Healthy Life Ad
Health Tips

မျက်တောင်တုဆက်မည်ဆိုလျှင် သိထားသင့်သော အချက်များ

၊ လရိပ်မေ ၊

မျက်တောင်တုဆက်တာက အချိန်ပေးရပါတယ်။ ကိုယ့်ပင်ကိုမျက်တောင်ပေါ်မှာ မျက်တောင်တုဆက်တာက သိပ်တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ မျက်တောင်တု ဆက်ပြီးတဲ့အခါ မျက်စိက ပိုကြီးပြီး ပိုဆွဲဆောင်မှု ရှိသွားပါတယ်။ အခုအခါမှာ မျက်တောင်တုဆက်တာကလည်း ရေပန်းစားလာပါတယ်။

မျက်တောင်တုဆက်ခြင်းဆိုသည်မှာ . .

ပင်ကိုမျက်တောင်ကို ထိခိုက်တာ၊ မျက်စိစပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေ မဖြစ်စေဘဲ ပင်ကိုမျက်တောင်ပေါ်မှာ ကော်နဲ့ကပ်ပြီး ဆက်ရတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ မျက်တောင်တုတွေက အမျိုးမျိုးရှိပါတယ်။ သင့်အလုပ်၊ သင့်မျက်တောင်နဲ့ သင့်နေထိုင်မှုပုံစံပေါ် မူတည်ပြီး သင့်တော်တဲ့အမျိုးအစား (အထူ၊ အပါး၊ အတို၊ အရှည်) ကို ရွေးချယ်သင့်ပါတယ်။ အထူးသဖြင့် မျက်တောင်ရဲ့ အလေးချိန်ကို စဉ်းစားသင့်ပါတယ်။ မျက်တောင်က ပေါ့လေလေ၊ ကြည့်ရပိုကောင်းလေလေ ဖြစ်မှာပါ။

မျက်တောင်တုဆက်ချိန် ဘယ်လောက်ကြာမှာလဲ
မျက်တောင်တုဆက်ဖို့ အချိန်နှစ်နာရီလောက်ပဲ ကြာတတ်ပါတယ်။

ဘယ်သူတွေ မျက်တောင်တု ဆက်နိုင်သလဲ
ပင်ကိုမျက်တောင်အနည်းဆုံး သုံးမီလီမီတာလောက်ရှိတဲ့ အမျိုးသမီးတွေက မျက်တောင်တု ဆက်နိုင်ပါတယ်။

မျက်တောင်တုဆက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ

– မျက်တောင်တု ဆက်ပြီး ပထမဆုံး ၁၂ -၂၄ နာရီမှာ ရေနဲ့မထိမိပါစေနဲ့။ ရေကကော်ကို ပျော့သွားစေပြီး မျက်တောင်ကို ကွာကျသွားစေနိုင်လို့ပါ။

– ဖြစ်နိုင်ရင် မက်စ်ကာရာ မဆိုးပါနဲ့။ မက်စ်ကာရာဆိုးမယ်ဆိုရင် မျက်တောင်တုထိပ်ကိုပဲ ဆိုးသင့်ပါတယ်။ မျက်လုံးပေါ်ဆိုးလိုက်ရင် မက်စ်ကာရာနဲ့ ကော်ကပ်ပြီး လုံးထွေးသွားနိုင်လို့ပါ။

– မျက်တောင်တုပေါ်မှာ ရေစိုခံမက်စ်ကာရာ မဆိုးသင့်ပါဘူး။ ရေစိုခံမက်စ်ကာရာမှာ ဆီပါတဲ့အတွက် မျက်တောင်တုကို ဖယ်ရခက်သွားနိုင်လို့ပါ။

– ထိခိုက်လွယ်တဲ့ မျက်စိအမျိုးအစားအတွက် ကော်ကိုရွေးချယ် သုံးထားတယ်ဆိုရင် မျက်ဝန်းတစ်ဝိုက်မှာ ဆီအခြေခံအလှကုန် ဒါမှမဟုတ် မိတ်ကပ်ဖျက်ဆေး မသုံးပါနဲ့။

– မျက်စိကို မပွတ်ပါနဲ့။ ပွတ်လိုက်ရင် မျက်တောင်တုတင်မက သင့်ပင်ကိုမျက်တောင်ပါ ကျွတ်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

– မျက်တောင်ကော့တံကို မသုံးသင့်ပါ။ မျက်တောင်တွေက ပြုပြင်ဖို့ မသင့်တော်သေးပါဘူး။

– ဆီဓာတ်အခြေခံ မျက်ဝန်းမိတ်ကပ်၊ ခရင်မ်၊ ကွန်ဒီရှင်နာနဲ့ မိတ်ကပ်ကို ရှောင်ပါ။ ဒီအလှကုန်တွေထဲမှာ ပါဝင်တဲ့ဆီက မျက်တောင်တုရဲ့ ကပ်နိုင်စွမ်းကို ဖျက်ဆီးတတ်တာကြောင့် ဖြစ်ပါတယ်။

– မျက်ဝန်းမိတ်ကပ် ဖျက်တဲ့အခါ ဆီမပါတဲ့ ဖျက်ဆေးသုံးပြီး ညင်ညင်သာသာ ဖျက်ပေးပါ။ ရေဓာတ်အခြေခံ မျက်ဝန်းသန့်စင်ဆေး ဒါမှမဟုတ် ဂျဲလ်အခြေခံ မျက်ဝန်းသန့်စင်ဆေးကို ရွေးချယ်ပြီး ဖျက်ပေးပါ။

– မျက်တောင်မပွတ်မိစေဖို့ ပက်လက်လှန်ပြီး အိပ်စက်ပါ။ ပိုးသားခေါင်းအုံးစွပ်ပေါ် အုံးပြီး အိပ်သင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top