Healthy Life Ad
Life Style

အန္တရာယ်များတဲ့ ဆေးလိပ်ကို ဆက်သောက်နေဦးမှာလား

၊ ကိုမိုး ၊

ဆေးလိပ်သောက်တာက အချိန်မတိုင်ခင် သေဆုံးမှုဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ရပ်ဖြစ်တယ်လို့ ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာ (CDC) ရဲ့စစ်တမ်းအရသိရပါတယ်။ ဆေးလိပ်သောက်ရာက ထွက်လာတဲ့ မီးခိုးငွေ့မှာ ဓာတုပစ္စည်းပေါင်း ခုနစ်ထောင်ကျော် ပါဝင်နေပြီး အဲဒီဓာတုပစ္စည်း အများစုဟာ အဆိပ်ရှိပါတယ်၊ ကင်ဆာအမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက ကျန်းမာရေးပြဿနာ ၅၀ ကျော်ကို ဖြစ်စေနိုင်ပြီး အများစုက အလွန်ပြင်းထန်တယ်လို့ သိရပါတယ်။

(၁) မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်
ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျဉ်းစေပြီး မျက်စိထဲကို သွေးစီးဆင်းမှု ထိခိုက်စေကာ အာဟာရဓာတ်နဲ့ အောက်ဆီဂျင် ရောက်ရှိမှု လျော့ကျ သွားပါတယ်။ အဲဒီအတွက် ကြာကြာ ဆေးလိပ်သောက်ရင် မျက်စိအမြင်အာရုံ ထိခိုက်တာ၊ အတွင်းတိမ်ရောဂါ ဖြစ်တာနဲ့ မက်ကူလာ ယိုယွင်းပျက်စီးတာတို့ ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။

(၂) နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်
ဆေးလိပ်သောက်သူတွေက နှလုံးသွေးကြော ကျဉ်းရောဂါ၊ နှလုံးရောဂါ ထတာ (Heart Attack)နဲ့ လေဖြတ်ဝေဒနာ ဖြစ်နိုင်ခြေမြင့်မားတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဆေးလိပ်သောက်တဲ့ အတွက် နှလုံးသွေးကြော စနစ်တစ်ခုလုံးကို ထိခိုက်စေ နိုင်ပါတယ်။ နှလုံးသွေးကြောထဲ ကိုလက်စထရောနဲ့ အဆီဖတ်တွေ ကပ်ငြိပြီး ကျဉ်းမြောင်းတဲ့ ပြဿနာက ဆေးလိပ်သောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။ နောက်တစ်ခုအနေနဲ့ ခြေလက် အစွန်အဖျားတွေဆီ သွေးစီးဆင်းမှု ဟန့်တားတာကြောင့် ခြေလက်အစွန် အဖျားရှိ သွေးကြောထိခိုက်တဲ့ ရောဂါလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွေးခဲဖြစ်ပေါ်ပိတ်ဆို့ပြီး သွေးကြောနံရံ အားနည်းရာက လေဖြတ်တတ်ပါတယ်။ကြာရှည်ဆေးလိပ်သောက်သူတွေက လူကီးမီးယား သွေးကင်ဆာလည်း ဖြစ်တတ်ပါတယ်။ ဆေးလိပ်ထဲက နီကိုတင်းဓာတ်ဟာ သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေတာကြောင့် ဆီးချိုရောဂါရှိသူ တွေအတွက် အန္တရာယ်ကြီးပါတယ်။

