Healthy Life Ad
Life Style

ကျန်းမာဖို့ အမှိုက်ကောက်ကြစို့ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတို့ပတ်ဝန်းကျင်မှာ ကောင်းကျိုးမပြုဘဲ လူတွေကို ကိုယ်စိတ်နှစ်ပါးထိခိုက်အောင် အနှောင့်အယှက် ပေးနေသူတွေဆိုရင် “အမှိုက်” ဆိုပြီး လူ့အသိုင်းအဝိုင်းက တင်စားပြောဆိုလေ့ ရှိကြပါတယ်။ တကယ်ပဲ ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကလူတွေကို ကျန်းမာရေးပြဿနာ ပေးနေပြီလား . . အမှိုက်လိုလူတွေတောင် သေချာဆုံးမ ပြုပြင်ပေးလိုက်မယ်ဆိုရင် လူကောင်းဖြစ်လာတဲ့ ဥပမာတွေ ရှိနေပါတယ်။ အဲဒီလိုပဲ . . ကျွန်မတို့ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကြောင့် လူတွေကို ဘေးအန္တရာယ်မဖြစ်အောင် ဘယ်လို စွန့်ပစ်သင့်တယ်၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လူအများဝိုင်းဝန်းပြီး ကောက်သိမ်းသင့်တယ်၊ အမှိုက်ကနေ ကောင်းကျိုးရရှိအောင် ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့ အကြောင်းအရာဗဟုသုတတွေကို Healthy Life ဂျာနယ် စာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေးပညာ၊ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်နဲ့ တွေ့ဆုံမေးမြန်း ဖော်ပြပေးလိုက်ပါတယ်။

မေး. ပတ်ဝန်းကျင်မှာ အမှိုက်တွေရှိတာကြောင့် လူတွေရဲ့ကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်ပါသလဲ ဆရာ။

ဖြေ. အမှိုက်က ဘာအမှိုက်လဲဆိုတဲ့အပေါ် မူတည်တယ်။ တချို့က အမှိုက်ဆိုပေမယ့် မြေဆွေးပြန်လုပ်လို့ရတဲ့ဟာ ရှိတယ်၊ တချို့ကျတော့ ဘယ်လိုမှ သန့်ရှင်းလို့မရတဲ့ အရာတွေရှိတယ် (ဥပမာ ပလတ်စတစ်လို အမှိုက်မျိုး)၊ နောက်တစ်ခုက အမှိုက်ဆိုပေမယ့် ဘေးအန္တရာယ်ရှိတဲ့ အမျိုးအစားရှိတယ်၊ (ဥပမာ ပုလင်းကွဲ၊ အပ် စသဖြင့်ပေါ့ . .)

အိမ်တွေမှာကတော့ အများဆုံးထွက်တဲ့အမှိုက်က ပလတ်စတစ်အမှိုက်ပါ။ ပြီးတော့ စားသောက်တဲ့ စားကြွင်းစားကျန်အမှိုက်တွေလည်း ရှိပါတယ်။ အဲဒီနှစ်မျိုးကိုခွဲပြီး ပစ်နိုင်ရင်တောင် အတော်အကျိုးရှိပါတယ်။ အမှိုက်တွေကိုရောပြီး ပစ်တဲ့အခါ အမှိုက်ကောက်မယ်ဆိုရင်တောင် ကောက်တဲ့သူအတွက် အခက်အခဲရှိပါတယ်။
အမှိုက်တွေကို သေချာမရှင်းလင်းတဲ့အတွက် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေက နံပါတ်တစ် ရောဂါပိုး ပျံ့နှံ့တာပါ။ ဒါက အမှိုက်မှာကို ပါလာတာဖြစ်ပြီး လူတွေကိုကူးစက်တာပါ။

