Healthy Life Ad
Life Style

မိန်းမကိုယ် ဘာကြောင့် ယားယံနေရတာလဲ

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

မိန်းမကိုယ် တစ်ဝိုက်မှာ ယားယံနေပါသလား။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်း တွေကိုရှာပြီး သက်သာ အောင် ကာကွယ်နိုင်မယ့် နည်းလမ်း တွေကို ရှာကြည့်ရအောင်။

(၁) မှိုစွဲနေတာ ဖြစ်နိုင်ပါတယ်
မိန်းမကိုယ် တစ်ဝိုက်မှာ မှိုစွဲနေတယ်လို့ သတိပြုမိရင် မှိုပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ် မှိုစွဲတာက အမျိုးသမီး လေးပုံ- သုံးပုံလောက် အဖြစ်များပါတယ်။ လက္ခဏာအနေနဲ့ အလွန်အမင်း ယားယံတာ၊ အနံ့မပါတဲ့ အဖြူစေးပျစ်ပျစ် ဆင်းတာတို့ ဖြစ်တတ်
ပါတယ်။ ဒီလို မိန်းမကိုယ်တစ်ဝိုက် မှိုစွဲတဲ့ လက္ခဏာတွေ ဖြစ်ရင် ကိုယ့်ဘာသာ ဆေးကုတာ ထက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီး ပါတယ်။ ကိုယ့်ဘာသာ ဆေးကုတာကြောင့် မှိုပိုးဝင်တဲ့ အခြေအနေကို ပိုဆိုးစေနိုင်လို့ပါ။

(၂) မိန်းမကိုယ် နီမြန်းတာ ဖြစ်နိုင်ပါတယ်
နိုင်လွန်သားနဲ့ လုပ်ထားတဲ့ အတွင်းခံဘောင်းဘီ ဝတ်တာ၊ အနံ့ပါတဲ့ မိန်းမကိုယ်ဆေးရည် သုံးတာ၊ အနံ့သင်းပျံ့တဲ့ ဆပ်ပြာနဲ့ မိန်းမကိုယ် သန့်စင်ဆေးရည် သုံးတာတို့ကြောင့် မိန်းမကိုယ် နီမြန်းတာ၊ ယားယံတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဖြစ်စေဖို့-

– လေဝင်လေထွက်ကောင်းတဲ့ ချည်သား အတွင်းခံ
ဘောင်းဘီ ဝတ်ရပါမယ်။

– အနံ့မွှေးလွန်းတဲ့ လစဉ်သုံး ပစ္စည်းတွေကို
ရှောင်ရပါမယ်။

– မိန်းမကိုယ် စံအဆင့်ကို ထိခိုက်စေနိုင်တဲ့ သန့်စင် ဆေးရည်ကို ရှောင်ရပါမယ်။ မိန်းမကိုယ်က သူ့အလိုလို သန့်စင်နိုင်စွမ်း ရှိပါတယ်။ သန့်ရှင်းတဲ့ ရေနဲ့ အပျော့စား ဆပ်ပြာသုံးပြီး မိန်းမကိုယ် တစ်ဝိုက်ကို သန့်စင်ပေးရပါမယ်။

(၃) ဘက်တီးရီးယား ပိုးဝင်တာ ဖြစ်နိုင်ပါတယ်
မိန်းမကိုယ်က ထွက်တဲ့အရည်က အနံ့ဆိုးထွက်နေရင် ဘက်တီးရီးယား ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးက မိန်းမကိုယ်တစ်ဝိုက် ယားယံ စေနိုင်ပါတယ်။

(၄) ထရိုင်ခိုမိုးနပ်စ် မှိုစွဲတာ ဖြစ်နိုင်ပါတယ်
ထရိုင်ခိုမိုးနပ်စ်ပိုး (Trichmonas Vaginalis) ကြောင့် လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ အမျိုးသမီး အများစုရဲ့ ပိုးဝင်ကူးစက်မှုက ထရိုင်ခိုမိုးနပ်စ် ပိုးကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီအခါ မိန်းမကိုယ် ယားယံတာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ မိန်းမကိုယ် အရည်ဆင်းတဲ့ ပုံစံပြောင်းလဲတာ စတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို လက္ခဏာ တွေ တွေ့တာနဲ့ ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ် ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသနိုင်ပါတယ်။

(၅) အမွှေးရိတ်လိုက်လို့ ဖြစ်နိုင်ပါတယ်
မိန်းမကိုယ်တစ်ဝိုက်က အမွှေးတွေကို ရိတ်လိုက်ရင်
ချောမွေ့သွားနိုင်ပေမယ့် အမွှေးပြန်ပေါက်တဲ့ အခါ ယားယံတဲ့ဝေဒနာ ရတတ်ပါတယ်။ အမေရိကန် သားဖွားမီးယပ် ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ မိန်းမကိုယ် အမွှေးအမှင်တွေကို ရိတ်လေ့ရှိတဲ့ အမျိုးသမီးတွေအနက် ၂၀ ရာခိုင်နှုန်းဟာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရ တယ်လို့ ပြောကြပါတယ်။ အမွှေးရိတ်တာကြောင့် မိန်းမကိုယ်တစ်ဝိုက်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေတယ်ဆိုရင် ဖယောင်းနဲ့ အမွှေးရိတ်တဲ့နည်းလို တခြား နည်းလမ်းကို အစားထိုး လုပ်ဆောင်သင့်ပါတယ်။

(၆) ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်
သွေးဆုံးပြီး အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲ ကြောင့် မိန်းမကိုယ် ယားယံတဲ့ဝေဒနာ ခံစားရတတ်ပါတယ်။ အီစထရိုဂျင် ဟော်မုန်းအဆင့် လျော့ကျသွားတဲ့အခါ မိန်းမကိုယ်ရှိ အချွဲမြှေးက ပါးသွား ပါတော့တယ်။ ဒီအခြေအနေကို ကုသဖို့ မိန်းမကိုယ် လိမ်းတဲ့ အီစထရိုဂျင်ခရင်မ်ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးနိုင်ပါတယ်။

(၇) လိင်အင်္ဂါ ရေယုန်ကြောင့် ဖြစ်နိုင်ပါတယ်
လိင်အင်္ဂါရေယုန်ဟာ Hepes Simplex ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပါ။ မိန်းမကိုယ်တစ်ဝိုက်မှာ နာကျင်စေတဲ့ အရည်ကြည်ဖု၊ အနာစတာတွေ ဖြစ်ရင်၊ မိန်းမကိုယ် ယားယံရင်၊ ဆီးသွားစဉ် နာကျင်ရင်၊ ဆီးသွားစဉ် အရေပြား ပူစပ်ပူလောင် ဖြစ်ရင် လိင်အင်္ဂါရေယုန်ကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

(Ref;HD)

Most Popular

Healthy Life Ad
To Top