Healthy Life Ad
Health Tips

ဆံပင်ဖြူခြင်းကို ကာကွယ်ပေးမည့် အာဟာရ

စူး ( ဆေးဝါးတက္ကသိုလ် )

ဆံပင်ဖြူတာက အများအားဖြင့် အသက်ကြီးရင့်တာနဲ့ ဆက်စပ်မှု ရှိပါတယ်။ တစ်ခါတစ်ရံ မျိုးရိုးဗီဇကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတတ်ပါတယ်။ တချို့သော အာဟာရဓာတ်တွေချို့တဲ့ရင်လည်း ဆံပင်ဖြူတစ်ပင်စ နှစ်ပင်စ ပေါ်လာတတ်ပါသေးတယ်။ ဒါကြောင့် ဆံပင်ဖြူတဲ့အတွက် ဆံပင်နက်ဆေးမဆိုးခင် လိုအပ်နေနိုင်တဲ့ အာဟာရဓာတ် တွေကို အရင်ဆုံး မှီဝဲကြည့်ဖို့ အကြံပြုချင်ပါတယ်။

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ စသည့် ဘယ်ရီသီး များ
ဘယ်ရီသီးတွေမှာ ဗီတာမင်စီပါဝင်မှု များပါတယ်။ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီဟာ အသားအရေနဲ့ ဆံပင်သား ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါနေပါတယ်။ ဒီအာဟာရဓာတ်က အရေပြားမှာ ကော်လာဂျင်ထုတ်လုပ်အား ကောင်းစေသလို အိုမင်းမှုဖြစ်စဉ်ကို တိုးစေတဲ့ ဖရီးရယ်ဒီကယ်အပိုတွေကို ချေဖျက်ပေးပါတယ်။ ဆံပင် ဖြူတာက အသက်ကြီးတာနဲ့ ဆက်စပ်နေတဲ့အတွက် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ စတဲ့ ဘယ်ရီသီးတွေ စားတာကြောင့် အသက်ကြီးတဲ့တိုင် ဆံပင်တွေသန် စွမ်း နက်မှောင်နေမှာပါ။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ များများ ပါဝင်နေပါတယ်။ ဒါ့အပြင် ဦးရေပြားကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဗီတာမင်ဘီလည်း ပါဝင်နေပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်တဲ့ ဗီတာမင် B12ဟာ ဟော်မုန်းအထွက် တိုးစေပြီး ဆံပင်ဖြူတာကို တွန်းလှန်ပေးပါတယ်။

ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးကို ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ငါးသေတ္တာဘူးအနေနဲ့ပဲ ပေါပေါများများ ရနိုင်ပါသေးတယ်။ ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီး အက်ဆစ်နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်တဲ့အတွက် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဆယ်လ်မွန်ငါးကို ပုံမှန်စားတာကြောင့် ဆလီနီယမ်ဓာတ် ပါဝင်တဲ့အတွက် ဆံပင်သားကို ကျန်းမာစေပါတယ်။ ဆလီနီယမ်သတ္တုဓာတ်က ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းထွက်ရှိဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိတာကြောင့် ဆဲလ်တွေကို မကောင်းတဲ့ ဖရီးရယ်ဒီကယ်ရဲ့ ထိခိုက်မှု မကျရောက်အောင် ကာကွယ်ပေးပါတယ်။

ချောကလက်
ချောကလက်မှာပါဝင်တဲ့ ကြေးနီဓာတ်က မယ်လနင်ဓာတ် အထွက်တိုးစေပါတယ်။ မယ်လနင်ဓာတ်က အသားအရေနဲ့ ဆံပင်သားကို ညိုမည်းတဲ့ ရောင်ခြယ်ပစ္စည်း ထုတ်လုပ်ပေးပါတယ်။ ချောကလက်ကို တစ်နေ့ လေးထောင့်တစ်ကွက်စာ ပမာဏပဲစားပါ။

Almond သစ်စေ့
ချောကလက်လိုပဲ Aljmond သစ်စေ့မှာ မယ်လနင်ထုတ်လုပ်မှုအတွက် အရေးပါတဲ့ ကြေးနီဓာတ်ပါဝင်တာကြောင့် ဆံပင်သားကို အမည်းရောင် ဖြစ်စေပါတယ်။ ဒါ့အပြင် Almondသစ်စေ့မှာ ဗီတာမင်အီးလည်း ပါဝင်တာကြောင့် အသားအရေ၊ လက်သည်းခြေသည်းနဲ့ ဆံပင်သားကို သန်စွမ်းစေပါတယ်။ Almond သစ်စေ့ကို စီးတီးမတ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top