Healthy Life Ad
Health Tips

ရုတ်တရက် ခါးနာဝေဒနာ ရသွားစေသော အခြေအနေများ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

တစ်ခါတလေ သေတ္တာ သယ်မလိုက်တာ၊ အိပ်စက်ပုံမမှန်တာ စတဲ့ အခြေအနေတွေနဲ့တောင် ရုတ်တရက် ခါးနာသွားတတ်ပါတယ်။

စိတ်ဖိစီးမှု များသည့်အခါ
စိတ်ခံစားမှုမကောင်းတာက ခါးနာစေတဲ့ အချက်တစ်ခုပါ။ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က တစ်ချိန်လုံးတောင့်တင်းနေတဲ့အတွက် ကြွက်သား တင်းမာမှုကြောင့် ကိုက်ခဲနာကျင်တဲ့ ဝေဒနာ ခံစားရ တတ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခါးနာရုံတင်မက လည်ပင်းနဲ့ ပခုံးလည်း နာကျင်တတ်ပါတယ်။ အ သက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာ၊ လမ်းလျှောက်တာနဲ့ ယောဂကျင့်တာ စတဲ့ အပန်းဖြေနည်းတွေကို လုပ်ဆောင်သင့်ပါတယ်။

ဒေါက်မြင့်ဖိနပ်က မြင့်လွန်းသည့်အခါ
မြင့်လွန်းတဲ့ ဒေါက်မြင့်ဖိနပ်စီးတာကြောင့် ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်သလို ဖြစ်ပြီး လမ်းလျှောက်တဲ့အခါ ခန္ဓာကိုယ်ကို ကိုင်းညွတ်စေပါတယ်၊ ဒါ့အပြင် ခြေဖဝါးပေါ် အပိုဖိအား သက်ရောက်ရာက ခါးပေါ်မှာ ဒဏ်ကျရောက်ကာ နာကျင်တတ်ပါတယ်။ အလုပ်ကို ဒေါက်မြင့်ဖိနပ်စီးပြီး သွားလာမယ်ဆိုရင် ရုံးခန်းထဲမှာ သွားလာရအဆင်ပြေတဲ့ ဖိနပ်ပါးတစ်ရံကို စီးသင့်ပါတယ်။

အစားအသောက်က ကျန်းမာရေးနှင့် မညီညွတ်သည့်အခါ
၂၀၁၄ လေ့လာမှုအရ ခါးနာတဲ့ အမျိုးသမီး ၃၁ ရာခိုင်နှုန်းနဲ့ အမျိုးသား ၂၅ ရာခိုင်နှုန်းဟာ ဗိုက်အောင့်တာ၊ အစာနဲ့ ဓာတ်မတည့်တာ စတဲ့ အစာအိမ်ဝေဒနာတွေ ခံစားနေရတယ်လို့ သိရပါတယ်။ ခါးနာတဲ့ဝေဒနာနဲ့ အာဟာရချို့တဲ့မှုအကြား ဆက်စပ်နေတာက ရောင်ရမ်းမှုကြောင့်ပါ။ အဆီနဲ့ သကြားများတဲ့ အစာတွေ စားတဲ့အခါ ကိုယ်တွင်းမှာ ရောင်ရမ်းမှုတိုးပြီး ခါးနာတတ်ပါတယ်။ အဆီ၊ သကြားနဲ့ ပြုပြင်ထားတဲ့ အစာတွေကို ရှောင်ပြီး အဆီနည်းအသား၊ ပဲသီး၊ ဆန်လုံးညိုနဲ့ ဟင်းသီးဟင်းရွက်စတာတွေကို စားသင့်ပါတယ်။

ဘောင်းဘီကျပ်လွန်းသည့်အခါ
ကျပ်လွန်းတဲ့ ဂျင်းဘောင်းဘီဝတ်တာကြောင့် ခါးနာတဲ့ ဝေဒနာ ခံစားရတတ်ပါတယ်။ အထူးသဖြင့် အောက်ရှူးဂျင်းဘောင်းဘီဝတ်တဲ့အခါ ခါးမှာဖိအား များပြီး ခါးနာတတ်ပါတယ်။

တစ်နေ့လုံး ထိုင်နေရသည့်အခါ
တစ်နေ့လုံး လှုပ်ရှားမှုမရှိတာက ခန္ဓာကိုယ်အတွက် အဆိုးဆုံး အပြုအမူပါ။ အထိုင်များတဲ့အတွက် ဖြစ်တတ်တဲ့ ကြွက်သားတောင့်တင်းမှုနဲ့ တင်းမာမှုတွေ ပြေလျော့စေဖို့ ထိုင်ချိန် တစ်နာရီကြာတိုင်း ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။

ဆေးလိပ်သောက်သည့်အခါ
အနောက်မြောက်တက္ကသိုလ်လေ့လာမှုအရ ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် နာတာရှည် ခါးနာဝေဒနာရနိုင်ခြေ သုံးဆပိုများတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် နီကိုတင်းဓာတ် ယုတ်လျော့သွားတဲ့အတွက် ခါးနာဝေဒနာ သက်သာသွားတတ်ပါတယ်။ ဆေး လိပ်သောက်တာကြောင့် ခါးအောက်ပိုင်းရှိ တစ်သျှူးတွေ ထိခိုက်ပြီး သွေးလှည့်ပတ်မှုနည်းကာ ခါးကြွက် သားတွေဆီ အာဟာရရောက်ရှိမှု လျော့ကျသွားပါတော့တယ်။

ရေဓာတ်ခမ်းခြောက်သည့်အခါ
ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့အခါ ကျောရိုးကြားရှိ Discs ပြားတွေ ပိုပြားလာပြီးနာကျင် လာတတ်ပါတယ်။ ဆီးအရောင်က ကြည်လင်နေမှ၊ အဝါဖျော့ဖြစ်နေမှ သင့်ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝပြီး ကျန်းမာနေမှာပါ။

ဆီးလမ်းကြောင်း ပိုးဝင်သည့်အခါ
ခါးအောက်ပိုင်း နာကျင်တဲ့ ဝေဒနာခံစားရတာက ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ခါးနာတာနဲ့တွဲပြီး ဆီးသွားစဉ် နာကျင်တာ၊ ဆီးသွားချင်စိတ်ပြင်းထန်တာတို့ ဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
( Ref;RD )

Most Popular

Healthy Life Ad
To Top