Healthy Life Ad
Life Style

ကိုယ်ဝန်၌ ဉာဏ်ရည်မမီကလေး မွေးနိုင်ခြေရှိကြောင်း တွေ့ခဲ့သော်ငြား ပုံမှန်ကျန်းမာသော ကလေးမွေးလာသူ ၄၇ နှစ်အရွယ် ဒေါ်စန္ဒာမိုးနှင့် တွေ့ဆုံခြင်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသမီးများအတွက် အသက် ၁၈-၂၄ နှစ် အရွယ်ကို သားသမီးမွေးဖွားရန် အကောင်းဆုံး အသက်အရွယ်ဟု ဆိုကြသည်။ အသက် ၃၅ နှစ်ကျော်လျှင်ပင် သားသမီးမွေးဖွားရန် မသင့်တော့ကြောင်း၊ အကြောင်းမှာ မွေးလာသောရင်သွေးငယ်၌ ဉာဏ်ရည်မမီသော ဒေါင်းရောဂါလက္ခဏာစု ပါရှိနိုင်ခြေ မြင့်မားသောကြောင့်ဟု ဆေးပညာရှင်တို့က သတိပေးလေ့ ရှိကြသည်။ သို့ရာတွင် အသက် ၄၇ နှစ်အရွယ် ဒေါ်စန္ဒာမိုးသည် ကိုယ်ဝန်ရှိစဉ်၌ ဆေးစစ်ဆေးခဲ့ရာ ရင်သွေးငယ်တွင် ဒေါင်းရောဂါစု (Down Syndrome) ပါရှိနိုင်ဖွယ်ရာရှိသည်ဟု တွေ့ရှိခဲ့သော်ငြား အောင်ရတနာဆေးရုံ၌ ၂၄-၁၁-၂၀၁၅ ရက်နေ့ (အင်္ဂါနေ့) နံနက်ရှစ်နာရီ ၂၂ မိနစ်အချိန်က သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခဦးသိန်းမြင့်သူနှင့် ခွဲစိတ်မွေးဖွားခဲ့ရာ ဒေါင်းရောဂါစုမပါသော ရင်သွေးငယ်လေးကို အောင်မြင်စွာ ဖွားမြင်နိုင်ခဲ့ကြောင်း သိခဲ့ရ၍ အသက်ကြီးမှ ကလေးမွေးဖွားခြင်းနှင့် ပတ်သက်ပြီး ဗဟုသုတရရှိစေရန် အလို့ငှာ ဖော်ပြပေးလိုက်ပါသည်။

“ အခု ရင်သွေးလေးက လေးယောက်မြောက်ပါ၊ အသက်ကလည်း ကြီးနေပြီဆိုတော့ ကလေးရမယ်လို့ မထင်ဘူးလေ၊ မထင်မှတ်ဘဲနဲ့ ရသွားခဲ့တာ ဖြစ်ပါတယ်။ ကလေးရှိမှန်းမသိခင်မှာ နှလုံးရောဂါရှိတယ် ထင်နေခဲ့တာ. . နှလုံးက ဆတ်ဆတ်ဆတ်ဆတ်နဲ့ ခုန်နေတာ၊ အဲဒါနဲ့ ဆရာဝန်အမျိုးမျိုးပြောင်းပြရင်း ကိုယ်ဝန်သုံးလခွဲရှိမှ စမ်းလိုက်တော့ ကလေးဖြစ်နေမှန်း သိခဲ့တာပါ။

ကိုယ်ဝန်စလွယ်ချိန်က အသက်ကလည်း ၄၆ နှစ် ရှိနေပြီဆိုတော့ ရာသီလာတာကလည်း ပုံမှန်မဟုတ်တော့ဘူး၊ မလာတော့လည်း သွေးဆုံးတော့မယ်လို့ပဲ ထင်နေခဲ့တာ . . ကိုယ်ဝန်ရှိနေလိမ့်မယ်လို့လည်း မထင်ခဲ့ဘူးလေ.. ကိုယ်ဝန်ရှိမှန်းမသိခဲ့တော့ ကိုယ်ဝန်လေးလလောက်အထိ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ဘာဆေးမှ မသောက်ဖြစ်ခဲ့ပါဘူး” ဟု ဒေါ်စန္ဒာမိုးက ပြောပြသည်။

ဒေါ်စန္ဒာမိုးတွင် သမီးတစ်ယောက်၊ သားနှစ်ယောက်ရှိပြီးဖြစ်ကာ အကြီးဆုံးသမီးပင်လျှင် ၂၁ နှစ်အရွယ် ရှိနေပြီဖြစ်သည်။

