Healthy Life Ad
Q & A

ခါးနာနေရင် ရောဂါရှာဖွေပါ

———၊ ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊———–

Q. ခါးနာခြင်းအကြောင်း သိပါရစေဆရာ။

A. ခါးနာတယ်ဆိုတာက ရောဂါမဟုတ်ပါဘူး။ ရောဂါတွေရဲ့လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ အများအားဖြင့်တော့ ခါးနာတာက ထိုင်တာ၊ အိပ်တာ၊ သွားလာတာ စတဲ့ အနေအထိုင်မှားလို့ ဖြစ်တာပါ။ အရွယ်ရောက်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက ဘဝမှာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ခါးနာဖူးကြပါတယ်။ ဒါကြောင့် ခါးနာတာက အဖြစ်များတဲ့ ပြဿနာလို့ ဆိုကြပါတယ်။ ခါးနာတာကြောင့် အလုပ်အကိုင်တောင် ပျက်ရတဲ့လူနာတွေ အများကြီးတွေ့ဖူးပါတယ်။ ခါးနာတာကြောင့် မသန်စွမ်းတာမျိုးတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ခါးနာတာကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး။

Q. ခါးနာတာနဲ့ ဘယ်လိုရောဂါတွေက ဆက်စပ်မှုရှိပါသလဲ ဆရာ။

A. ခါးနာတာရဲ့ နောက်ကွယ်မှာ ရှိနေတတ်တဲ့ ရောဂါနဲ့ အကြောင်းရင်းတွေက အများကြီးပါပဲ။ အဲဒီအထဲက တချို့အကြောင်းရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) မွေးရာပါ ခါးရိုးအနေအထားမမှန်တာ၊ မကောင်းတာ၊

(၂) ထိမိခိုက်မိလို့ ခါးတစ်ဝိုက်က ကြွက်သား၊ အရွတ်၊ အရိုးအဆစ်တွေနာတာ၊

(၃) ခါးအရိုးအဆစ်မှာဖြစ်တဲ့ ယိုယွင်းပျက်စီးမှုတွေ (Degenerative Diseases)၊

(၄) Metabolic Disesaes – အရိုးပါးရောဂါ (Osteoporosis)၊ အရိုးပျော့ရောဂါ (Osteomalacia)၊

(၆) အဆစ်တွေလှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ ခါးတောင့်သွားတာ (Ankylosing Spondylitis)

(၇) ကင်ဆာရောဂါအမျိုးမျိုး – ခါးအရိုးမှာ သီးသန့်ဖြစ်တဲ့ ကင်ဆာ (Primary Tumour)နဲ့ တခြားနေရာတွေမှာဖြစ်ပြီး ခါးကိုပျံ့နှံ့လာတဲ့ကင်ဆာ (Secondary Tumour) ဆိုပြီး နှစ်မျိုးရှိပါတယ်။

ခါးနာတာက ဒီလိုရောဂါတွေနဲ့ ဆက်စပ်နေတတ်တာကြောင့် လူနာတွေအနေနဲ့ ခါးနာတာကြာလာရင် လုံးဝမပေါ့ဆသင့်ပါဘူး။

Q. ခါးနာတာက တခြားဘယ်လိုအကြောင်းတွေနဲ့ကော ဆက်စပ်မှုရှိတတ်ပါသလဲ ဆရာ။

A. ခါးနာတာက တခြားရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ- အမျိုးသမီးတွေမှာ ခါးနာရင် အမျိုးသမီးရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ပြီးတော့ ကျောက်ကပ်ရောဂါ၊ အစာအိမ်ရောဂါ၊ ပန်ကရိယအကျိတ် စတာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ တချို့လူနာတွေမှာဆိုရင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေနဲ့တောင် ဆက်စပ်နေတတ်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ အထူးအလေးထားရမှာက ခါးနာပြီဆိုရင် ဘာကြောင့်ခါးနာရတာလဲဆိုတာကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရောဂါကို စမ်းသပ်စစ်ဆေးပြီး ရှာဖွေဖို့လိုပါတယ်။

