Healthy Life Ad
Q & A

ကိုယ်ဝန်ဖျက်ချဖူးရင် ကလေးရနိုင်သေးသလား

မေး. ကျွန်မသူငယ်ချင်းက ငယ်ငယ်တုန်းက ကိုယ်ဝန်ဖျက်ချဖူးပါတယ် ဆရာ။ အခု သူတကယ်ချစ်တဲ့သူနဲ့တွေ့တော့ အိမ်ထောင်ပြုချင်ပါတယ်တဲ့။ ကလေးမရရင် ယောကျာ်းကပစ်သွားမှာစိုးလို့ မယူရဲဘူး ဖြစ်နေတယ်ဆရာ။ ကိုယ်ဝန်ဖျက်ချဖူးရင် ကလေးရနိုင်ခြေရှိပါသလား ဆရာ။
အေပရယ်။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှဖြေကြားသည်

ဖြေ. ကိုယ်ဝန်ဖျက်ချတုန်းက ဘယ်လိုနည်းနဲ့ဖျက်ချခဲ့တာလဲဆိုတာ သိဖို့လိုပါတယ်။ ကိုယ်ဝန်ဖျက်ချတဲ့ နည်းလမ်းတွေက မျိုးစုံရှိပါတယ်။ ဆေးသောက်ပြီး ဖျက်ချတာ၊ သံချွန်နဲ့ထိုးပြီး ဖျက်ချတာ၊ ဗိုက်ကိုနိုပ်ချတာ စသဖြင့်အများကြီးပါပဲ။ ဒီလို ဖျက်ချတဲ့အချိန်တုန်းက ဘယ်လောက်ထိခိုက်ဒဏ်ရာတွေ ရခဲ့သလဲဆိုတာပေါ် မူတည်ပါတယ်။ ဆရာရဲ့အတွေ့အကြုံအရ တွေ့ဖူးတာတွေဆိုရင် ကိုယ်ဝန်ဖျက်ချပေးတဲ့သူတွေက ဆေးပညာအကြောင်းကို ကောင်းကောင်း နားမလည်တဲ့သူတွေရှိတယ်။ သေသေချာချာ ပိုးမသတ်ထားတဲ့၊ မသန့်ရှင်းတဲ့၊ ညစ်ပတ်တဲ့ ပစ္စည်းကိရိယာတွေ၊ သံချွန်တွေနဲ့ ထိုးတာ၊ လက်ကိုရေတောင်မဆေးပဲနဲ့ ဗိုက်ထဲကိုနှိုက်တာတွေ လုပ်တတ်ကြပါတယ်။ အဲ့လိုတွေလုပ်တဲ့အခါမှာ ကလေးပျက်တာနဲ့အတူ ရောဂါပိုးမွှားတွေအများကြီး ဝင်သွားပါတယ်။ ဖျားတာနာတာတွေကနေစပြီး အသက်ဆုံးရှုံးတဲ့အထိတွေ ဖြစ်ကြပါတယ်။ တချို့ကလည်း အပြင်းအထန်ဖျားနာပြီး အသက်မသေလိုက်ပေမယ့် မွေးလမ်းကြောင်းတွေ၊ သားအိမ်တွေထဲ ပိုးတွေဝင်ကုန်တာ၊ ရောင်ရမ်းတာ၊ ပြည်တည်တာတွေဖြစ်ပြီး နာကျင်ကိုက်ခဲတာ၊ မီးယပ်ပိန်၊ မီးယပ်ခြောက်တွေလိုဖြစ်ပြီး အိမ်ထောင်ရေးလည်း မသာယာနိုင်တော့သလို ကလေးမရနိုင်တော့တဲ့ အဖြစ်မျိုးတွေလည်း ကြုံတတ်ပါတယ်။ ကလေးဖျက်ချတိုင်း ကလေးပြန်မရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကလေးဖျက်ချတဲ့အချိန်တုန်းက ဘယ်လိုနည်းလမ်းကို သုံးခဲ့သလဲနဲ့ အဲ့ဒီတုန်းက ဘာတွေထိခိုက်ခဲ့သလဲ၊ ဘယ်လောက် ထိခိုက်ခဲ့သလဲဆိုတာတွေပေါ် မူတည်ပါတယ်။ ကလေးဖျက်ချခဲ့ပေမယ့် ပိုးဝင်ခဲ့တာမျိုးတွေလည်း မရှိဘူး၊ ထိခိုက်ဒဏ်ရာတွေလည်း မရခဲ့ရင်တော့ ကလေးပြန်ရနိုင်ပါသေးတယ်။

Most Popular

Healthy Life Ad
To Top