“ ကိုယ်ဝန်လို့သိလိုက်တော့ အတော် အံ့သြသွားတယ်၊ စမ်းသပ်ပေးတဲ့ ဆရာဝန်ကို “ဖြစ်ကော ဖြစ်နိုင်လား” ဆိုပြီး မယုံလို့မေးတော့ “ဖြစ်နိုင်တယ် ၊ ဒါကိုယ်ဝန်ပါ”လို့ ဖြေခဲ့တယ်။ အဲဒါနဲ့ ဆရာ ဦးသိန်းမြင့်သူနဲ့ ပြောင်းပြခဲ့တော့ ဆရာက ၄၆ နှစ် ကိုယ်ဝန်ဆိုတာနဲ့ သွေးကိုဘန်ကောက်ပို့ပြီး စစ်ပေးခဲ့ပါတယ်”

သွေးစစ်ဆေးမှုအဖြေအရ ဒေါ်စန္ဒာမိုး၏ ဗိုက်ထဲကရင်သွေးတွင် ဒေါင်းရောဂါစု လက္ခဏာရှိကြောင်း သိခဲ့ရသည်။

“သိသိချင်း စိတ်မကောင်းဖြစ်ရတယ်၊ ဒါပေမဲ့ ကလေးကို ဘာမှမလုပ်ချင်ဘူး၊ ကိုယ်ရဲ့ကုသိုလ်ကံပဲလို့ သဘောထားပြီးတော့ပဲ ဆက်ယူဖြစ်ခဲ့တယ်၊ အဓိကကတော့ မိခင်မေတ္တာနဲ့ပေါ့ . .

စိတ်ထဲမှာတော့ မကောင်းဘူးပေါ့လေ. . ကြောက်လည်း ကြောက်တယ်၊ ဒါပေမဲ့ ကလေးကို လိုချင်စိတ်ရှိတာနဲ့ ယူလိုက်တာပါ” ဟု ဒေါ်စန္ဒာမိုးက ငိုရှိုက်ရင်း ပြောပြခဲ့သည်။

အချို့နိုင်ငံများတွင် သန္ဓေသား၌ ဒေါင်းရောဂါ စု (Down Syndrome) ရှိ၊ မရှိ ကိုယ်ဝန်အား သွေးဖောက် စစ်ဆေးခြင်း၊ ရေမြွှာရည်ဖောက် စစ်ဆေးခြင်းတို့ ပြုလုပ်ပြီး ဒေါင်းရောဂါစု ပါရှိကြောင်းတွေ့ရှိပါက ကိုယ်ဝန်ကိုအများအားဖြင့် မိသားစုဝန်ထုပ်ဝန်ပိုးနှင့် နိုင်ငံတော်ဝန်ထုပ်ဝန်ပိုး ဖြစ်မည်စိုး၍ ဖျက်ချလေ့ရှိကြကာ အချို့က မဖျက်ချကြပေ။

“ကလေးဆိုတာ မွေးဖို့ပဲ. . ဖျက်ဖို့ မဟုတ်ပါဘူး၊ လူတစ်ယောက်ရဲ့ အသက်ကို လူတစ်ယောက်က စီရင်ပိုင်ခွင့် မရှိပါဘူး၊ Down Syndrome ရှိတဲ့ ကလေးတွေကလည်း အသက်ရှင်ခွင့်ရှိတာပဲလေ၊

အိမ်မှာအသက်မဲ့တဲ့ အရုပ်လေးတွေတောင် ဖက်အိပ်ကြတာပဲ . . အသက်ရှိတဲ့ ကိုယ့်သွေးသားကို ဘာလို့ မချစ်နိုင်ရမှာလဲ. .” ဟု ပါမောက္ခဦးသိန်းမြင့်သူက ပြောကြားခဲ့သည်။

ဒေါင်းရောဂါစုလက္ခဏာစု ရှိနိုင်ကြောင်း လက္ခဏာများ ပြသည့်အပြင် အသက်ကြီးမှရသည့် ကိုယ်ဝန်ဖြစ်၍ သတ်မှတ်ရက်ထက် နှစ်ပတ်စောပြီး မွေးဖွားခဲ့ကြောင်း သိရသည်။

“စိတ်ပူတော့ ဗေဒင်ဆရာတွေလည်း အစုံသွားမေးဖြစ်တာပေါ့ . . ဗေဒင်ဆရာတွေကလည်း ကလေးက ဉာဏ်ရည်မပြည့်နိုင်ဘူး ဆိုပြီး ဟောကြတာပဲ၊ ဒါပေမဲ့ အန်တီက ဘုရား၊ တရား အရမ်းလုပ်တယ်၊ ဗိုက်ကို လက်ဝါးနဲ့ပွတ်ပြီး မေတ္တသုတ် ရွတ်ဖြစ်တယ်၊ ဆရာကြီးညွှန်တဲ့အတိုင်း အစားအသောက်၊ အနေအထိုင်ကို ဂရုစိုက်ဖြစ်ခဲ့တယ်. .အာထရာဆောင်းဆိုလည်း အကြိမ်ကြိမ် ရိုက်ခဲ့ရတယ်”