ခါးရိုးထဲမှာ အရိုးတွေပဲရှိတာ မဟုတ်ပါဘူး။ အာရုံကြောတွေလည်း ရှိပါတယ်။ ဒါကြောင့် အာရုံကြောတွေမှာဖြစ်တဲ့ အလုံးအကျိတ်(Tumors)တွေကြောင့် ခါးနာတတ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အထူးသိစေချင်တာက ခါး(Lumber Spine)မှာရှိတဲ့ အာရုံကြောတွေက ခြေထောက်ကိုပေးတယ်။ ဒီလိုအာရုံကြောတွေကို ပေးတာကြောင့် ခါးမှာဖြစ်တဲ့ ရောဂါတစ်ခုခုက အဲဒီအာရုံကြောတွေကို သွားထိတယ်ဆိုရင် အာရုံကြောထိတဲ့ လက္ခဏာတွေဖြစ်တဲ့ ထုံတာ၊ ကျဉ်တာ၊ နာတာ၊ ကိုက်တာတွေ ပြတတ်ပါတယ်။ ဒီလက္ခဏာတွေက ခါးအာရုံကြောနဲ့ ဆက်နေတဲ့ တင်ပဆုံ၊ ပေါင်၊ ခြေသလုံး၊ ခြေဖျား စတာတွေမှာ ပြတတ်တယ်ဆိုတာကို သိစေချင်ပါတယ်။ အဲဒီလို လက္ခဏာတွေတင်မက ခြေထောက်တွေအားနည်းတာ၊ ခြေထောက်တွဲလောင်းကျတာ (Foot Drop)၊ ကြွက်သားတွေ သိမ်တာတွေပါ ဖြစ်တတ်တယ်ဆိုတာ လူနာတွေကို သိစေချင်ပါတယ်။

Q. ခါးနာသက်သာအောင် တချို့က ဆေးပူတွေလိမ်းတတ်ကြပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြပေးပါဦးဆရာ။

A. လူနာအများစုက ခါးနာတာသက်သာအောင် ဆေးပူတွေလိမ်းကြတယ်။ အရေပြားနဲ့ ကြွက်သားတွေမှာ အပူဓာတ်ရပြီး ဝေဒနာသက်သာသွားတဲ့ သဘောတော့ရှိပါတယ်။ ဒါပေမဲ့ အရိုးထဲက အာရုံကြောတွေအပေါ် တိကျတဲ့အာနိသင်ကို မပေးနိုင်ပါဘူး။ တစ်ခါတလေမှာ အပူလိမ်းတာများလို့ အရေပြားလောင်သွားတဲ့အခါ နောက်ရောဂါတစ်ခု တိုးလာတတ်ပါတယ်။ ဒါကိုတော့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ခါးနာတာက ရောဂါမဟုတ်ပါဘူး။ လက္ခဏာ (Symptom) တစ်ခုပဲဖြစ်ပါတယ်။ အပူတွေလိမ်းတာ၊ Menthol ပါတဲ့ ဆေးတွေလိမ်းတာ၊ UV Lamp နဲ့ အပူပေးကုသတာ၊ Diatheramy ဆိုတဲ့ အပူပေးကုသမှုလုပ်တာ စတာတွေအားလုံးက ဝေဒနာကိုပဲ သက်သာစေတာပါ။ ခါးနာစေတဲ့ ရောဂါအရင်းအမြစ်ကို ကုသနေတာ မဟုတ်ပါဘူး။ ဒါကြောင့် ခါးနာတာကို အပူနဲ့ကုလိုက်၊ သက်သာလိုက်၊ ပြန်ဖြစ်လာရင် အပူနဲ့ကုလိုက်..ဒီလိုကြာလာရင် တကယ်ဖြစ်နေတဲ့ရောဂါကိုရှာဖို့ နောက်ကျပြီး ရောဂါရင့်သွားနိုင်ပါတယ်။

Q. ခါးနာတာနဲ့ပတ်သက်ပြီး အများပြည်သူကို ပြောကြားလိုတာရှိရင် ထပ်မံပြောပြပေးပါ ဆရာ။

A. ခါးနာတာက အနေအထိုင်မှားလို့၊ အလေးအပင်မလိုက်လို့ ဖြစ်တာဆိုရင်တော့ အနားယူတာ၊ ဆေးလိမ်းတာနဲ့ သက်သာသွားပါလိမ့်မယ်။ ဒီလိုလုပ်ပေမယ့် သက်သာမလာဘဲ ခါးကဆက်တိုက်နာနေရင်၊ ခါးနာတာက ပိုဆိုးလာရင် ရောဂါရှာဖွေဖို့ အရေးကြီးတယ်ဆိုတာ လူနာတွေကို သိစေချင်ပါတယ်။ လူနာအများစုက ခါးနာတာသက်သာအောင် ဆေးပူတွေလိမ်းကြတယ်။ အရေပြားနဲ့ ကြွက်သားတွေမှာ အပူဓာတ်ရပြီး ဝေဒနာသက်သာသွားတဲ့သဘောတော့ ရှိပါတယ်။ ဒါပေမဲ့ အရိုးထဲက အာရုံကြောတွေအပေါ် တိကျတဲ့အာနိသင်ကို မပေးနိုင်ပါဘူး။ တစ်ခါတလေမှာ အပူလိမ်းတာများလို့ အရေပြားလောင်သွားတဲ့အခါ နောက်ရောဂါတစ်ခု တိုးလာတတ်ပါတယ်။ ဒါကိုတော့ အထူးဂရုစိုက်ဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top