နောက်တစ်ချက်က အမှိုက်ကိုအကြောင်းပြုပြီး ရောက်လာတဲ့ပိုးကောင်တွေ . .ယင်ကောင်၊ ကြွက်၊ ခွေး .. ဘယ်လိုကောင်တွေပဲ ရောက်လာ၊ ရောက်လာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ယင်ကောင်၊ ကြွက်နဲ့ ခွေးတွေမှာဖြစ်တဲ့ ရောဂါတွေက လူတွေဆီကို ပျံ့နှံ့လာနိုင်ပါတယ်။ အိမ်ထဲမှာ အမှိုက်ရှိနေရင် အိမ်ထဲမှာရောဂါတွေကို မွေးထားတဲ့အတိုင်းပဲ . .အလားတူ အိမ်ဝန်းထဲ၊ ရပ်ကွက်ထဲမှာ အမှိုက်ရှိနေရင် ကျန်းမာရေးထိခိုက် စေနိုင်တယ်။ ဒါကြောင့်အမှိုက်ကို စနစ်တကျစွန့်ပစ်တာက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

မေး. အမှိုက်ကြောင့် အန္တရာယ်ပေးနိုင်တဲ့ အရာတွေထဲမှာ အထူးသတိပြုသင့်တာရှိရင် သိပါရစေ ဆရာ။

ဖြေ. ဒီနေရာမှာ သတိပြုသင့်တာက အမှိုက်ထဲမှာပါလာတဲ့ ဓာတ်ပစ္စည်းပဲ။ စက်ရုံ၊ အလုပ်ရုံထဲကစွန့်ပစ်တဲ့ အမှိုက်တွေမှာဆိုရင် စက်ရုံ၊ အလုပ်ရုံနဲ့ဆိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါလာတယ်။ ဆေးရုံကစွန့်ပစ်တဲ့ အမှိုက်တွေဆိုရင် ဆေးဝါးတွေ ပါလာတယ်။ ကမ္ဘာပေါ်မှာအညစ်ပတ်ဆုံး အမှိုက်ထွက်တဲ့နေရာက ဆေးရုံပဲ . . ဒါပေမဲ့ လူအများဂရုမစိုက်ဆုံး နေရာကလည်း ဆေးရုံပဲ . .ဒီဆေးရုံကနေထွက်လာတဲ့ အမှိုက်တွေကို စနစ်တကျမစွန့်ပစ်တာကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာက ဆေးမတိုးတဲ့ပိုးတွေ ဖြစ်လာတာပါ။

နောက်စွန့်ပစ်ပစ္စည်း အမှိုက်တွေကကျတော့ မွေးမြူရေးကထွက်လာတဲ့ အမှိုက်တွေ . . တိရစ္ဆာန်တွေကထွက်လာတဲ့ အမှိုက်တွေမှာပါလာတဲ့ ရောဂါပိုးတွေက လူကိုပြန်ပြီး ကူးစေနိုင်ပါတယ်။

အလုပ်ရုံတွေကထွက်လာတဲ့ အမှိုက်တွေမှာ အဆိပ်ပါတဲ့အမှိုက်တွေ ( ခဲဆိပ်၊ ပြဒါးဆိပ်၊ ဆိုင်ယာနိုက်အဆိပ် ) စတာတွေ ပါလာတတ်တယ်။ အဲဒီအမှိုက်တွေပါလာရင် သက်ဆိုင်ရာ အဆိပ်ပေါ်မူတည်ပြီး ကျန်းမာရေးပြဿနာ ဖြစ်စေနိုင်ပါတယ်။

မေး. အမှိုက်ကြောင့်ရတဲ့ ပြဿနာတွေထဲမှာ ဘယ်အရာက စိတ်ညစ်စရာအကောင်းဆုံး ဖြစ်ပါသလဲ ဆရာ။

ဖြေ. အမှိုက်နဲ့ပတ်သက်ပြီး စိတ်ညစ်စရာအကောင်းဆုံး ပြဿနာက အနံ့ပဲဖြစ်ပါတယ်။ အမှိုက်ပုံက ထွက်လာတဲ့အနံ့က လူတွေအတွက် အော်ဂလီဆန်ချင်စရာကောင်းပြီး ကြာလာလေလေ ပိုဆိုးလေလေပဲ ဖြစ်ပါတယ်။ အမှိုက်ပုံကထွက်လာတဲ့ အရည်တွေက မြေကြီးထဲကို စိမ့်ကျနိုင်ရင် ကျ . . မကျရင် ဒုက္ခပေးပါတယ်။ ရေထဲကိုစိမ့်ကျတဲ့အခါ ဖြစ်ဖြစ်၊ မြေကြီးထဲစိမ့်ဝင်တဲ့အခါ ဖြစ်ဖြစ် ကျန်းမာရေးပြဿနာ ပေးပါတယ်။