ယခင်သုံးကြိမ် ကိုယ်ဝန်ဆောင်ခြင်းနှင့် မတူဘဲ အသက်ကြီးမှရသည့် ကိုယ်ဝန်ဖြစ်၍ အလွန်ပင်ပန်း နွမ်းနယ်ခဲ့ကြောင်း ဒေါ်စန္ဒာမိုးက ဆိုသည်။

“ကိုယ်ဝန်ရင့်လာတော့ လမ်းတောင်မလျှောက်နိုင်ဘူး၊ အရင် ကိုယ်ဝန်တွေတုန်းက ရိုးရိုးပဲမွေးခဲ့တာ၊ ကျန်းကျန်းမာမာပဲ . . မူးတာ၊ မော်တာတောင် မရှိခဲ့ဘူး၊ အခုအငယ်ဆုံးလေး ကိုယ်ဝန်ကျတော့ ကြာကြာမထိုင်နိုင်ဘူး၊ ခါးလည်းနာတယ်၊ ထိုင်လို့မရ၊ အိပ်လို့မရ . . ဟိုဘက် ဒီဘက်စောင်းလည်း နာတယ်၊ ဒါပေမဲ့ အရင်ခံစားနေရတဲ့ နှလုံးခုန်တာပုံမမှန်တာ ဘာညာဆိုတဲ့ ဝေဒနာတွေကတော့ မဖြစ်တော့ဘူး . .” ဟု ဒေါ်စန္ဒာမိုးက ငယ်ရွယ်ချိန် ကိုယ်ဝန်ဆောင်ခြင်းနှင့် အသက်ကြီးမှ ကိုယ်ဝန်ဆောင်ခြင်းအခြား ခြားနားချက်ကို ပြောပြခဲ့သည်။

“ဗိုက်ခွဲမွေးလိုက်တဲ့အခါ ကလေးကိုတွေ့လိုက်တာနဲ့ ဆရာကြီးက “ကလေးက ဒေါင်းလေး မဟုတ်ဘူး” လို့ ပြောပြခဲ့တယ်။ အဲဒီအချိန်မှာ အလွန်အမင်း ဝမ်းသာသွားခဲ့တာ . . ဘုရား၊ တရားတွေ လုပ်၊ ဆုတွေတောင်း . . ဘယ်လိုပဲ လုပ်လုပ်လေ . . ဒါမျိုးလေးဖြစ်မလားလို့ စိုးရိမ်စိတ်အပြည့်နဲ့ မွေးခဲ့ရတာဆိုတော့ . . ဆရာကြီးပြောစကား ကြားလိုက်တာနဲ့ အရမ်းကို ဝမ်းသာသွားခဲ့တာ . .”ဟု ဒေါ်စန္ဒာမိုးက ဆိုသည်။

ခုနစ်ရက်သားသမီးများအား မေတ္တာပို့သခြင်း၊ မေတ္တသုတ်ကို ပုံမှန်ရွတ်ဖတ်ခြင်း စသည်တို့ကြောင့် ကံကောင်းခဲ့သည်ဟု ဒေါ်စန္ဒာမိုးက လက်ခံယုံကြည်ထားသည်။

“အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေ၊ ကိုယ်ဝန်ဆောင်မယ့် မိခင်တွေကို ပြောချင်တာက စိတ်ပူတာတော့ ပူတာပေါ့၊ အန်တီလည်း ပူတာပဲ၊ ဒါပေမဲ့ စိတ်ပူလည်း ဘုရား၊ တရားကိုပဲ သေချာအာရုံပြုပါ. . ဗိုက်ကလေးပေါ် ဘယ်လက်အုပ်ပြီး မေတ္တာသုတ်ရွတ်၊ စိတ်ကောင်းစေတနာကောင်းလေးထား ဒါဆိုရင် ကောင်းမွန်တဲ့ကလေးလေးကို မွေးပါတယ်” ဟု ဒေါ်စန္ဒာမိုးက အခြားအသက်ကြီးမှ ကိုယ်ဝန်ဆောင်မည့် အမျိုးသမီးများသို့ သူ့အတွေ့အကြုံကို ဝေမျှပြောပြခဲ့သည်။

ဒေါ်စန္ဒာမိုးမွေးလာသည့် ရင်သွေးငယ်လေးကမူ ငါးပေါင်ရှစ်အောင်စရှိပြီး ချစ်စဖွယ်သမီးငယ်လေးအဖြစ် ပုခက်ထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျလျက် ရှိပါသည်။

Most Popular

Healthy Life Ad
To Top