Healthy Life Ad
Life Style

ရတနာမိုင်၏ ကျန်းမာလှပ လူမှုဘဝ

မိုင်လေးရဲ့ တစ်နေ့တာအသားအရေ ထိန်းသိမ်းမှုပုံစံ
အဓိက အသားအရေစိုပြေဖို့အတွက် ရေများများသောက်တယ်၊ နေပူထဲထွက်တာ ရှောင်တယ်၊ မျက်နှာကို SKII ပုံမှန် သုံးဖြစ်တယ်၊ လိုးရှင်းကတော့ ပုံမှန်မလိမ်းဖြစ်ပါဘူး၊

mailay

အဆီအဖုလေးတွေကြောင့် မိတ်ကပ်လိမ်းရတာ အဆင်မပြေဖြစ်တတ် . . .
ညီမမျက်နှာက တစ်ခါတလေ အဆီဖုလေးတွေ ထွက်တတ်တယ်၊ မိတ်ကပ်လိမ်းရတာ သိပ်အဆင်မပြေဘူး၊ အဓိကကတော့ သီချင်းဆိုခါနီးဆို အဆီဖုလေးတွေကို မိတ်ကပ်ဖုံးပြီးလိမ်းရတဲ့ အခက်အခဲလေးတွေတော့ ရှိပါတယ်၊ ကျန်းမာရေးကြောင့်တော့ ရိုက်ကူးရေးတွေမှာ ရှိုးပွဲတွေမှာ အခက်အခဲဖြစ်တာမျိုးတော့ မရှိပါဘူး။

mailay2

မိတ်ကပ်လိမ်းရင် အိုင်းလိုင်နာခြယ်ရတာ သဘောကျ
မိတ်ကပ်ကတော့ ကိုယ်တိုင်လိမ်းတယ်၊ တစ်ခါတလေ မိတ်ကပ်ဆရာတွေနဲ့ ပြင်ဖြစ်ပါတယ်၊ ကိုယ်တိုင်လိမ်းဖြစ်ရင်လည်း မိုင်လေးက မျက်လုံးကိုခြယ်ရတာ ပိုသဘောကျတယ်၊ အိုင်လိုင်နာဆိုးရတာကိုလည်း သဘောကျပါတယ်။

ကျန်းမာရေးဗဟုသုတ ရှာမှီးလေ့လာ . . .
ကျန်းမာရေးအတွက်ကတော့ ဗဟုသုတတွေ လေ့လာဖြစ်ပါတယ်၊ များသောအားဖြင့် နေထိုင်စားသောက်မှုပုံစံ မှန်ကန်အောင် လေ့လာဖြစ်တယ်၊ ရေများများသောက်တာကလည်း ကျန်းမာရေးအတွက် ဆေးတစ်ခွက်ဖြစ်ပါတယ်။

အဆီအအိမ့် လျှော့စား . . .
မိုင်လေးက ကျန်းမာရေးနဲ့ပတ်သက်ပြီး အစားအသောက်ကို အဆီအအိမ့်လျှော့စားတယ်၊ အဆင်သင့်အစာတွေ သိပ်မစားဖြစ်ပါဘူး၊ အိမ်မှာဆိုလည်းအမေက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေချက်စားတာ များတယ်၊ အပြင်စာ သိပ်မစားဖြစ်ပါဘူး၊ အစားအသောက်ကလည်း ဆင်ခြင်ဖို့အရမ်းလိုတယ်။ အခုက ကင်ဆာတွေဖြစ်တာများတော့ သတိထားရပါတယ်။

mailay3

အစားအသောက်နဲ့ ဝိတ်ထိန်းဖြစ် . . .
မိုင်လေးခန္ဓာကိုယ်က အရမ်းကြီးတဲ့အထဲမှာမပါတော့ ဝိတ်ထိန်းတာအရမ်းမခက်ခဲပါဘူး။ တစ်ခါတလေ ဝိတ်တက်လာတယ်ထင်ရင် အစားအသောက်ဆင်ခြင်လိုက်ရင် တစ်ရက် – နှစ်ရက်လောက်ဆို ပြန်ကျတယ်၊ အဓိကတော့ အစားအသောက်ပုံမှန်စားဖြစ်သလို ကျန်မာရေးနဲ့ ညီအောင် စားဖြစ်ပါတယ်။

ဆောင်းတွင်းနှာစေးတာနဲ့ အသံဝင်တာမဖြစ်အောင် နွေးနွေးထွေးထွေးနေတယ်
အခုလို ဆောင်းတွင်းမှာဆိုရင် အသားအရေအတွက် လိုးရှင်းလေးလိမ်းတယ်၊ ပြီးတော့ နယ်ခရီးတွေသွားဖြစ်ရင် နွေးနွေးထွေးထွေးလေး နေဖြစ်တယ်၊ နှာစီးချောင်းဆိုးမဖြစ်အောင် ဂရုစိုက်တယ်၊ မိုင်လေးက အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် အသံကတော့ အဓိကပေါ့ . . အဲ့ဒီအတွက်

