Healthy Life Ad
Health Tips

အလုပ်အကိုင် အခွင့်အလမ်း ပိုပွင့်လာစေမည့် မိတ်ကပ်လိမ်းခြယ်နည်း

ငွေကြယ်စင်ယံ

အသက်မွေးဝမ်းကျောင်းနဲ့ ဆိုင်တဲ့ အလုပ်တွေ လုပ်နေရသူ အမျိုးသမီးတွေ အတွက် အလုပ်အကိုင် အလိုက် သင့်တော်တဲ့ မိတ်ကပ်အပြင်အဆင် ရှိသင့်ပါတယ်။ မိတ်ကပ်လိမ်းတာက အလုပ်အတွက် သင့်တော်တဲ့ ဝတ်စုံ ရွေးချယ်ရသလိုပဲ အရေးပါတဲ့ အရာပါ။ အလုပ်မှာ စမတ်ကျကျ ပြင်ဆင်ဝတ်စား တတ်ရင် အလုပ်အကိုင် အခွင့်အလမ်း ပိုရှိပြီး အလုပ်မှာ အောင်မြင်နိုင်ခြေ ပိုများလာမှာပါ။

(၁) သက်သောင့်သက်သာ ရှိမည့် မိတ်ကပ် အမျိုးအစားရွေးချယ်ပါ

လုပ်ငန်းခွင်မှာ သဘာဝကျကျ ကြည့်ကောင်းအောင် ပြင်ဆင်တာက အဆင့်အတန်း ပိုရှိစေပါတယ်။ အညိုရောင် အိုင်းရှဲဒိုး၊ ပန်းရောင် နှုတ်ခမ်းနီ၊ မက်မွန်သီးရောင် ပါးနီနဲ့ အညိုရင့်ရောင် မက်စ်ကာ ရာတို့ကို အသုံးပြုပြီး ပြင်ဆင်လိမ်းခြယ်ပေးပါ။ ဒါဆိုရင် သင့်မျက်နှာက အကြည့်ခံပြီး ဆွဲဆောင်မှု ရှိနေမှာပါ။

(၂) လုပ်ငန်းခွင် အနေအထားနှင့် ကိုက်ညီစွာ ပြင်ဆင်ခြယ်သပါ

ကိုယ်လုပ်နေတဲ့ အလုပ်၊ တွေ့ဆုံနေတဲ့ပုဂ္ဂိုလ် နဲ့ ကိုယ်နေရတဲ့ လုပ်ငန်းခွင်စတဲ့ အခြေအနေတွေပေါ် မူတည်ပြီး မိတ်ကပ်ကို ရွေးချယ်ပါ။ အဲကွန်းခန်း ထဲမှာ အေးအေးလူလူ လုပ်ကိုင်နေရတယ်ဆိုရင် အစိုဓာတ် ထိန်းနိုင်တဲ့ မိတ်ကပ် ရွေးလိမ်းသင့်ပြီး လှုပ်ရှားသွားလာ လုပ်ကိုင်နေရတယ်ဆိုရင် အဆီပါဝင်မှု နည်းတဲ့ မိတ်ကပ် အမျိုးအစားကို ရွေးချယ် သင့်ပါတယ်။

(၃) ပေါ်လွင်စေလိုသည့် အစိတ်အပိုင်းကို ပြုပြင်ပါ

ကိုယ့်မျက်နှာမှာ ပေါ်လွင်ထင်ရှားစေလိုတဲ့ အစိတ်အပိုင်းကို ဦးစားပေးပြီး ပြင်ပါ။ မျက်ဝန်းကို တောက်ပနေအောင် ပြင်ရင် ကျန်တဲ့ အစိတ်အပိုင်း တွေကို ခပ်မှိန်မှိန်ပဲ ပြင်ဆင်သင့်ပါတယ်။

(၄) ကြာကြာ ခံမည့် မိတ်ကပ် ရွေးလိမ်းပါ

သင် အလုပ်လုပ်ရတဲ့ ကြာချိန်အတိုင်း မျက်နှာပေါ်မှာ ရှိနေနိုင်မယ့် မိတ်ကပ်အမျိုးအစားကို ရွေးချယ်လိမ်းပါ။ ရေစိုခံ မက်စ်ကာရာနဲ့ အိုင်းရှဲဒိုး ကြာကြာခံမယ့် Eye Primer ကို မဖြစ်မနေ လိမ်းရပါမယ်။ ပေါင်ဒါမှုန့် ရိုက်တာကြောင့် မိတ်ကပ်ကို ကြာကြာ ခံစေပါတယ်။

(၅) အသားအရေ ထိခိုက်မှု နည်းစေမည့် မိတ်ကပ် ရွေးချယ်ပါ

သင့်အတွက် သင့်တော်တဲ့ မိတ်ကပ် အမျိုးအစားကို ရွေးချယ်ပါ။ ယေဘုယျအားဖြင့် အလုပ်လုပ် တဲ့အမျိုးသမီးတွေက ဖောင်ဒေးရှင်းခရင်မ်၊ အိုင်းရှဲဒိုး၊ မက်စ်ကာရာနဲ့ နှုတ်ခမ်းနီတို့ လိုအပ်ပါတယ်။

(၆) စနစ်တကျ အသားအရေ ထိန်းသိမ်းပါ

အသားအရေ လှပကြည့်ကောင်းနေရင် မိတ်ကပ်ခပ်ပါးပါး လိမ်းထားလည်း အဆင်ပြေနေမှာပါ။ အသားအရေ လှပပြီး နုပျိုလန်းဆန်းတာက အဆင့်အတန်းရှိတဲ့ အသွင်အပြင်ကို ဖြစ်စေပါတယ်။

(၇) ညကတည်းက ပြင်ဆင်ပါ

မနက်အလုပ်သွားချိန်မှာ မိတ်ကပ်ကို ဘယ်လို ပြင်ဆင်ပြီး ဘယ်လို အဝတ်အစား ဝတ်မယ်ဆိုတာကို ကြိုတင်စဉ်းစားထားပါ။ ဒါဆိုရင် မနက်ဘက်မှာ စိတ်ဖိစီးမှုနည်းနည်းနဲ့ အချိန်ကုန်သက်သာစွာ လုပ်ငန်းခွင်ကို လှလှပပသွားနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top