂရုစိုက်ပေးဖြစ်ပုံလေး ပြောပြပေးပါ။

သမီးလေးက အပြင်သွားရင် အပူအအေးမမျှလို့ နှာစေး၊ ချောင်းဆိုးတာတော့ ဖြစ်တတ်ပါတယ်၊ သမီးလေးကို အားဆေးတွေတိုက်ပါတယ်၊ ဗီတာမင်စီတိုက်ဖြစ်တယ်၊ အသီးအနှံများများ ကျွေးတယ်၊ ကလေးအတွက် အာဟာရဖြစ်စေတဲ့ အစားအသောက်တွေ ကျွေးဖြစ်ပါတယ်။

– နောက်ထပ် ရင်သွေးယူဖို့ကော ရှိသေးလား။

အခုလောလောဆယ်တော့ မရှိသေးပါဘူး၊ နောက်သုံးလေးနှစ်လောက်မှ ယူဖို့စီစဉ်ထားပါတယ်။

– စီးပွားရေးနဲ့ အနုပညာအလုပ် ဟန်ချက်ညီအောင် ဘယ်လိုမျိုးလုပ် ဖြစ်ပါသလဲ။

အစ်မတို့က အနုပညာအလုပ်က စီးပွားရေးနဲ့လည်း နည်းနည်းပါးပါးဆိုင်တာပေါ့၊ ငွေကြေးမကြည့်ဘဲ လုပ်ပေးရတဲ့ အနုပညာအလုပ်တွေလည်း ရှိပါတယ်၊ အဓိကက စေတနာပေါ့၊ တစ်ခါတလေ ပရဟိတ အလုပ်မျိုးတွေဆိုရင်လည်း ငွေကြေးမပါဘဲ စေတနာနဲ့ လုပ်ပေးတာမျိုး ရှိပါတယ်။

– မိသားစုလိုက် အပန်းဖြေခရီးသွားဖို့ကော ရှိပါသလား။

မိသားစုလိုက်ကတော့ ခရီးထွက်ဖြစ်ပါတယ်၊ အလုပ်အားတဲ့ အချိန်တွေမှာလည်း သွားဖို့ရှိပါတယ်။

– အသံကို ဘယ်လိုဂရုစိုက်ပေးဖြစ်ပါသလဲ။

အဓိကအိပ်ရေးဝ၀အိပ်တယ်၊ ရေခဲရေရှောင်တယ်၊ ရေနွေးကြမ်းများများ သောက်ဖြစ်ပါတယ်၊ အစားအသောက် ဆင်ခြင်ပါတယ်၊အဆီတွေ လျှော့စားဖြစ်ပါတယ်။

– လက်ရှိအနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါ။

အခုလက်ရှိက ဇန်နဝါရီနှစ်ရက်နေ့မှာ အိပ်မက် DVD ထွက်ဖို့ရှိပါတယ်။

– မချမ်းတို့မိသားစုကိုအားပေးနေတဲ့ ပရိသတ်ကိုပေးချင်တဲ့ နှစ်သစ်ဆုတောင်းလေး . . .

အစ်မတို့မိသားစုကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်ကြီး ကျန်းမာပါစေ၊ အစ်မ မရောက်နိုင်သေးတဲ့ နေရာဒေသမှာရှိတဲ့ ပရိသတ်တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်၊ အားလုံးနှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top