Healthy Life Ad
Life Style

မကွေးဆေးရုံကြီး၌ ရှားပါသော အူအတက်ပါသည့် အူကျခြင်း(Amyand’s hernia)အား ခွဲစိတ်ကုသခဲ့

ပါမောက္ခဦးအေးမွန် ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. Amyand’s hernia ဆိုတာ ဘာကို ဆိုလိုပါသလဲ ဆရာ။

ဖြေ. အူကျတဲ့အထဲမှာ အူအတက် (Appendix) ပါသွားတာကို Amyand’s hernia လို့ ခေါ်ပါတယ်။ များသောအားဖြင့် ပေါင်ခြံအူကျတာ (Inguinal Hernia)ဖြစ်ရင် အူသိမ်အောက်ပိုင်း (Ileum)ပါတတ်တယ်။ အူအတက်က အူမကြီး (Cecum)မှာ ကပ်နေတဲ့အတွက် အူအတက်ပါတဲ့ အူကျတာမျိုးက တွေ့ရခဲပါတယ်။ ခွဲစိတ်ဆရာဝန်တွေရဲ့ဆေးလောက ဘဝတစ်လျှောက်မှာ တစ်ယောက်-နှစ်ယောက်လောက်ပဲ တွေ့ရတဲ့ ရှားပါးဖြစ်စဉ်ပါ။

မေး. ဆရာ မကြာသေးခင်က မကွေးဆေးရုံကြီးမှာ Amyand’s hernia ကို ခွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား ဆရာ။

ဖြေ. လူနာ အသက်က ၇၅ နှစ်ပါ၊ သူက အူကျတယ်ဆိုပြီး ဆေးရုံရောက်လာပါတယ်။ ရောက်လာတော့ စမ်းသပ်ပြီး ဆရာတို့ ခွဲစိတ်ကုသလိုက်တော့ အူကျတာကို ခွဲရင်း အထဲမှာ အူအတက်ကို သွားတွေ့ရတာ ဖြစ်ပါတယ်။ အူအတက်က ကပ္ပာယ်အိတ်အထဲအထိဝင်ပြီး ကျနေတာပါ။ အူအတက်က ရောင်မနေပါဘူး။ အူအတက်သာ ရောင်နေခဲ့မယ်ဆိုရင် ဒီလူနာက ဗိုက်အောင့်တဲ့ ဝေဒနာနဲ့ ရောက်လာမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် အူကျတယ်လို့ ထင်ချင်မှထင်မှာပါ၊ အူပိတ်နေတယ်လို့ ထင်တတ်ပါတယ်။ တကယ်တော့ အူအတက်နေရာက အပေါ်မှာရှိနေတာဖြစ်လို့ နေရာလွဲနေတဲ့အတွက် အထင်မှားနိုင်ပါတယ်။

အူအတက်က ရောင်မနေတဲ့အတွက် အူကျတဲ့ဝေဒနာနဲ့ လာတဲ့အခါ အူအတက်ပါတဲ့ အူကျခြင်းလို့ မသိနိုင်ပါဘူး။ ရိုးရိုး အူကျတာလို့ပဲ ထင်ပါတယ်။ ဒီလူနာကတော့ အူကျတဲ့ဝေဒနာ ခံစားနေရတာ ငါးနှစ်-ခြောက်နှစ်ကျော် ရှိနေပါပြီ။ အလေးအပင်တွေ မရင်၊ လမ်းလျှောက်တာများရင် အူကျလာတယ်၊ ညအိပ်ရင် ပြန်ဝင်သွားတယ် . .အဲဒီလို ရိုးရိုး အူကျတဲ့ဝေဒနာ လက္ခဏာတွေပဲ ခံစားနေရတာပါ။

မေး. ဆရာရဲ့ ခွဲစိတ်ဆရာဝန်ဘဝ နှစ် ၂၀ လောက်အတွင်းမှာ အူအတက်ပါတဲ့ အူကျခြင်းကို ဘယ်နှကြိမ် လောက် တွေ့ဖူးပါသလဲ ဆရာ။

