Healthy Life Ad
International

အိန္ဒိယဆယ်ကျော်သက် အသက်ရင်း၍ ခါးရိုးကောက်ခြင်းကို ခွဲစိတ်မည်

၊  မိုးမင်းထွန်း  ၊

အိန္ဒိယမိန်းကလေးငယ်တစ်ယောက်ဟာ အသက်အန္တရာယ်ကို စွန့်စားပြီးသူရဲ့ ကွေးကောက်နေတဲ့ ခါးရိုးကို ခွဲစိတ်မယ်လို့ သိရပါတယ်။ အသက် ၁၇နှစ်အရွယ် ပရီတီကုမ္မာရီရိုင်ဟာ အသက် ၈နှစ်အရွယ်မှာ ခါးရိုးကောက်နေတာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

နယူးဒေလီရှိ ဆရာဝန် ၁၀ယောက်ကျော်ကျော်ကို သွားရောက်ပြသရာမှာ ကုသလို့မရနိုင်ဘူးလို့ သူ့ကိုပြောခဲ့ကြပါတယ်။ အခုတော့ သူ့ကိုကုသပေးမယ့် ခွဲစိတ်အထူးကု တစ်ယောက်ကို တွေ့ရှိခဲ့ပါပြီ။ ခွဲစိတ်မှုကြောင့် သူဟာ အသက်ဆုံးရှုံးနိုင်သလို မလှုပ်ရှားနိုင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ သူက ဒီအန္တရာယ်ကိုယူကာ ပုံမှန်ဘဝကိုရယူပြီး တိုင်းပြည်အတွက် အကျိုးရှိတဲ့ လူသားတစ်ယောက် ဖြစ်ဖို့ စိတ်ဆုံးဖြတ်ထားပါတယ်။

ကျွန်မ ခွဲစိတ်မှုနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားပါတယ်။ လုံးဝမကြောက်ပါဘူး။ ကျွန်မ သွက်ချာပါဒ ဖြစ်သွားနိုင်တာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ဘယ်ဆရာဝန်ကမှ လက်မခံခဲ့ပါဘူး။ အခုတော့ ကျွန်မကို ကယ်တင်နိုင်မယ့်ဆရာဝန်ကို တွေ့ရှိပါပြီလို့ ပရီတီက ပြောပါတယ်။

နယူးဒေလီ၊ အပိုလိုဆေးရုံက ဒေါက်တာရာဒါဂိုပယ်ကရစ်ရှနန်က ပရီတီကို ခွဲစိတ်ပေးမယ်လို့ အာမခံခဲ့ပါတယ်။  ခါးရိုးကောက်နေတဲ့ ကလေးအတော် များများကိုတွေ့ဖူးပြီး ပရီတီလို ဆိုးဆိုးရွားရွားဖြစ်တာမျိုးကို မတွေ့ဖူးဘူး၊ ငယ်ရွယ်တဲ့အရွယ်မှာ ခွဲစိတ်မှုခံယူခဲ့ရင် ပရီတီရဲ့အခြေအနေဟာ ကောင်းမွန်နေလောက်ပြီလို့ သူက ဆိုပါတယ်။

spine1

ပရီတီမှာ မွေးရာပါ ကျောရိုးနာ့ဗ်ကြောချို့ယွင်းမှု ရှိနိုင်ပြီး ကျောရိုးရဲ့မညီမျှတဲ့ ကြီးထွားမှုဟာ ဒီလို ဆိုးရွားတဲ့ ပုံပျက်မှုကို ဖြစ်စေတာလို့ ဒေါက်တာ ကရစ်ရှနန်က ယုံကြည်ပါတယ်။ ကျောရိုးတိုင်ဖြတ်ထုတ်တာလို အကြီးစားခွဲစိတ်မှုကို ပြုလုပ်ရဖို့ရှိပြီး အန္တရာယ်ရှိနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

ပရီတီဟာ ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးဘာသာရပ်ကို သင်ကြားပြီး တစ်နေ့မှာ နိုင်ငံရေးသမား တစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားသူပါ။ အရောင်းမြှင့်တင်ရေးနဲ့ ဖုန်းစင်တာတွေမှာ အချိန်ပိုင်း အလုပ်လုပ်ပြီး ပညာဆက်လက်သင်ကြားဖို့အတွက် ငွေရှာနေပါတယ်။

လူတွေက ကျွန်မကို တွေ့တဲ့အခါစိတ်မသက်မသာ ဖြစ်တာမျိုးကို မမြင်ချင်ပါဘူး။ အိန္ဒိယ ယဉ်ကျေးမှုထဲက တခြားအမျိုးသမီးတွေလို အချိန်တန်ရင် အိမ်ထောင်ပြုဖို့လည်း စိတ်မဝင်စားပါဘူး။ အလုပ်ကောင်းတစ်ခုကိုရပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်တာမျိုးဖြစ်ချင်ပါတယ်။ ဒါကြောင့် ဘယ်လိုအန္တရာယ်ရှိရှိ ဒီခွဲစိတ်မှုကိုလုပ်မှာပါလို့ သူကဆိုပါတယ်။

ပရီတီရဲ့ ခွဲစိတ်မှုကို ရှေ့လထဲမှာ ပြုလုပ်မှာဖြစ်ပြီး သူရဲ့မိခင်ကလည်း အကောင်းဆုံးရလဒ်ကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top