(၃) အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေနိုင်ပါတယ်
ဆေးလိပ်သောက်ရင် သင်ရှူသွင်းလိုက်တဲ့ လေထဲက အဆိပ်အတောက်နဲ့ ပိုးမွှားတွေကို စစ်ထုတ်နိုင်တဲ့အဆုတ်ရဲ့ စွမ်းဆောင်နိုင်စွမ်းကိုထိခိုက် စေပါတယ်။ ဒါကြောင့် ချောင်းဆိုးတာ၊ အအေးမိတာ နဲ့ တခြားအသက်ရှူလမ်းကြောင်း ပိုးဝင်တာတို့ ဖြစ်နိုင်ခြေ မြင့်မားရတာပါ။ ဆေးလိပ်သောက်တာကြောင့် နာတာရှည် အဆုတ်ပွ ပန်းနာ (COPD) ဖြစ်နိုင်ခြေများသလို အ ဆုတ်တစ်သျှူးထဲလေဝင်တဲ့ပြဿနာ (Pulmonary emphysema)လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အကြောင်းကတော့ သွေးကြောထဲမှာ အောက်ဆီဂျင် ရောက်ရှိမှုကို ပိတ်ပင်ထားပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှုကို ဟန့်တားထားတာကြောင့် ဖြစ်ပါ တယ်။ ဒါ့အပြင် အဆုတ်လေပြွန်ရောင်ရမ်းမှုလည်း ဖြစ်တတ်ပါတယ်။နာတာရှည် ဆေးလိပ်သောက်သူတွေက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ အဆုတ်ကင်ဆာက အမေရိကန်မှာ သေဆုံးမှု အများဆုံးရောဂါ ဖြစ်ပြီး ဆေးလိပ်သောက်တာကြောင့် ပန်းနာရင်ကျပ် ရောဂါ၊ နမိုးနီးယား အဆုတ်ရောင်ရောဂါနဲ့ လေပြွန် ရောင်ရမ်းတာ စတာတွေလည်း ဖြစ်နိုင်ခြေ များပါတယ်။

(၄) မျိုးဆက်ပွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်
ဆေးလိပ်သောက်တဲ့ အမျိုးသား၊ အမျိုးသမီး တွေရဲ့ မျိုးဆက်ပွားကျန်းမာရေးဟာ အန္တရာယ်ရှိနေပါတယ်။ ဆေးလိပ်သောက်တာကြောင့် ဇနီးမောင်နှံ နှစ်ဦးစလုံး လိင်ဆက်ဆံရေးမှာ အခက်အခဲရှိပြီး မျိုးအောင်နိုင်စွမ်း ထိခိုက်ရတတ်ပါတယ်။ဆေးလိပ်သောက်တာကြောင့် သွေးကြောတွေအပေါ် မကောင်းတဲ့ သက်ရောက်မှု ဖြစ်စေပြီး လိင်တံဆီ သွေးစီးဆင်းမှု လျော့ကျကာ လိင်တံထောင် မတ်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။

ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေက သွေးဆုံးချိန် အစောပိုင်းမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားနေတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဆေးလိပ်သောက်တဲ့ ကိုယ်ဝန်ဆောင်မိခင် ဒါမှမဟုတ် သူတစ်ပါးသောက် တဲ့ ဆေးလိပ်ငွေ့ ရှူရှိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင် တွေက ကိုယ်ဝန်ပျက်ကျတာနဲ့ လမစေ့ခင် ကလေးမွေးတာ တွေလို နောက်ဆက်တွဲ ပြဿနာတွေ ပိုကြုံတွေ့ရ တတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေရဲ့ ကလေးတွေက မွေးရာပါ ချို့ယွင်းချက်ပါတဲ့ ကလေးမွေးတာ၊ ပေါင်မပြည့် ကလေးမွေးတာ၊ ကူးစက်ပိုးဝင်တာနဲ့ ရုတ်တရက် ကလေးသေဆုံးတာ စတဲ့ အန္တရာယ်တွေဖြစ် နိုင်ခြေပိုများပါတယ်။

(၅)အစာခြေလမ်းကြောင်း စနစ်အတွက်မကောင်းပါ
ဆေးလိပ်သောက်တာကြောင့် အစာခြေလမ်း ကြောင်းစနစ် ထိခိုက်ကာ ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခံတွင်း၊ အစာရေမျို ပြွန် စတာတွေမှာ ကင်ဆာ ဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်တာကြောင့် အစာအိမ်မှာ အက်ဆစ် ဆန်တက်တဲ့ ရောဂါ (GERD)ဖြစ်နိုင်ခြေ များတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါ့အပြင် သွေးတွင်း ဂလူးကို့စ်အဆင့်မြင့်တက်ကာ ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားနေပါတယ်။

(Def:HD)

Most Popular

Healthy Life Ad
To Top