ဖြေ. ဆရာ သုံးခါတွေ့ဖူးပါတယ်။ ဆရာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရန်ကုန်၊ ဘားအံနဲ့ အခု နောက်ဆုံး မကွေးမှာ ကြုံဖူးတာ ဖြစ်ပါတယ်။ ဘားအံက လူနာတုန်းက ရောင်နေတဲ့ အူအတက်ပါတဲ့ အူကျတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဘားအံမှာ ကြုံခဲ့တဲ့ လူနာက အူအတက်ရောင်နေတဲ့အတွက် ဗိုက်အောင့်တယ်၊ စမ်းကြည့်တဲ့အခါ ဝမ်းဗိုက်ညာဘက်ပိုင်းက မာတယ်၊ တောင့်နေတယ်၊ အန်လည်း အန်တယ်၊ အဖျားသွေးလည်း ရှိတယ်၊ ပေါင်ခြံအူကျဝေဒနာ (Inguinal Hernia)လည်း ရှိတယ် . . အဲဒီအတွက် အူအတက်ပါတဲ့ အူကျခြင်း များလားဆိုပြီး သံသယရှိခဲ့ပါတယ်။

ဆရာတို့က ရိုးရိုးအူကျတဲ့ လူနာတွေကိုတော့ ဓာတ်မှန်ရိုက်လေ့မရှိပါဘူး။ ဒါပေမဲ့ ဒီလိုအူအတက်ပါတဲ့ အူကျလူနာတွေကို ဓာတ်မှန်ရိုက်တဲ့အခါမှာတော့ အူကျတဲ့အထဲပါနေတဲ့ အူအတက်ကို တွေ့နိုင်ပါတယ်။ အူကျတဲ့အထဲပါနေတဲ့ အူအတက်က ရောင်နေရင် ချက်ချင်း ခွဲစိတ်ကုသမှုပေးဖို့ အရေးကြီးပါတယ်။ ရောင်မနေရင်တော့ သိပ်အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ ဆရာကတော့ အူအတက်ရောင်မနေလည်း အူအတက်ကိုပါ ခွဲထုတ်လိုက်ပါတယ်။ အဲဒီအတွက် လူနာအနေနဲ့ တစ်ရက်-နှစ်ရက်လောက်တော့ အစာမစားဘဲ နေရပါတယ်။

မေး. အူအတက်ပါတဲ့ အူကျလူနာကို ဘယ်လိုခွဲစိတ်မှု ပေးဖြစ်ခဲ့ပါသလဲ ဆရာ။

ဖြေ. အူအတက်ပါတဲ့ အူကျတဲ့ဖြစ်စဉ်က တွေ့ရခဲလွန်းလို့ ဆေးကျောင်းမှာ စာသင်ရင်တောင် ထည့်သင်လေ့ မရှိတော့ပါဘူး။ အူကျတဲ့ လူနာကိုခွဲရင် အူကျတဲ့အိတ်ကိုဖွင့်ပြီး အထဲကကျနေတဲ့ အူကိုထုတ်ရတယ်၊ ပြီးရင် ဆန်ခါထည့်ပြီး ပြန်ပိတ်ရပါတယ်။ အဲဒီအခါ အူအတက်ပါတဲ့ အူကျဝေဒနာဆိုရင် အူအတက်က ရောင်နေသည်ဖြစ်စေ၊ မရောင်သည်ဖြစ်စေ အူအတက်ကိုပါ တစ်ခါတည်း ဖယ်ထုတ်လိုက်ရပါတယ်။

မေး. အူအတက်ပါတဲ့ အူကျဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခွဲစိတ်ဆရာဝန် ဖြစ်လိုကြတဲ့ ဆေးကျောင်းသားတွေ၊ ဆရာဝန်အငယ်တွေကို ပြောပြလိုတဲ့ အချက်တွေရှိရင် သိပါရစေ ဆရာ။

ဖြေ. အူအတက်ပါတဲ့ အူကျတာက ရှားပါးတဲ့ဖြစ်စဉ် ဆိုပေမယ့် ရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ဆရာဆိုရင် မကွေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ခြောက်နှစ်ခွဲကျော်ကာလအတွင်း ဒီတစ်ကြိမ်ပဲတွေ့ဖူးပါတယ်။

အူကျတဲ့လူနာကို ခွဲစိတ်တဲ့အခါ အူအတက်ပါနေရင် တွေ့နိုင်ပါတယ်။ ပြဿနာရှိတာက အူအတက် ရောင်နေတဲ့အချိန်မှာ အူကျတဲ့နေရာကလည်း နာတယ်၊ ဗိုက်ကလည်း နာတယ်ဆိုရင် အူအတက်ပါတဲ့ အူကျခြင်း Amyand’s Hernia ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ ဒီလို ဖြစ်နိုင်တယ်လို့ သံသယဝင်ရင် ဓာတ်မှန်ရိုက်ကြည့်လို့ရပါတယ်။ ဒီလို လူနာတွေဆိုရင် အချိန်အများကြီးမဆွဲဘဲနဲ့ မြန်မြန်ခွဲစိတ်ကုသလိုက်ဖို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top