အသံမဝင်အောင်နဲ့ နှာမစီးအောင် သေချာဂရုစိုက်ရတယ်၊ နှာစီးခဲ့ရင် သီချင်းဆိုတဲ့အခါ နှာသံကြီးနဲ့ အဆင်မပြေလို့ပါ။

ကောလဟလကြောင့် စိတ်အနှောင့်အယှက်မဖြစ်
ကောလဟလက အခုချိန်ထိကြီးကြီးမားမား မရှိခဲ့ပါဘူး၊ ကောလဟလက ကိုယ်ဟုတ်တယ်ဆိုရင် စိတ်တော့နည်းနည်း ထိခိုက်ချင်ထိခိုက်မှာပေါ့၊ ကိုယ်မဟုတ်ဘဲနဲ့ ကောလဟလသတင်းက ထွက်လာမယ်ဆိုရင်တော့ သိပ်ပြီးစိတ်ထိခိုက်မှာ မဟုတ်ပါဘူး၊ ကိုယ့်လိပ်ပြာကို ကိုယ်သန့်တဲ့အတွက် အရမ်းကြီးစိတ်ဆင်းရဲရတာမျိုးတော့ ဖြစ်လာမှာမဟုတ်ပါဘူး။

အားလပ်ချိန်မှာ ဘာသာတရားလုပ်ဖြစ် . . .
မိုင်လေးက အားလပ်ချိန်တွေမှာ ဘုရားရှိခိုးတယ်၊ ပုတီးစိပ်တယ်၊ များသောအားဖြင့် အိမ်ကမိသားစုနဲ့ အချိန်ကုန်တာများပါတယ်၊

စိတ်ဖိစီးမှုဖြစ်လာရင် အကြာကြီး မထားတတ် . . .
မိုင်လေးက စိတ်ညစ်လာရင်၊ စိတ်ဖိစီးမှုတွေဖြစ်လာရင် အိမ်ကမိဘတွေကို ရင်ဖွင့်လိုက်တယ်၊ တစ်ခါတလေကျရင်လည်း တွေးနေတတ်တယ်၊ ပြီးတော့မိုင်လေးက စိတ်ညစ်လာရင်၊ စိတ်ဖိစီးမှုဖြစ်လာရင် အကြာကြီးမထားတတ်ဘူး၊ မေ့ဖျောက်ပြီးပျော်အောင် နေပစ်လိုက်တယ်။ စိတ်ညစ်တာကြီးကို ခေါင်းထဲထားပြီး ညည်းမနေတတ်ဘူး၊ ဘုရားစာရွတ်တယ်၊ သီချင်းနားထောင်တယ်၊ သီချင်းဆိုတယ်။

ထိခိုက်လွယ်တဲ့ အသားအရေရှိ . . .
မိုင်လေးအသားအရေက ထိခိုက်လွယ်တယ်၊ အဖုအပိမ့် ပေါက်တတ်တယ်၊ မိတ်ကပ်ကြောင့် အသားအရေပျက်စီးတာမျိုးတော့ မရှိဘူး၊ ရာသီဥတုကြောင့်ပဲ အသားအရေက ထိခိုက်ပျက်စီးတာမျိုး ရှိတယ်။

mailay4

နှစ်သစ်မှာ ပရိသတ်အတွက် ရတနာမိုင်ပေးချင်တဲ့ ဆုမွန်ကောင်း
လာမယ့် နှစ်သစ်မှာ ပရိသတ်အားလုံး ကျန်းမာပျော်ရွှင်ပြီး အလုပ်အကိုင်စီးပွားလာဘ်လာဘ တိုးပွားပါစေ..။ ကပ်ဆိုးတွေဘေးမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်၊ ကျန်းမာရေးကောင်းအောင် ရေများများသောက်ပါ၊ အစားအသောက် ဆင်ခြင်ကြပါလို့ ပြောချင်ပါတယ်။

mailay1

ရတနာမိုင် သိချင်တဲ့မေးခွန်း . . .
မေး. တချို့ဆို အရက်မသောက်ဘဲကင်ဆာ၊ အထူးသဖြင့် အသည်းကင်ဆာ အဖြစ်များတာကို တွေ့လာရပါတယ်။ အဲဒါ အစားအသောက်နဲ့ ဆိုင်တာလား၊ ကင်ဆာမဖြစ်အောင် အစားအသောက်တွေကို ဘယ်လိုဂရုစိုက်ရမလဲ၊ ကင်ဆာကို ကုလို့ရနေပြီလား . . သိချင်လို့ပါ ဆရာ။

