Healthy Life Ad
Life Style

ကွမ်းတံတွေးကို တွေ့ကရာနေရာထွေးခြင်းက လူနေမှုအဆင့်နိမ့်ကျမှုကို ပြသနေ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကွမ်းတံတွေးကို အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဖြစ်သလိုထွေးထုတ်ခြင်းက လူနေမှုအဆင့်အတန်း နိမ့်ကျမှုကိုပြသနေကြောင်း ကျန်းမာရေးပညာ၊ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က Healthy Life ဂျာနယ်သို့ ပြောသည်။

“ ကွမ်းတံတွေးဆိုတာ ပါးစပ်ကနေထွက်လာတဲ့ အညစ်အကြေးဖြစ်ပြီး ပါးစပ်ကနေဝမ်းသွားတာ မဟုတ်ရုံတမည်ပဲလို့ ပြောရမှာဖြစ်ပါတယ်။ ကွမ်းတံတွေးကို တွေ့ကရာနေရာမှာ ထွေးတာက တိုင်းပြည်နဲ့လူမျိုးအတွက် အဆင့်အင်မတန်နိမ့်တဲ့ အပြုအမူဖြစ်ပါတယ်” ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။

ပါးစပ်ထဲတွင် ရောဂါပိုးများရှိနေသည့်အတွက် ကွမ်းတံတွေးကို တွေ့ကရာနေရာ၊ အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် ထွေးထုတ်ခြင်းဖြင့် အခြားသူများကို ရောဂါပိုး၊ အထူးသဖြင့် တီဘီပိုး ကူးစက်စေနိုင်ကြောင်း သိရသည်။

“ ပါးစပ်ထဲမှာ ရောဂါပိုးတွေလည်းရှိတဲ့အတွက် ကွမ်းတံတွေးကို တွေ့ကရာနေရာမှာ ထွေးတာကြောင့် အထူးသဖြင့် တီဘီရောဂါပိုးကို ကူးစက်စေနိုင်ပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ အနံ့ကအစ တခြားသူကိုအနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်” ဟု ဒေါက်တာခင်မောင်လွင်က ပြောကြားသည်။

“ တစ်ခါက ဘတ်စ်ကားစီးတုန်းရှေ့က ဘေးထိုင်ခုံမှာထိုင်တဲ့သူက ကားထွက်နေတုန်း ကွမ်းတံထွေး ထွေးလိုက်တာ နောက်ကဘေးထိုင်ခုံမှာထိုင်နေတဲ့ ကျွန်မဆီကို ပြတင်းပေါက်ကတစ်ဆင့် လာစင်တယ်လေ . . ကျွန်မဖြင့် ရွံလိုက်တာ . . ရုံးယူနီဖောင်းအင်္ကျီကို ကွမ်းတံတွေးအနီတွေပေသွားတာကို တစ်သျှူးနဲ့အမြန်သုတ်ပေမယ့် မပြောင်ဘူး၊ တစ်နေ့လုံးအနံ့ကလည်း နံနေတော့ ခေါင်းတောင်ကိုက်တယ်၊ ကျွန်မအထင်တော့ ကွမ်းစားတာကလည်း ဆေးလိပ်သောက်သလိုပဲ . . ကိုယ့်အပြုအမူကြောင့် တခြားသူတွေကို ထိခိုက်စေတယ်ဆိုရင်တော့ ဆင်ခြင်သင့်ပါတယ်” အသက် ၄၀ အရွယ် မမီမီထွန်းကပြောသည်။

ကွမ်းကြိုက်လို့စားတာကို အပြစ်မတင်ပါဘူး၊ ကြိုက်ရင်စားပါ၊ ဒါပေမဲ့ ကွမ်းတံတွေး ထွေးတာကို တွေ့ကရာနေရာမှာ ဖြစ်သလိုမထွေးသင့်ပါဘူး။ ကိုယ့်အင်္ကျီကို ကိုယ်ပြန်ထွေးကြည့်ကြပါလား . . ဘာဖြစ်လို့ မထွေးကြတာလဲ . . ပေမှာစိုးလို့၊ ညစ်ပတ်မှာစိုးလို့ပါ . . ကိုယ်ကိုယ်တိုင်ပေမှာ၊ ညစ်ပတ်မှာစိုးတဲ့အရာကို အများနဲ့ဆိုင်တဲ့နေရာတွေမှာ ပေအောင်၊ ညစ်ပတ်အောင် ထွေးတယ်ဆိုရင် ဒါကလူနေမှုအဆင့်အတန်း နိမ့်တဲ့သဘောပဲ ဖြစ်ပါတယ်။ စားတဲ့ကွမ်းနဲ့ မဆိုင်ပါဘူး၊ ထွေးတဲ့အကျင့်နဲ့ပဲ ဆိုင်ပါတယ်” ဟု ဒေါက်တာခင်မောင်လွင်က ပြောကြားထားသည်။

Most Popular

Healthy Life Ad
To Top