Healthy Life Ad
Life Style

အာဟာရဓာတ်အပြည့်ရဖို့ ရေခဲသေတ္တာကို ဘယ်လိုအသုံးချသင့်သလဲ . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး. ရေခဲသေတ္တာထဲ မထည့်ထားသင့်တဲ့ အစားအသောက်အသီးအနှံတွေရှိရင် ပြောပြပေးပါ ဆရာမ။

ဖြေ. ရေခဲသေတ္တာထဲ မထည့်ထားသင့်တဲ့ အစားအသောက်အသီးအနှံတွေအနေနဲ့ အဓိက, ကတော့ ငှက်ပျောသီး၊ ပန်းသီး၊ အာလူးတွေ ဖြစ်ပါတယ်။ ဘူးသီး၊ ခဝဲသီးတွေကို ထည့်ချင်ရင် ထည့်ထားလို့ရပါတယ်။

မေး. အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို တစ်ပတ်စာဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားသင့်ပါသလား ဆရာမ။

ဖြေ. ထည့်လို့ရပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် အချိန်မရတဲ့အတွက် တစ်လစာတောင် ဝယ်ထည့်ထားကြသေးတာပဲ။ ဒါပေမဲ့ အသား၊ ငါးတွေကို ရေခဲသေတ္တာအအေးခန်း (Freezer) ထဲ ထည့်ထားရင်တောင် တစ်ပတ်ထက် ပိုကြာကြာမထားသင့်ပါဘူး။ အသီးအရွက်တွေကတော့ တစ်သျှူး၊ စက္ကူ စတာတွေနဲ့အုပ်ပြီး ထည့်ထားမယ်ဆိုရင် ကြာကြာခံပါတယ်။ နယ်မှာကတော့ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်ပေမယ့် ရန်ကုန်မှာ တချို့ဟင်းသီးဟင်းရွက်တွေက သိပ်မလတ်ဘူး။ တောင်ကြီးမှာဆိုရင် ရွှေပဲရွက်လိုဟင်းရွက်ကို တစ်သျှူးနဲ့အုပ်ပြီး ရေခဲသေတ္တာထဲထည့်ထားရင် နှစ်ပတ်လောက် ကောင်းကောင်းခံပါတယ်။ ဒါပေမဲ့ ဒီမှာကျတော့ ချဉ်ပေါင်ရွက်ပဲဖြစ်ဖြစ် အရွက်တွေကို တစ်သျှူး ဒါမှမဟုတ် စက္ကူအုပ်ပြီး ရေခဲသေတ္တာထဲထည့်တာတောင် မခံပါဘူး။ သုံးရက်လောက်ကြာရင် သူ့ဘာသာ ညှိုးသွားတတ်ပါတယ်။ စိုက်ကွင်းထဲကယူလာတာကိုက ကြာနေပြီ၊ ဒါကြောင့် ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ရေခဲသေတ္တာထဲမှာ သုံးရက်ကနေ ငါးရက်ပဲခံပါတယ်။

မေး. ရေခဲသေတ္တာထဲ အစားအသောက်တွေထည့်လိုက်ရင် အာဟာရဓာတ် လျော့နည်းသွားနိုင်ပါသလား ဆရာမ။

ဖြေ. အာဟာရဓာတ်ကတော့ မလျော့နည်းတတ်ပါဘူး။ ဒါပေမဲ့ အရသာကတော့ နည်းနည်း ကွာသွားတတ်ပါတယ်။ အသားတွေဆိုရင် ချက်ချင်းဝယ်ပြီး ချက်ချင်းချက်တာနဲ့ ရေခဲသေတ္တာထဲထည့်ပြီး ချက်တာမှာ အရသာက အတော်ကွာသွားပါတယ်။

မေး. ရေခဲသေတ္တာထဲမှာ အတူတွဲမထားသင့်တဲ့ အစားအသောက်တွေရှိရင် သိပါရစေ ဆရာမ။

ဖြေ. ရေခဲသေတ္တာထဲမှာ အသား၊ ငါး အစိမ်းတွေနဲ့ အသီးအရွက်တွေကတော့ အတူတွဲမထားသင့်ပါဘူး။ ဒါပေမဲ့ ရေခဲသေတ္တာမှာက သူ့အကန့်နဲ့သူ ပါပြီးသား၊ အဲဒါကို အသားထည့်ထားတဲ့ အထုပ်နဲ့ ဟင်းသီးဟင်းရွက် ထည့်ထားတဲ့အထုပ်ကို လုံးဝအတူ တွဲမထားသင့်ပါဘူး။
ကြက်ဥ၊ ဘဲဥဆိုရင် သူ့နေရာမှာပဲသူ ထားသင့်ပါတယ်။ ကြက်ဥ၊ ဘဲဥထားမယ်ဆိုရင် ပထမဦးဆုံး ရေဆေးရမယ်၊ ပြီးရင် ခြောက်အောင်သုတ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်ဥအခွံ၊ ဘဲဥအခွံတွေမှာ ကြက်ချေးတွေပါလာရင် ဆာမိုနဲလား၊ ရှီဂဲလား စတဲ့ပိုးတွေ ပါလာတတ်တဲ့အတွက် ကြက်ဥ / ဘဲဥကြော်ချက်စားလိုက်ရင် အစာအဆိပ်သင့် (Food Poisoning) နိုင်တာကြောင့် ကြက်ဥ / ဘဲဥကို သေချာသန့်စင်အောင်ဆေးကြောပြီးမှ ရေခဲသေတ္တာထဲ ထည့်သင့်တာဖြစ်ပါတယ်။

မေး. ရေခဲသေတ္တာရှိတာက ကျန်းမာရေးအတွက် အထောက်အကူပြုပါသလား ဆရာမ။

ဖြေ. ရေခဲသေတ္တာရှိတာက ကျန်းမာရေးအတွက် အထိုက်အလျောက် အထောက်အကူပြုပါတယ်။ အချိန်ကုန်လည်း သက်သာစေပါတယ်။ ပူတဲ့ရာသီဥတုမှာ တစ်နပ်စာတစ်နပ် ချက်ပြီးစားဖို့က လူတိုင်းအတွက် အဆင်မပြေနိုင်ဘူးလေ၊ ကလေးလေးတွေတောင်မှ ဖြည့်စွက်စာကျွေးမယ်ဆိုရင် တစ်ရက်စာချက်ပြီး တစ်ဝက်ပဲအရင်ကျွေး၊ ကျန်တာကို ရေခဲသေတ္တာထဲထည့် . .နောက်တစ်ကြိမ်ကျွေးခါနီးမှ ပြန်နွှေးပြီးကျွေး . . အဲဒါကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ပြောရမှာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top