မေး. အမှိုက်စိုနဲ့ အမှိုက်ခြောက်မှာ ဘယ်အရာကကျန်းမာရေးအတွက် ဆိုးကျိုးပိုရှိပါသလဲ ဆရာ။

ဖြေ. အမှိုက်စိုက အရည်တွေ ပိုထွက်လာနိုင်တယ်၊ ဒါပေမဲ့ အမှိုက်ခြောက်ဆိုတဲ့နေရာမှာ ဆေးထိုးအပ်လိုအရာကို အမှိုက်ခြောက်လို့ သတ်မှတ်လို့မရဘူး၊ အကြမ်းဖျင်းအားဖြင့်ပြောရရင် အမှိုက်ခြောက်ကနေ ရောဂါပိုးပြဿနာ ပေးနိုင်တဲ့အန္တရာယ်က အမှိုက်စိုထက် ပိုနည်းပါတယ်။

မေး. ကောက်ထားတဲ့အမှိုက်တွေကို မီးရှို့တာ၊ မြေမြှုပ်တာ . . အစရှိတဲ့ နည်းတွေထဲက ဘယ်လိုနည်းနဲ့ ဖယ်ရှားတာက အကောင်းဆုံးဖြစ်မလဲ ဆရာ။

ဖြေ. ဒါကအခုထက်ထိ ပြဿနာရှိနေတုန်းပဲ။ အမှိုက်ကို မြေမြှုပ်မယ်ဆိုရင် ဘယ်မြေမှာ မြှုပ်မလဲဆိုတဲ့ အခက်အခဲရှိတယ်၊ မြေဈေးတွေတက်တဲ့အချိန်မှာ အမှိုက်ပုံနိုင်တဲ့နေရာတောင် ရှာရခက်ခဲလာပါတယ်။ အမှိုက်ပုံထားတဲ့ နေရာကနေထွက်လာတဲ့ အနံ့နဲ့ပြန့်လာတဲ့အရည်တွေက လူတွေကို ဒုက္ခပေးနိုင်ပါတယ်။

နိုင်ငံခြားမှာကျတော့ မြို့ပြအမှိုက်တွေကို စနစ်တကျစုပုံပြီး အမှိုက်ကနေ ဓာတ်ငွေ့ထုတ်လုပ်တယ်၊ ဓာတ်ငွေ့ကနေ လျှပ်စစ်ထုတ်တယ်၊ အမှိုက်ကနေ မြေသြဇာထုတ်တယ် . . ဒီလိုတွေ လုပ်ကြတယ် . . အဲဒီလိုလုပ်နိုင်ဖို့ဆိုရင် နေရာလိုလာပါပြီ။

အမှိုက်မီးရှို့ရင် ထွက်လာတဲ့အနံ့ကြောင့် လေထုနဲ့ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု ဖြစ်စေပါတယ်။ အမှိုက်မီးရှို့စက်တွေနဲ့ စနစ်တကျရှို့နိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလိုစနစ်တကျ မီးရှို့နိုင်ဖို့ဆိုတာလည်း အတော်လေး ခက်ပါတယ်ဖြစ်နိုင်ရင်တော့ အမှိုက်ကို မီးမရှို့ဘဲခွဲခြားပြီး ပစ်နိုင်ရင် ပိုကောင်းပါတယ်။

နိုင်ငံခြားတိုင်းပြည်တချို့ဆိုရင် မြို့ပြမှာရှိတဲ့ အမှိုက်ပုံကို မြို့ပြသတ္တုတွင်းလို့တောင် ခေါ်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြို့ပြအမှိုက်တွေထဲကနေ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ရနိုင်လို့ဖြစ်ပါတယ်။ ဥပမာ ကွန်ပျူတာအဟောင်း၊ တယ်လီဖုန်းအပျက် စသဖြင့် အမှိုက်တွေဆိုရင် ကွန်ပျူတာထဲမှာရှိနေတဲ့ Computer Chips ကို ပြန်သုံးကြတယ်၊ အမှိုက်ကို စနစ်တကျခွဲခြားပြီး ပြန်လည်သန့်စင်လိုက်ရင် ရွှေတွင်းကရတာထက်တောင် ရွှေပိုထွက်တယ်ဆိုပြီး အမှိုက်လေ့လာတဲ့ပညာရှင်တွေက ဆိုထားပါတယ်။