ဒေါက်တာမိုးအောင်ကျော်နိုင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီးမှ ဖြေကြားသည်

ဖြေ. အသည်းကင်ဆာက အရက်သောက်လို့ဖြစ်တာထက် အသည်းရောင်အသားဝါဘီပိုး၊ စီပိုးကြောင့်ဖြစ်တာကို ပိုတွေ့ရပါတယ်။ အရက်သောက်တဲ့သူနဲ့ ဘီပိုး၊ စီပိုးရှိသူယှဉ်လိုက်ရင် ဘီပိုး၊ စီပိုးရှိသူကတောင် အသည်းကင်ဆာဖြစ်နိုင်ခြေ ပိုများနေပါတယ်။ အရက်သောက်သူက အသည်းခြောက်ခြင်း၊ အသည်းရေဖျဉ်းစွဲခြင်း . . အဆင့်ဆင့်ဖြစ်ပြီးမှ အသည်းကင်ဆာဖြစ်တတ်ပေမယ့် ဘီပိုးရှိသူက အသည်းကင်ဆာကို တိုက်ရိုက်ဖြစ်စေတယ်၊ စီပိုးရှိသူဆိုရင် အသည်းခြောက်ပြီး အသည်းကင်ဆာဖြစ်တာကို တွေ့ရပါတယ်။ အရက်နဲ့ဘီပိုး ဒါမှမဟုတ် စီပိုးတွဲလိုက်ရင် အသည်းကင်ဆာပိုပြီး ဖြစ်ပါတယ်။

ဒါတွေအပြင် အသည်းကင်ဆာဖြစ်စေတဲ့ အစားအသောက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေက Alfatoxin လို့ခေါ်တဲ့ မှိုမှာပါဝင်တဲ့ဓာတ် (ဥပမာ – ငရုတ်သီးမှိုတက်) ကြောင့် ဖြစ်တတ်တာပါ။ ကြိတ်ထားတဲ့ငရုတ်သီးမှုန့်တွေမှာ မှိုပါသလား၊ မပါဘူးလားဆိုတာ မမြင်ရတော့တဲ့အတွက် အဲဒါထည့်စားရင် အသည်းကင်ဆာ ဖြစ်စေနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့ ငရုတ်သီးမှုန့်ကိုပဲ စားသင့်ပါတယ်။ နောက်တစ်ခုက အသား၊ ငါးနဲ့ မီးတောက်တိုက်ရိုက်ထိတွေ့ရာက Nitrosamine ဆိုတဲ့ဓာတ် ထွက်တတ်ပါတယ်။ အဲဒါတွေက အကင်စာ၊ ဆာတေး၊ ကျပ်တင်စာတွေမှာ တွေ့ရတတ်ပါတယ်။ ဒါကိုများများစားရင် အသည်းကင်ဆာဖြစ်စေနိုင်တဲ့အတွက် အကင်စာစားချင်ရင် Aluminium Foil နဲ့ကင်ပြီး စားသင့်ပါတယ်။

ဆိုးဆေးပါတဲ့အစာ (ဥပမာ- အနီရောင်ဆော့စ်) နဲ့ ကြာရှည်ခံအောင်ထားတဲ့ အစာတွေကလည်း အသည်းကင်ဆာတင်မက အူမကြီးကင်ဆာတွေကိုပါ ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

ကင်ဆာက စောစောစီးစီးသိရင် ၉၀ ရာခိုင်နှုန်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဥပမာအနေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ရင်သားကင်ဆာ၊ ဖြစ်ဖြစ်ချင်း အကျိတ် ၂ စင်တီမီတာအရွယ်မှာ တွေ့တယ်ဆိုရင် ခွဲစိတ်ကုသမှုနဲ့တင် ပျောက်ပါတယ်။ ဒီ့ထက် နည်းနည်းကြီးရင် ခွဲစိတ်ပြီး ကင်ဆာဆေးသွင်းကုထုံး၊ ဓာတ်ရောင်ခြည်ပေးကုထုံး၊ ဟော်မုန်းကုထုံးတွေနဲ့ ၉၀ ရာခိုင်နှုန်း ပျောက်ကင်းစေနိုင်ပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့်တဲ့ ကင်ဆာကုထုံးတွေဖြစ်တဲ့ Targeted Therapy ၊ Gene Therapy ရှိလာတဲ့အတွက် ပျောက်အောင်ကုသနိုင်နေပါပြီ။

Most Popular

Healthy Life Ad
To Top