Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်နှင့် ဆိုးရီးယေးစစ်ရောဂါ

ဒေါက်တာမြတ်စန္ဒာကျော်
(ပါမောက္ခ၊ အရေပြားအထူးကု ဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး။)

မေး။ ကျွန်မ ကိုယ်ဝန်ရှိမှ ဆိုရီးယေးစစ်ရောဂါလည်းဖြစ်နေလို့ပါ။ ကိုယ်ဝန်ကိုလည်း ထိခိုက်မှာစိုးတယ်၊ ဆိုရီးယေးစစ်ရောဂါကလည်း ယားတော့ ကုလည်းကုချင်တယ်. . ဘာတွေ သတိထားဖို့လိုသလဲဆိုတာ သိချင်လို့ပါရှင့်။
မနှင်းနုမိုး၊ ပုစွန်တောင်မြို့။

ဖြေ။ ဆိုရီးယေးစစ်ရောဂါက တစ်ရာမှာ နှစ်ယောက်လောက်ပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆရာမတို့ မြောက်ဥက္ကလာပ အရေပြားဌာနမှာ ဆိုရီယေးစစ်လူနာတွေ နေ့တိုင်းရှိပါတယ်။ ဆိုရီယေးစစ်ရောဂါက ယောကျာ်း၊ မိန်းမမရွေး ဖြစ်တတ်ပြီး ကူးစက်ရောဂါ မဟုတ်ပါဘူး။
ပုံမှန် အရေပြားဆဲလ်လေးတွေက အရေပြားအောက်ခြေလွှာကနေ မျက်နှာပြင်ကို ရောက်တာနဲ့ သေသွားကြပြီး ကွာကျဖို့ ပုံမှန် သုံးလေးပတ် ကြာတတ်ပါတယ်။ ဒါပေမဲ့ ဆိုရီယေးစစ်ရောဂါရှင်တွေမှာ သုံးလေးရက်လောက်ပဲကြာတတ်ပါတယ်၊ ဒါကြောင့် ဆိုရီယေးစစ်ရောဂါရှင်တွေမှာ အကြေးခွံအဖြူတွေ အများကြီး တွေ့ရတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မှာ ဆိုရီယေးစစ်ရောဂါဖြစ်ရင် အတော့်ကို ဂရုစိုက်ရပါမယ်။ ကိုယ်ဝန်ကို မထိခိုက်စေမယ့် ဆေးကုသမှုမျိုးကို ရွေးချယ်ရပါမယ်။ တချို့ ကိုယ်ဝန်ဆောင်တွေက ကိ်ုယ်ဝန်ရှိချိန်မှာ ရောဂါ သက်သာနေတတ်ပေမယ့် တချို့က ပိုဆိုးလာတတ်ပါတယ်။ ဆိုရီယေးစစ်ရောဂါမှာ ကုသတဲ့ လိမ်းဆေး တချို့က ကိုယ်ဝန်ဆောင်ချိန်မှာ သုံးလို့မရပါဘူး၊ ကလေး ပုံမမှန်ဖြစ်တတ်လို့ပါ။ ဒါကြောင့် အဓိက အနေနဲ့ လိမ်းဆေးနဲ့ပဲ ကုတဲ့အခါ အရေပြားအစိုဓာတ်ထိန်းပစ္စည်းနဲ ့ အဆီဓာတ်ဖြည့်ပစ္စည်းတွေကို ဦးစားပေးကုပေးရပါတယ်။ အရောင်ကျဆေး စတီးရွိုက်လိမ်းဆေးကိုတောင် ခပ်ပျော့ပျော့အမျိုးအစား ကိုသုံးရပါတယ်။

ဆိုရီယေးစစ်ရောဂါက ကုတ်ရင်၊ ခြစ်ရင်၊ ထိခိုက်ဒဏ်ရာရရင်၊ (ဥပမာ- အဝတ်အစား ကျပ်ရင် တောင်)ပိုဆိုးပါတယ်။ စိတ်ဆင်းရဲရင် ပိုဆိုးပါတယ်။ဆိုရီယေးစစ်က ပိုးဝင်ရင်၊ ဖျားရင် ပိုဆိုးတတ်ပါတယ်။ အရက်၊ ဆေးလိပ်မရှောင်ရင်လည်း ဆိုးပါတယ်။ တချို့ဆေးတွေက ပိုဆိုးစေတယ်။ ငှက်ဖျားဆေး တွေ၊ သွေးတိုး၊ နှလုံးရောဂါမှာသုံးတဲ့ဆေး ( Betablocker )၊ လီသီယမ်၊ အရောင်ကျဆေး စတီးရွိုက် စားဆေး၊ ထိုးဆေးတွေက ပိုဆိုးစေပါတယ်။

ကျန်းမာစေမယ့် အစားအသောက် စားရမယ်။ အနီရောင် အသားရှောင်ရမယ်။ စိတ်ကိုထိန်းရမယ်၊ ဘုရား၊ တရားလုပ်ပြီး ကိုယ်ဝန်ကို ဂရုစိုက်ရပါမယ်၊ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ အပ်တဲ့အခါ ဆိုရီယေးစစ်ရောဂါရှိနေကြောင်း ပြောပြထားဖို့လိုပါတယ်။ အဝလွန်တာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ စိတ်ဖိစီးမှု စတာတွေ ရှိရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရီယေးစစ်ရောဂါကို ပိုဆိုးစေတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top