မေး. အမှိုက်ပုံအနီးမှာနေထိုင်တဲ့အခါ ကလေးတွေကို ဘယ်လိုကျန်းမာရေးအန္တရာယ်တွေ ဖြစ်စေနိုင်ပါသလဲ ဆရာ။

ဖြေ. ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အမှိုက်ကြောင့် ကျန်းမာရေးပြဿနာ ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက ကိုယ်ကိုယ်တိုင်က အမှိုက်နဲ့ထိတွေ့နေရတယ်ဆိုရင် ရောဂါပိုးကူးရုံတင်မက အဆိပ်အတောက်လည်း ဖြစ်နိုင်ပါတယ်၊ ခဲဆိပ်ပါတဲ့အမှိုက်ကို ကိုင်တွယ်မိရင် ခဲဆိပ်သင့်နိုင်ပါတယ်။ ကလေးကျတော့ ပိုအန္တရာယ်ကြီးပါတယ်။

မေး. စင်ကာပူလို ပတ်ဝန်းကျင်သန့်ရှင်းတဲ့ နိုင်ငံဖြစ်လာဖို့ဆိုရင် ဘယ်လိုလုပ်ဆောင် သွားသင့်ပါသလဲ ဆရာ။

ဖြေ. ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းဖို့ဆိုရင် အစကတည်းက မြို့ပြကိုစနစ်တကျ တည်ဆောက်ထားသင့်ပါတယ်။

စင်ကာပူဆိုတာအရင်တုန်းက မြန်မာနိုင်ငံထက်ညစ်ပတ်ပြီး စုတ်ပြတ်နေတဲ့ ရွာလေးတစ်ရွာအဆင့်ပဲ ရှိပါတယ်။ အဲဒါကိုစနစ်တကျ ကောင်းအောင်လုပ်လိုက်တဲ့အခါ အခုဆို အလွန်သန့်ရှင်းတဲ့နိုင်ငံ ဖြစ်သွားတာပါပဲ။ ကောင်းအောင်လုပ်တယ်ဆိုတာ တစ်ပွဲထိုးကောင်းအောင် လုပ်လို့မရပါဘူး။ ကောင်းနေတဲ့အရာကို ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် စနစ်ဆိုတာ ရှိသင့်ပါတယ်။

အဲဒီလို ရေရှည်ထိန်းသိမ်းနိုင်ဖို့ဆိုရင် စက်မှု၊ ငွေကြေး၊ ပစ္စည်း စတာတွေတင်မပြီးဘဲ လူတွေရဲ့အသိစိတ်ဓာတ်နဲ့ စည်းကမ်းလည်း လိုအပ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းကနေ အမှိုက်ကို စည်းကမ်းမရှိ ထွက်လာတယ်ဆိုရင် ကြီးကျယ်တဲ့အရေးယူမှု လုပ်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် အမှိုက်နဲ့ပတ်သက်လာရင် အရေးတယူ စောင့်ကြည့်ရမယ်. .

ဂျပန်နိုင်ငံမှာ အမှိုက်စိုနဲ့အမှိုက်ခြောက်ကို မှားပြီးထည့်လိုက်တာနဲ့ ချက်ချင်းသတိပေးမယ့်သူ ရှိတယ်၊ မီးဖိုကထွက်လာတဲ့ အမှိုက်၊ ဧည့်ခန်းထဲလှည်းကျင်းရာက ထွက်လာတဲ့အမှိုက် စတာတွေကို ဘယ်လိုစွန့်ပစ်မလဲဆိုတဲ့ လူနဲ့ပတ်သက်တဲ့စနစ်တွေက ပိုပြီးအရေးကြီးပါတယ်။

မေး. အမှိုက်ကင်းစင်ပြီး ပတ်ဝန်းကျင်သန့်ရှင်းရင် လူ့သက်တမ်းက ပိုရှည်လာနိုင်ပါသလား ဆရာ။

ဖြေ. လူ့သက်တမ်းက ပတ်ဝန်းကျင်နဲ့ လူနေမှုအဆင့်ပေါ်မှာလည်း မူတည်နေတာပါပဲ။ လူတွေရဲ့ သက်ရှည်ကျန်းမာရေးက ပတ်ဝန်းကျင်၊ လူနေမှုဘဝဟန် (Lifestyle) ၊ ဗီဇ၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း . . ဒီလေးမျိုးပေါ်မူတည်ပြီး ပြောင်းလဲသွားပါတယ်။ ပတ်ဝန်းကျင်ကြောင့် ရောဂါဖြစ်ရတာရှိသလို ပတ်ဝန်းကျင်ကောင်းသွားရင် အသက်ပိုရှည်လာမှာပါ။

မေး. အမှိုက်ကင်းစင်တဲ့ တိုင်းပြည်ဖြစ်ဖို့ ဘယ်အရာတွေက အရေးပါမှုရှိပါသလဲ ဆရာ။

ဖြေ. အမှိုက်ကင်းစင်တဲ့ တိုင်းပြည်ဖြစ်ဖို့ဆိုရင် တစ်ဦးချင်းတာဝန်ယူမှုနဲ့ မိသားစု၊ ရပ်ရွာအလိုက် တာဝန်ယူမှုတွေ ရှိရမယ်၊ ပြီးတော့ ပတ်ဝန်းကျင်မှာသန့်ရှင်းမှုကို ချမှတ်ပေးတဲ့မူဝါဒနဲ့ ဥပဒေတွေချမှတ်ပေးဖို့ လိုတယ်။ အဲဒီမူဝါဒနဲ့ ဥပဒေတွေကို ဝိုင်းပြီးကြပ်မတ်ပေးမယ့် လူ့အဖွဲ့အစည်းလည်း ရှိသင့်ပါတယ်။ အဲဒါတွေမရှိရင် မလွယ်ပါဘူး။ ပိုက်ဆံရှိရုံနဲ့လည်း မသန့်ရှင်းနိုင်ဘူး၊ ကိုယ့်ဘေးအိမ်က အမှိုက်ပုံထားတာကို ကိုယ်သွားရှင်းပေးလို့မှ မရတာပဲ။ ဒီတော့ ရပ်ရွာ၊ ရပ်ကွက်ထဲမှာနေတယ်ဆိုရင် သူ့ရပ်ရွာအလိုက်၊ ရပ်ကွက်အလိုက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြဖို့ လိုပါတယ်။ စက်ရုံအလုပ်ရုံကထွက်တဲ့ အမှိုက်တွေ စည်းကမ်းတကျပစ်ဖို့ဆိုရင် ဥပဒေနဲ့ သေချာထိန်းကွပ်မှ ရပါလိမ့်မယ်။

မေး. အမှိုက်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ အခြေခံအကျဆုံး လုပ်သင့်တဲ့နည်းလမ်းက ဘာဖြစ်မလဲ ဆရာ။

ဖြေ.

အမှိုက်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ တကယ်လုပ်တာကနေ စကြရင် အကောင်းဆုံးပါပဲ။ အနည်းဆုံး ကိုယ့်အိမ်ကနေ အမှိုက်စိုနဲ့အမှိုက်ခြောက်ဆိုတဲ့ အမျိုးအစားနှစ်ခုလောက်ကို ခွဲထုတ်ပြီး စွန့်နိုင်ရင်တောင် အတော်ဟုတ်လှပါပြီ။ ဘေးအန္တရာယ်မရှိတဲ့ အမှိုက်နဲ့ ဘေးအန္တရာယ်ရှိတဲ့ အမှိုက်ဆိုပြီး နှစ်မျိုးခွဲပစ်သင့်တယ်။ ဥပမာ စက္ကူအမှိုက်ဆိုရင် ပိုက်ဆံတောင် ရသေးတယ်၊ တကယ်လို့ ပုလင်းကွဲပစ်မယ်ဆိုရင်တော့

ကိုယ့်အိမ်ကပုလင်းကွဲကို ကောက်မိတဲ့အမှိုက်ကောက်သမား မတော်တဆလက်ရှနိုင်တယ်၊ ဆေးထိုးအပ်ဆို ပိုးကူးစက်နိုင်တယ်။ အထူးသဖြင့် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကထွက်တဲ့ အမှိုက်တွေကိုတော့ ဝိုင်းပြီးတော့ ထိန်းသိမ်းပြုပြင်ပေးကြဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top